မျှော်လင့်ချက်နဲ့ အသက်ဆက်ပါ

တခါတုန်းက အခန်းလေး တခန်းထဲမှာ ဖယောင်းတိုင်လေး လေးတိုင် ထွန်းလင်း တောက်ပ နေကြပါသတဲ့။ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ် ငြိမ်သက် နေတာကြောင့် သူတို့လေးတွေ စကားပြော နေကြတာကို အတိုင်းသား ကြားနေရတာပေါ့။

ပထမ ဖယောင်းတိုင်လေးက ပြောတယ်။ "ငါက (ငြိမ်းချမ်းမှု) ဖယောင်းတိုင်လေးပါ။ ဘာပဲဖြစ်ဖြစ် ငါ့ကို ဘယ်သူမှ ဂရုမစိုက်ကြတော့ရင် ငါ့မီးတောက်ကလေး ငြိမ်းသွားမှာ သေချာတယ်"

ဒီလိုနဲ့ ပထမ ဖယောင်းတိုင်လေးရဲ့ မီးတောက်လေးဟာ တဖြည်းဖြည်း မှိန်လာပြီး လုံးဝ ငြိမ်းသွား ပါတော့တယ်။ ဒုတိယဖယောင်းတိုင်လေး ကလည်း ပြောတယ်။

"ငါကတော့ (ယုံကြည်ချက်) ဆိုတဲ့ ဖယောင်းတိုင်လေးပါ။ ငါက မရှိမဖြစ် အရာ မဟုတ်ပါဘူး။ ငါ့အလင်းရောင် ထွန်းလင်း နေလို့လည်း ဘာမှ ထူးခြားမှု ဖြစ်လာမှာ မဟုတ်ပါဘူး" လို့ ပြောပြီး မကြာခင် လေပြေလေး တချက် အဝေ့မှာ ဒုတိယဖယောင်းတိုင် မီးစလေးလည်း ငြိမ်းသွား ပါတယ်။

တတိယ ဖယောင်းတိုင် လေးကလည်း သူ့အလှည့် ရောက်လာတော့ ဝမ်းနည်းစွာနဲ့ ပြောတယ်။ "ငါက (ချစ်ခြင်းမေတ္တာတရား) ပါ။ ငါလည်း ဆက်လက် ထွန်းလင်းနေဖို့ အင်အား မရှိတော့ဘူး။

လူတွေက ငါ့ကို ဥပေက္ခာ ပြုထားကြပြီး ငါ့ရဲ့ အရေးပါမှုကို နားမလည် ကြတော့ဘူး။ သူတို့နဲ့ အနီးဆုံး လူတွေ ကိုတောင် မေတ္တာထားဖို့ မေ့လျော့ နေကြကုန်ပြီ" လို့ ဆိုပြီး ခဏ အကြာမှာ ငြိမ်းသွား ပြန်သတဲ့။

ရုတ်တရက် အခန်းထဲကို ကလေးလေး တယောက် ဝင်လာတော့ ဖယောင်းတိုင် လေးသုံးတိုင်က မီးငြိမ်းနေတာ တွေ့လိုက်တယ်။ "ဒီဖယောင်းတိုင် လေးတွေက ဘာလို့ ဖယောင်းတိုင် ကုန်တဲ့ အထိ မလင်းဘဲ ငြိမ်းသွားတာလဲ" လို့ ဆိုပြီး ကလေးလေးက ငိုပါသတဲ့။

ဒီတော့ စတုတ္ထ ဖယောင်းတိုင်လေးက ပြောတယ်။ "ဘာမှ မပူပါနဲ့ ကလေး။ ငါ့အလင်းရောင်တွေ မငြိမ်းသေး သ၍ ဟိုငြိမ်းသွားတဲ့ ဖယောင်းတိုင် လေးတွေကို ပြန်ထွန်းညှိလို့ ရပါတယ်။ ငါကတော့ (မျှော်လင့်ချက်) ဖယောင်းတိုင်လေးပါ" လို့ ဆိုသတဲ့။

ကလေးလေးရဲ့ မျက်ဝန်းမှာ အရောင်လေးတွေ တောက်ပ လာပြီး မျှော်လင့်ချက် ဖယောင်းတိုင်လေးကို ယူကာ ငြိမ်းနေတဲ့ဖယောင်းတိုင် လေးတွေကို ပြန်ထွန်းညှိလိုက် ပါတော့သတဲ့။

ဒီလိုပါပဲ သူငယ်ချင်းရေ။ (မျှော်လင့်ချက်) ဆိုတဲ့ မီးတောက်လေးကို ငါတို့ ဘဝတွေ ထဲက ပျောက်ကွယ် မသွားစေ သင့်ဘူး။ ဒါမှသာ ငါတို့တတွေရဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်၊ ငြိမ်းချမ်းမှုနဲ့ ချစ်ခြင်းမေတ္တာတရား တွေကို ထာဝရ ထိန်းသိမ်း ထားနိုင်မှာပေါ့။

မင်းက မျှော်လင့်ချက်တွေကို ဥပေက္ခာ ပြုချင် ပြုပါလိမ့်မယ်၊ မျှော်လင့်ချက် ကတော့ မင်းကို ဘယ်တော့မှ စွန့်ပစ် မသွားပါဘူး။ မင်းရဲ့ အကြောက်တရားက ပြောတာတွေ နားမထောင် ပါနဲ့။ မင်းရဲ့ မျှော်လင့်ချက်နဲ့ အိပ်မက် တွေက ပြတဲ့လမ်း ကိုသာ ဆက်လျှောက်ပါ။

အခက်အခဲ ပြဿနာတွေကို မတွေးပါနဲ့။ ဖြစ်လာနိုင်မယ့် အလားအလာကောင်းတွေ ကိုသာ တွေးပါ။ မင်းရဲ့ ပင်ပန်းမှုတွေ ကျရှုံးမှု တွေကို မကြည့်ပါနဲ့။ ဘာကြောင့် ရှေ့ဆက်သင့်တဲ့ အကြောင်းကိုသာ စိတ်ဝင်စားပါ။ ဦးသုည

Post a Comment

0 Comments