လောဘကြီးသော လင်မယား

တခါတုန်းက ရွာတရွာမှာ လွန်စွာဆင်းရဲတဲ့ လင်မယား နှစ်ယောက် ရှိလေတယ်။ ထိုလင်မယား ဆင်းရဲနေသည်ကို ယခင်ဘဝက တော်စပ် ဖူးသော သူငယ်ချင်းဟောင်း ရုက္ခစိုးနတ်မင်း မြင်လေသော် သူငယ်ချင်း လင်မယားကို ကူညီလို၍ သိကြားမင်းကို တိုင်ပင် လေတယ်။

သိကြားမင်းက အခုလို ကူညီဖို့ကို လက်မခံကြောင်း ပြောလေတယ်။ လက်မခံရခြင်း အကြောင်းကား သူဆင်းရဲ လင်မယားမှာ အနေအထိုင် ဆင်းရဲသလို နေထိုင်မှု မှာလည်း စည်းကမ်း မရှိပဲ ကုသိုလ်ရေးနဲ့ ဘာသာရေးလည်း မလိုက်စား တာမို့ သိကြားမင်းက စည်းကမ်း မရှိတဲ့ လင်မယားကို မကူညီစေ လိုတာ ဖြစ်ပါတယ်။

သိကြားမင်း တားမြစ် နေသော်လည်း ကူညီလိုစိတ် ပြင်းပြနေတဲ့ ရုက္ခစိုးဟာ သူငယ်ချင်း သူဆင်းရဲ လင်မယားကို မိမိအစွမ်းအစနဲ့ မိမိကူညီဖို့ ဆုံးဖြတ်လိုက် ပါတယ်။

တနေ့ သူငယ်ချင်းဖြစ်သူ အိပ်ပျော် နေခိုက်မှာ ရုက္ခစိုးက ယခုလို အိပ်မက် ပေးလေတယ်။ "သူငယ်ချင်း ထတော့ ရွာအရှေ့ဘက် ညောင်ပင်အောက် မြောက်ဘက်ကို ခြေလှမ်း ၇ လှမ်း လှမ်းလိုက်ရင် ရွှေအိုးတလုံး ရှိတယ်။ သွားတူးချေတော့" ဟု ဆိုလေတယ်။

အိပ်မက်ထဲမှာ သူငယ်ချင်းကို ရုက္ခစိုး အဖြစ် မြင်လိုက်ရတဲ့ အမျိုးသားဟာ ဝမ်းသာအားရနဲ့ အိပ်မက်က နိုးသော် ဇနီးဖြစ်သူကို နှိုးပြီး "ရှင်မရေ ထ ထ ငါ့သူငယ်ချင်း တယောက် ရုက္ခစိုး ဖြစ်ပြီး ငါ့ကို ကူညီဖို့ လာတယ်။ ကံထလို့ ဟန်ကြပြီ မိန်းမရေ၊ ရွှေအိုးသွားတူးစို့ ထ ထ" လို့ ဆိုလေတယ်။

ဇနီးဖြစ်သူဟာ ရွှေ ဆိုသော အသံ ကြားတာနဲ့ မျက်လုံး ကျယ်သွားပြီး ခင်ပွန်းဖြစ်သူကို မေးမြန်းလို့ အိပ်မက် အကြောင်းကို သေချာ နားထောင် လေတယ်။ ခင်ပွန်းဖြစ်သူရဲ့ အိပ်မက် အကြောင်းကို ကြားသိရ အပြီးမှာတော့ ချက်ချင်းပင် ရွှေအိုး သွားတူးရန် ခင်ပွန်းဖြစ်သူအား ဆော်ဩလေတယ်။

ဒီလိုနဲ့ သူဆင်းရဲ လင်မယား တို့ဟာ တူရွင်း ပေါက်ပြားများ ကိုင်ကာ ရွှေအိုးရှိရာ ညောင်ပင်ဆီသို့ ချီတက်ခဲ့ ကြတယ်။ လင်မယား နှစ်ယောက် ရွာအရှေ့ဘက်ရှိ ညောင်ပင်သို့ ရောက်သော် ရုက္ခစိုး အိပ်မက် ပေးသည့်အတိုင်း ပြုလုပ်ကြလေတယ်။

မြောက်ဘက်ကို ခြေလှမ်း ၇ လှမ်း လှမ်းလို့ ခင်ပွန်းဖြစ်သူက မြေကိုတူး၊ ဇနီးဖြစ်သူက မြေတွေကို ဖယ်နှင့် တက်ညီ လက်ညီတူးလိုက်ရာ မကြာခင် အချိန်မှာပဲ ရွှေအိုးကို တွေ့ပြီး ထိုထဲမှ ရွှေပိဿာချိန် ၇ ပိဿာကို ရရှိ ခဲ့တယ်။

ရွှေတွေကို ပုဆိုးကောင်းနဲ့ ထုပ်ပြီး အိမ်ပြန်လာလို့ အိမ်ရောက်သော် ခင်ပွန်းဖြစ်သူဟာ အိမ်ရှေ့ ကွပ်ပျစ်မှာ ထိုင်လို့ ဒီလို စဉ်းစားတယ်။ "ရွှေတွေတော့ ရပြီးပြီ။ ဒီရွှေတွေကို မြို့မှာသာ တက်ရောင်းလိုက်ရင် ငွေတွေ များများ ရမယ်။

ဒါပေမယ့် ဒီငွေတွေနဲ့ ငါ့မိန်းမနဲ့ မတန်ဘူး ထင်တယ်။ အတဲ့ အိမ်က မိန်းမကို ထားပြီး ငွေရှိရင် သွက်သွက် လက်လက် မိန်းမယူပြီး အလုပ် ကြိုးစားရမယ်" လို့ တွေးလေတယ်။ ထိုအချိန်မှာလည်း ဇနီးဖြစ်သူက ဒီလို တွေးနေသတဲ့။ "ဒီယောကျ်ားနဲ့ ငါ ဆက်ပေါင်း လို့တော့ မဖြစ်ဘူး။

ငါ့ကိုလည်း နှိပ်စက်တဲ့ ဒီယောကျ်ားကို ထားလို့ ငွေတွေ ယူပြီး အခြေအနေပေးရင် သွက်လက် ထက်မြက်တဲ့ အမျိုးသားနဲ့ အကြောင်းပါ နိုင်သေးတယ်" လို့တွေးနေသတဲ့။ လင်မယားနှစ်ယောက်စလုံးရဲ့ စိတ်ထဲမှာတော့ အကောက်ကြံ ဖောက်ပြန်ဖို့ကိုသာ တွေးနေကြလေတယ်။

နောက်တနေ့ မနက်မှာ ယောကျ်ားဖြစ်သူက မိန်းမဖြစ်သူကို ရှင်းပစ်ဖို့ မနေ့ကလိုပဲ အိပ်မက် ထပ်မက်ကြောင်း ရွှေသွားတူးရန် လှည့်ဖြားပြီး ခေါ်လေတယ်။ မိန်းမဖြစ်သူ ကလည်း ယောကျ်ားဖြစ်သူကို အပျောက် ရှင်းမယ့် အကြံနဲ့ စားစရာတွေကို အဆိပ်ထည့်လို့ ညောင်ပင်ရှိရာ လာခဲ့လေတယ်။

မနေ့က တွင်းထက် ပိုနက်အောင် တူးလိုက်တဲ့ ခင်ပွန်းဖြစ်သူဟာ ထိုတွင်းကြီးထဲမှာ ဇနီးဖြစ်သူကို တူရွင်းနဲ့ ရိုက်သတ်ပြီး မြှုပ်ပစ်ဖို့ ကြံလေတယ်။ ထိုအကြံတိုင်း ပြုလုပ်လိုက်ပြီး ဇနီးဖြစ်သူကို မြေဖို့ပြီး အိမ်က ရွှေတွေကို ပြန်ယူဖို့ အသွား ဇနီးသည် ပြင်ပေးထားသော အစားအစာများကို အရင် စားလိုက်ရာ ခတ်ထားသော အဆိပ်ကြောင့် ညောင်ပင်အောက်မှာပဲ အစာ အဆိပ်တက်ပြီး ဆုံးပါးရလေတယ်။

ဒီလိုနဲ့ လောဘရမ္မက် ကြီးကြတဲ့ လင်မယား နှစ်ယောက်ဟာ ညောင်ပင်အောက်မှာပဲ ခြေလှမ်း ၇ လှမ်းအကွာနဲ့ အသက် ဆုံးပါးသွား ကြလေတယ်။ ဒီပုံပြင်လေး ကတော့ လောဘရမ္မက် ကြီးခြင်းက မိမိကိုရော တပါးသူကိုပါ အကျိုးယုတ် စေပြီး အဆုံးသတ်မှာ မည်သူမျှ ကောင်းကျိုး မဖြစ်ထွန်းစေ နိုင်ကြောင်း အသိပညာ ပေးထားတာ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments