အပျော်ရွှင်ဆုံးသူ

တခါတုန်းက ကျီးကန်းတကောင် ရှိတယ်။ သူက သူ့ကိုယ်သူ "လောကမှာ ငါဟာ အပျော်ဆုံး ငှက်တကောင်ပဲ" ဆိုပြီး ဘဝကို သာယာ နေတယ်။

တနေ့ သူဟာ ဗျိုင်းတကောင်ကို တွေ့တယ်။ သူ့ တကိုယ်လုံးက ဖြူဖွေး နေတာပဲ။ ငါကတော့ မည်းနက် နေတယ်။ သူဟာ လောကမှာ အပျော်ဆုံးငှက် ဖြစ်လိမ့်မယ်" လို့တွေးမိတယ်။

ဒီလိုနဲ့ သူက ဗျိုင်းကို သွားပြောတယ်။ "ကိုဗျိုင်းရာ ခင်ဗျား အရောင်က ဖြူဖွေး နေတာပဲ လှလိုက်တာ။ ဧကန္တ ခင်ဗျားဟာ လောကမှာ အပျော်ဆုံး ငှက်ပဲ မဟုတ်လား"

ဒီတော့ ဗျိုင်းက ပြန်ပြောတယ်။ "ကျွန်တော်လည်း အစက ဒီလို တွေးမိတာ ကြက်တူရွေးကို မတွေ့ခင် အထိက ပဲဗျာ။ ကျွန်တော်က အဖြူရောင် တခုတည်း ရှိတာ။ သူမှာက အရောင် ၂ မျိုး ရှိတယ်။ သိပ်လှတယ်ဗျ"

ဒီလိုနဲ့ ကျီးကန်းလည်း ကြက်တူရွေးဆီ သွားတယ်။ "ခင်ဗျားက အရောင် ၂ မျိုးနဲ့ သိပ်လှတယ်ဗျာ။ ခင်ဗျားက ကမ္ဘာပေါ်မှာ အပျော်ဆုံးငှက် ပဲမဟုတ်လား"

ကြက်တူရွေးက "ဟား ဟား ကျွန်တော်က ဘာဟုတ်သေး လဲဗျာ။ ကျွန်တော့်မှာ အရောင်၂ မျိုးပဲ ရှိတာ။ ဒေါင်းမှာ အရောင်တွေ အများကြီး နဲ့ဗျ။ ခင်ဗျား သူ့ကို သွားမေးပါလား" လို့ ဖြေလိုက်တယ်။

ဒီလိုနဲ့ ကျီးကန်းလည်း ဒေါင်းကို လိုက်ရှာရင်း တိရစ္ဆာန်ရုံ တခုထဲမှာ လူတွေ အများကြီး ဝိုင်းကြည့်နေတဲ့ ဒေါင်းကို တွေ့လိုက် ရပါတယ်။ "အား ပါးပါး လှလိုက်တာ သူက သေချာပေါက် အပျော်ဆုံးငှက်ပဲ" လို့ တွေးလိုက်တယ်။

ဒီလိုနဲ့ တိရစ္ဆာန်ရုံ ပိတ်ချိန်အထိ စောင့်နေပြီး ညနေ လူရှင်းတော့ ဒေါင်းဆီ သွားပြောတယ်။ "ကိုဒေါင်း ခင်ဗျား ဒီလောက် လှတာ ခင်ဗျားက လောကမှာ အပျော်ဆုံးငှက် ပဲဗျာ။

လူတွေက ခင်ဗျားရဲ့ အလှကို ဒီလို တကူးတက လာကြည့် တယ်။ ကျုပ်ကို မြင်ရင်တော့ဖြင့် မောင်းလွှတ်တာ ပဲဗျို့။ တခါတလေ ခဲနဲ့တောင် ပေါက်လို့ မနည်း ရှောင်ရ တယ်ဗျာ" လို့ ပြောတယ်။

ဒီချိန်မှာ ဒေါင်းက "အင်းဗျာ ကျွန်တော်က အလှဆုံးငှက် ဆိုတာ မှန်ပါရဲ့။ ဒါပေမယ့် ကျွန်တော့်ရဲ့ အလှတရားကြောင့် ကျွန်တော်ဟာ လှောင်အိမ်ထဲ ချုပ်နှောင် ခံထားရတယ်။

ဒီမှာ မိတ်ဆွေကျီး ကျွန်တော် တိရိစ္ဆာန်ရုံ တခုလုံးကို သေချာ စူးစမ်း ပြီးပါပြီ။ လှောင်အိမ်ထဲ ထည့်ထား မခံရတာ ဆိုလို့ ကျီးကန်းပဲ ရှိတယ်ဗျ။ ကျွန်တော် တခါတလေ တွေးမိတယ်။

လောကမှာ အပျော်ဆုံး ငှက်ဟာ ကျီးကန်းပဲ ဖြစ်မယ် လို့ပေါ့။ လွတ်လွတ် လပ်လပ် ပျံသန်းနေတဲ့ ကျီးကန်းတွေ မြင်ရင် ကျွန်တော် အရမ်း အားကျတယ်ဗျာ" လို့ ပြန်ပြောလိုက် ပါတော့တယ်။

သင်ခန်းစာ။ ။ ကျွန်တော်တို့ဟာ တခါတလေ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ဘဝ အခြေအနေနဲ့ ပြဿနာတွေ အပေါ်မှာ မကျေမနပ် ဖြစ်ပြီး သူများ ဘဝတွေကို အားကျမိတတ် ကြပါတယ်။

တကယ်တော့ ဘယ်လို ဘဝမျိုး ဖြစ်ဖြစ် လူတိုင်းမှာ အခက်အခဲတွေ ရှိနေတတ် ပါတယ်။ ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး။ ကိုယ့်ဘဝကို ကိုယ် ကျေနပ်နိုင်သူသာ လောကမှာ အပျော်ဆုံး လူသား ဖြစ်ပါလိမ့်မယ်။ Crd

Post a Comment

0 Comments