ဟိုဘက်အိမ်က အဖွားကြီး

"ဘေးအိမ်က အဘွားကြီးက သိပ်ရှည်တာပဲ၊ ကိုယ်နဲ့ မဆိုင်တာတွေ ဝင်ဝင်ပါတယ်၊ အမြင်ကတ်တယ်"

အသက် ၇၀ အရွယ် ဘေးအိမ်က အဘွားကြီးက သူတို့အဝတ်တွေ အပြင်မှာ လှန်းထားတာ မြင်တိုင်း "ဟဲ့ ဟိုဘက်အိမ်က အငယ်မတို့၊ အကြီးကောင်တို့ နင်တို့ အဝတ်တွေ ရုတ်ကြလေ၊ တော်ကြာနေ မှောင်တော့မယ်၊ သူခိုးက ဒါလိုက်ချောင်း နေတာအေ့"

ဒါမှမဟုတ်လည်း "ဟဲ့ အဝတ်တွေ မရုတ်ကြသေးဘူးလား၊ မိုးတွေက မည်းနေပြီ" ဆိုပြီး အဝတ်တွေ အပြင်မှာ လှန်းထားတာ မြင်တိုင်း နေ့စဉ် ရက်ဆက် သတိပေးတတ်တယ်။

ဒါကို သူတို့က "အဘွားကြီး မဆီမဆိုင်တွေ ဝင်ပါနေတယ်၊ ကိုယ့်အဝတ်ကိုယ် ဘယ်လိုလှန်းလှန်း သူ့အပူ ဘယ်နှစ်ပြား ပါတာ ကျနေတာပဲ" ဆိုပြီး ကျိန်ဆဲတတ်တယ်။ ဒါပေမဲ့ အဘွားကြီး ကတော့ ဒါတွေ ဂရုမစိုက်ဘူး သူကတော့ သူ့ဝသီ အတိုင်း အဝတ်တွေ လှန်းထားပြီး တော်တော်နဲ့ မရုတ်ရင် အမြဲလိုလို သတိပေးမြဲပဲ။

ဒီလိုနဲ့ တရက်ကျတော့ အဘွားကြီးလုပ်သူ ခင်ဗျာ ကောက်ကာ ငင်ကာနဲ့ လေဖြတ် သွားပါလေရော။ အစပိုင်းတော့ ဘေးအိမ်က အဘွားကြီး လေဖြတ်သွားတဲ့ ကိစ္စက သူတို့အတွက် တော်တော် နားပူသက်သာပါတယ်။ ပျော်သလိုလိုတောင် ရှိသေး။

ကိုယ့်အဝတ်ကိုယ် ဘယ်လိုလှန်းလှန်း ပြောမယ့်သူ မရှိသလို၊ ခါတိုင်းပြောနေကျ အဘွားကြီးခင်ဗျာ မှာလည်း အိပ်ယာထက်မှာ သေမင်းနဲ့ စစ်ခင်း နေရပြီကို။

ဒီလိုနဲ့ သိပ်မကြာဘူး တရက်ကျတော့ သူတို့အဝတ်တွေ အပြင်မှာ လှန်းပြီး မရုတ်မိလိုက်တာ၊ နောက်နေ့ မနက်ကျတော့ ပျောက်ပါလေရော။

"ငါ့ရဲ့သောင်းချီတန်တဲ့ အဝတ်တော့ ပါသွားပြီ" "သမီးက ဟိုနေ့ကမှ ကြိုက်လွန်းလို့ ဝယ်ထားတာလေး" "နင်တို့က အိမ်မှာနေပြီး အဝတ်တွေ မရုတ်ဘဲ ဘာလုပ်နေကြတာလဲ"

"ဟဲ့ နင်ပြန်လာတော့ အဝတ်တွေ မရုတ်ရသေးတာ တွေ့ရင် တခါတည်း ရုတ်လာ ပါတော့လား၊ အခုမှ" "ငါထင်တာတော့ လမ်းထိပ်က ကောင်လေးတွေပဲ နေမှာ အဲ့ကောင်လေးတွေက ခြေဆော့လက်ဆော့ ရှိမယ့်ပုံ" စသဖြင့် တအိမ်လုံးကို ပွက်လော ရိုက်ပါလေရော။

ဒီလိုနဲ့ နောက်တရက် ကျတော့လည်း သူတို့အဝတ်တွေ ခင်ဗျာ အချိန်မှီ မရုတ်မိ ပြန်လို့ မိုးရေတွေ ရွှဲရွှဲစိုကုန် ပြန်ပါရော။ ဒီတော့မှ တဖြည်းဖြည်းနဲ့ သူတို့ သဘောပေါက်လာတယ်။

ဘာကိုလဲ ဆိုတော့ သူတို့ တချိန်က နားငြီးလိုက်တာ ဆိုပြီး မြည်တွန် တောက်တီးခဲ့တဲ့ ဟိုဘက်အိမ်က အဘွားကြီးရဲ့ သတိပေး စကားသံတွေကိုပေါ့။ ပိုပိုသာသာလေး ပြောရရင် အဘွားကြီးရဲ့ တန်ဖိုးတွေပေါ့။

သူတို့ဘဝအတွက် အရေးမပါတဲ့ အပြင် နားတောင်ငြီးသေးတဲ့ အဘွားကြီးရဲ့ဘာမဟုတ်တဲ့ သတိပေး စကားသံတွေဟာ နေ့စဉ်ရက်ဆက် ကြားနေရချိန် မှာတော့ အဓိပ္ပာယ်မရှိတဲ့ အပိုစကားတွေ ဖြစ်ခဲ့ပေမယ့် တတယ်တမ်း အဘွားကြီး လေဖြတ်ပြီး အိပ်ယာထဲ လဲသွားချိန်မှာတော့ အဘွားကြီးရဲ့ စကားသံတွေဟာ သူတို့အတွက်တော့ အဖိုးတန်ခဲ့ ပါပြီ။

ရှိနေစဉ်၊ ကြားနေစဉ်၊ ရနေစဉ်၊ ကြုံနေစဉ်တွေမှာ မထားဖြစ်ခဲ့တဲ့ တန်ဖိုးတွေ၊ သတိမမူမိ ခဲ့တဲ့ အရာတွေဟာ အဲ့ဒီအရာတွေ မရှိတော့တဲ့ တနေ့ကျမှ သူတို့ရဲ့တန်ဖိုးတွေ၊ ဂုဏ်သတ္တိတွေကို အဆုံးစွန်အထိ သိမြင် ခံစားနိုင်တာမျိုး မဟုတ်လား။

ဒီတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာအားလုံးကို အမှတ်တမဲ့မှ အစ တန်ဖိုးထားနိုင်ကြပါစေ။ နှလုံးသားရှိတဲ့ သက်ရှိကို ဖြစ်ဖြစ် နှလုံးသားမဲ့တဲ့ သက်မဲ့ကို ဖြစ်ဖြစ်ပေါ့။ Crd Wai Phyo Maung

Post a Comment

0 Comments