လောဘကြီးတဲ့ဘုရင်

တခါတုန်းက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး ထံမှာ ခစားနေတဲ့ မှန်ကန်တဲ့ ရာဖြတ်အမတ်ကြီး တဦး ရှိတယ်။ သူဟာ ဆင်၊ မြင်း၊ ကျောက်၊ သံ၊ ပတ္တမြားနဲ့ ရတနာတွေရဲ့ တန်ဖိုးကို မှန်တဲ့ အတိုင်းသာ ဈေးဖြတ်သတဲ့။

ဒါကို လောဘကြီးတဲ့ မင်းကြီးက မနှစ်သက် ဘူးတဲ့။ ဒါကြောင့်လည်း မင်းကြီးဟာ သူ့ရဲ့ နေရာမှာ အခြား ရာဖြတ် တဦးကိုခန့်အပ် လိုက်တယ်။

အဲဒီ အချိန်ကနေ စပြီး ရာဖြတ် အမတ်သစ်ဟာ မင်းကြီးရဲ့ အလိုကျ အလွန်နည်းတဲ့ တန်ဖိုးနဲ့ ဆင်၊ မြင်းနဲ့ အခြား ပစ္စည်းဈေးနှုန်း တွေကို ဖြတ်တာကြောင့် ကုန်သည်တို့မှာ အလွန် နှစ်နာမှုတွေ ရှိနေခဲ့ ကြတယ်။

တနေ့တော့ အခြား တိုင်းပြည်က မြင်းကုန်သည် တယောက်ဟာ မြင်းငါးရာကို မင်းကြီးထံ ရောင်းဖို့ ယူလာတယ်။ မင်းကြီးကလည်း ရာဖြတ် အမတ်အသစ်ကို ဈေးနှုန်း ဖြတ်ခိုင်းတယ်။

သူဟာ မြင်းငါးရာကို ဆန်တကွမ်းစား (ဆန် နို့ဆီဗူး ၂ လုံးစာ) နဲ့ တန်ဖိုး ဖြတ်လိုက်တယ်။ အဲဒီအခါ မှာတော့ မြင်းကုန်သည်ဟာ အလွန်အမင်း စိုးရိမ်သွားပြီး မှန်ကန်တဲ့ ရာဖြတ် အမတ်ဟောင်း ဆီကို သွားပြီး တိုင်ကြားကာ အကြံဉာဏ် တောင်းတယ်။

အဲ့ဒါနဲ့ ရာဖြတ် အမတ်ဟောင်းက မြင်းကုန်သည်ကို ရာဖြတ်အမတ်သစ်ကို လာဘ်ထိုးပြီး အလိုရှိသလို မင်းကြီးရှေ့မှာ ပြောခိုင်း လိုက်တယ်။

နောက်တနေ့တော့ မြင်းကုန်သည်ဟာ ရာဖြတ် အမတ်သစ်နဲ့ မင်းကြီးထံကို သွားပြီး မြင်းငါးရာရဲ့ တန်ဖိုးဟာ ဆန်တကွမ်းစားနဲ့ တိုက်တန် ပါတယ်။

ဒါပေမယ့် ဆန်တကွမ်းစားနဲ့ ထိုက်တန်တဲ့ တန်ဖိုးကို ရာဖြတ်ကို တန်ဖိုးဖြတ်စေ လိုပါတယ် လို့ ပြောလိုက်တယ်။ ဒါကြောင့်လည်း မင်းကြီးက ရာဖြတ်အမတ်သစ်ကို ခေါ်ပြီး ဆန်တကွမ်းစားရဲ့ တန်ဖိုးကို ဖြတ်ခိုင်း လိုက်တယ်။

အဲဒီအခါ မှာတော့ လာဘ်စားထားတဲ့ ရာဖြတ်အမတ်သစ်က ဆန်တကွမ်းစားရဲ့ တန်ဖိုးဟာ မြို့တွင်း ဆယ့်နှစ် ယူဇနာနဲ့ မြို့ပြင်ယူဇနာ သုံးရာရှိတဲ့ ဗာရာဏသီပြည်ကြီး တပြည်လုံးရဲ့ တန်ဖိုးနဲ့ ညီမျှ ထိုက်တန်တယ် လို့ ဆုံးဖြတ်လိုက်တယ်။

အဲဒီလို စကားကို ကြားတဲ့ အခါ မင်းကြီးထံမှာ ခစားနေကြတဲ့ အမတ်များစွာက မင်းကြီး ခန့်အပ်ထားတဲ့ ရာဖြတ် အသစ်ဟာဉာဏ်ပညာနဲ့ ပြည့်စုံလွန်းတဲ့သူ ဖြစ်တယ်လို့ လှောင်ပြောင် ရယ်မောကြတယ်။

အဲဒါနဲ့ မင်းကြီးလည်း ရှက်လွန်းပြီး ရာဖြတ်အမတ်သစ်ကို နှင်ထုတ်ပြီး ရာဖြတ် အမတ်ဟောင်းကို ပြန်ခန့်လိုက်ရ ပါတော့တယ်။ Crd

Post a Comment

0 Comments