အရှိန်ယူပြီး ရှေ့ဆက်ပါ

တခါတုန်း ကုန်သည်ရွာကြီး တရွာမှာပေါ့။ ကုန်သည်ကြီး တယောက်ဟာ အသက်အရွယ်လေး ရလာတဲ့အခါမှာ သူကိုယ်တိုင် ဦးစီးဦးရွက် ပြုပြီး ကုန်မရောင်းတော့ ဘူးတဲ့။ ကုန်လှယ်တဲ့ နေရာမှာ ကြုံတွေ့ရတတ်တဲ့ သဘော၊ သဘောဝ၊ ရေမြေဒေသ အကြောင်းကို ပြောပြီး သားဖြစ်သူကိုသာ ကုန်ရောင်းကုန်ဝယ် လွှတ်သတဲ့။

သားဖြစ်သူဟာ အသက် ၂၀ အရွယ်မှာပဲ ရှိသေးပေမယ့် ထက်မြက်တဲ့သူ တယောက်တဲ့။ ယောက်ျားကောင်း ပီသတဲ့ အပြင် လိမ္မာပါးနပ်မှု ရှိတဲ့ သားကြောင့် ကုန်ရောင်း ကုန်ဝယ်ဟာ အမြဲတမ်း အဆင်ပြေသတဲ့။ ငယ်ရွယ်တဲ့ သားဖြစ်သူဟာ အဲဒီလို အောင်မြင်မှုတွေ အပေါ်မှာ ကျေနပ် ပျော်ရွှင်နေတယ်။ သူဘာလုပ်လုပ် အောင်မြင်မယ် လို့ တွေးထားတာပေါ့။

တနေ့ကျတော့ သားဟာ သူ့ပစ္စည်းတွေကို တခြားရွာတွေကို သင်္ဘောနဲ့ လှည့်လည် ရောင်းချရင်း လမ်းမှာ လေမုန်တိုင်းနဲ့ တိုးသတဲ့။ သူ့ရောင်းဖို့ ပါသွားတဲ့ ပစ္စည်းတွေဟာ ဆုံးရှုံးသွားသလို တခြား မြို့ရွာကနေ ပြန်သယ်လာတဲ့ အထည်အလိပ်တွေကလည်း ပျက်စီး ဆုံးရှုံး သွားတယ်တဲ့။

သူ့ဘဝမှာ ပထမဆုံး အကြိမ်ကြုံရတဲ့ ဆုံးရှုံးမှု ဖြစ်တာကြောင့် သားငယ်ဟာ ဘယ်လိုမှကို ဖြေမဆည် နိုင်ဘူးတဲ့။ အိမ်ကို ပြန်ရောက်တော့လည်း အဲဒီအကြောင်းတွေကို တွေးပြီး တမှိုင်မှိုင် တတွေတွေ လုပ်နေတာပေါ့။

နောက်ထပ် ကုန်ရောင်းထွက်ဖို့ ကိုလည်း ကြောက်ရွှံ့ ထိတ်လန့် နေတာပေါ့။ ခေါင်းဆောင်က အဲဒီလို ဖြစ်နေတော့ လှေထိုးသား တွေလည်း ငြိမ်နေရတာပေါ့။ ဒါပေမယ့် သူတို့ကလည်း ကုန်သည် လှေမထွက်ရင် ပိုက်ဆံ မရတော့ မိသားစု စားဝတ်နေရေး အတွက် အခက်အခဲတွေ ရှိလာတယ်။ ဒီတော့ သူတို့ဟာ ကုန်သည်ဦးကြီးကို အဲဒီအကြောင်း ပြောပြပြီး သူတို့ ကုန်ထပ်ကူးဖို့ ကုန်သည်လေးကို ပြောပေးပါ ဆိုသတဲ့။

ဒီအချိန်ဟာ ပွဲလမ်း သဘင်တွေ လုပ်ကြတဲ့ အချိန် ဆိုတော့ တကယ့်ကို ကုန်ရောင်းလို့ ကောင်းမယ့် အချိန်ပဲလေ။ ဒါကို သိတော့ ကုန်သည်ဦးကြီးက စိတ်မပူဖို့ ပြောပြီး သူ့သားကို သူ့ဆီကို အလာခိုင်းသတဲ့။

သူ့သားလည်း ရောက်လာရော သားကိုခေါ်ပြီးတော့ ကုန်သည်ကြီးဟာ အိမ်ရှေ့က ပန်းခြံထဲကို သွားသတဲ့။ အရိပ်ကောင်းတဲ့ သစ်ပင်တပင် အောက်မှာ သူက ထိုင်နေပြီး သားဖြစ်သူကိုတော့ ဖန်ခွက် အလွတ်လေးတခုနဲ့ ပိတုန်းကောင်လေး တကောင်ကို ရှာခိုင်းသတဲ့။

သားလုပ်တဲ့သူ ပြန်ရောက်လာတော့ ဖန်ခွက်ထဲကို ခုနက ပိုးကောင်လေးကို ထည့်ပြီး စောင့်ကြည့်ခိုင်း ထားသတဲ့။ အဲဒီ ပိတုန်းလေးဟာ ဖန်ခွက်ရဲ့ အောက်ခြေမှာပဲ တဝီဝီနဲ့ ဟိုဟိုဒီဒီ လှည့်ပတ်နေတယ်တဲ့။ ဖန်ခွက်လေး အပေါ်မှာ သူထွက်ဖို့ အပေါက် ရှိနေပေမယ့် သူဟာ အပေါ်ကို ပျံဖို့ မကြိုးစားဘူး။

အောက်ခြေက အပိတ်နေရာမှာပဲ အားကြိုးမာန်တက်နဲ့ လှည့်ပတ်သွားလာနေသတဲ့။ ဒါကို မြင်တော့ အဖေလုပ်သူက "ငါ့သား ဒီအကောင်လေးဟာ ပျံသန်းနိုင်တဲ့ အကောင် ဟုတ်တယ် မလား။ အခု ဘာလို့ မပျံသလဲ" "သူအပေါ်ကို မော့မကြည့်လို့ပေါ့ အဖေ"

"အေး ဟုတ်တယ်သား။ သူဟာ ထွက်ပေါက် ရှိရာကို မမော့ကြည့်ဘူး။ သူရောက်နေတဲ့ နေရာနားလေးမှာပဲ ထွက်ပေါက် ရှာနေတာ။ အဲဒီအချိန် အပေါ်ကိုသာ သူကြည့်မယ် ဆိုရင် သူ ဒီဖန်ခွက်ရဲ့ အပြင်ကို ထွက်သွားနိုင်မှာပါ။ ငါ့သား သိမ်းငှက်ကို မြင်ဖူးလား"

"ဟုတ်ကဲ့အဖေ။ မြင်ဖူးပါတယ်" "ဟုတ်ပြီ သား။ သူတို့ သဘာဝကို သိလား" "ပျံသန်းနိုင်တယ်။ ရဲရင့်တယ်။ သူ သုတ်မယ့် သားကောင်ကို ဘယ် တော့မှ လက်လွတ် မခံဘူး၊ ဟုတ်တယ်မလား အဖေ" လို့ သားဖြစ်သူက ချက်ခြင်း ပြန်ဖြေသတဲ့။

"အဲဒီသိမ်းငှက်ကို ထိပ်အဝ ဖွင့်ထားတဲ့ ခပ်နိမ့်နိမ့် ခြံထဲမှာ ထည့်ထားရင် ဘာဖြစ်မယ် ထင်လဲသား" လို့ သူ့သားကို ပြန်မေးတော့ သားက "ပြန်ထွက်သွားမှာပေါ့ အဖေရဲ့" လို့ ပြန်ပြောသတဲ့။ ဒီအခါမှာ အဖေက ခေါင်းခါပြပြီး

"မဟုတ်ဘူးသား။ သူဟာ အဲဒီခြံထဲမှာ အကျဉ်းသားလိုပဲ တသက်လုံး နေသွားတယ်" လို့ ပြန်ပြောသတဲ့။ ဒါကို သားလုပ်တဲ့သူက ကြားတော့ အံ့သြသင့်သွားတာပေါ့။ ဘယ်နှယ့်။ အမြင့်ပျံတဲ့ ငှက်က မပိတ်ထားတဲ့ ခြံထဲမှာ ဘယ်လိုလုပ်ပြီး နေနိုင်မလဲ။ မဖြစ်နိုင်တာလေ။

သားဖြစ်သူရဲ့ မယုံကြည်ဟန်ကို သတိထားမိတဲ့ အဖေက "အဲဒါ ဘာဖြစ်လို့လဲ ဆိုတော့ သိမ်းငှက်တွေက ပျံသန်းခါနီးရင် အရှိန် ယူတတ်တယ် သား။ သူတို့ဟာ မြေပြင်မှာ ၁၀ ပေ၊ ၁၂ ပေလောက် ပြေးပြီးတော့မှ အမြင့်ကို တရှိန်ထိုး ထိုးတတ် သွားတာလေ။ အခုလိုမျိုး သူတို့ ပြေးဖို့ နေရာ ကျယ်ကျယ်လည်း မရှိတော့ရော သူတို့စိတ်ထဲ "သွားပြီ" ဆိုတဲ့ အတွေးနဲ့ ခြံထဲမှာပဲ နေသွားရော။ သား အဖေပြောတာတွေကို သဘောပေါက်ရဲ့လား"

အခုနက စိတ်ဓါတ် အကြီးအကျယ် ကျပြီး လောကကြီးကို စိတ်ကုန်နေတဲ့ သားဖြစ်သူရဲ့ မျက်နှာဟာ ပြန်ပြီးတော့ ရွှင်လန်းလာတယ်။ မျှော်လင့်ချက်တွေ ပြန်စီးဆင်း လာတော့ သူ့မျက်နှာလေးဟာ ပိုပြီးတော့တောင် နီရဲလာတယ်လို့ ထင်လိုက်ရ တယ်တဲ့။ ဒါကိုမြင်တော့ အဖေလုပ်သူလည်း ပျော်သွားတာပေါ့။

"နောက်ထပ် သားသိအောင်တော့ အကောင်လေး တကောင်ကို ပြောပြဦးမယ်။ သားကြားဖူးလား။ လင်းနို့လေ" "ဟုတ်ကဲ့။ ညဘက်တွေမှာ ထွက်တဲ့ အကောင်လား အဖေ"

"အင်း ဟုတ်တယ်သား။ သူဟာ ညဘက်တွေမှာ ဆိုရင် လေထဲမှာ ပေါ့ပါး သွက်လက်စွာနဲ့ ပျံသန်းနိုင်တယ်။ ဘယ်အပေါက်က ဝင်ရမယ်၊ ဘယ်လိုနေရာမှာ နားရမယ် ဆိုတာကို သူတို့ သိကြတယ်။ ဒါပေမယ့် သားရေ အဲဒီ လင်းနို့လေးကို ကြမ်းပြင်ပေါ်မှာ၊ မြေကြီးပေါ်မှာသာ ချထားကြည့်။ ဘာလုပ်တယ် ထင်လဲ"

ဆိုပြီး သားဖြစ်သူကို ပြန်ပြီး မေးခွန်းထုတ်တာပေါ့။ သားလုပ်တဲ့ သူကလည်း ရှေ့တုန်းက ငှက်ဥပမာ တွေကို သိထားတော့ "ပျံမှာပေါ့ အဖေရဲ့" လို့ ချက်ခြင်း ပြန်မပြောတော့ဘူး။ စဉ်းစားရတောပါ့။

အဖေဖြစ်သူက "သူတို့တွေက မြေကြီးမှာ ယိုင်ယိုင်လဲလဲနဲ့ လမ်းလျှောက်နေတယ် သားရဲ့။ မျှော်လင့်ချက် မဲ့တဲ့ ပုံစံမျိုးနဲ့ လျှပ်တိုက် လျှောက်တော့တာပဲ သားရေ။ နာကျင်ပေမယ့်လည်း သူတို့ဟာ ပျံဖို့ကို လုံးဝ မကြိုးစားတော့ဘူး။ တကယ်တော့ သားရေ သူတို့ဟာ ပျံသန်းဖို့ အမြင့်ကို လိုတယ်။

နည်းနည်းလေး မြင့်တဲ့ နေရာကို ရောက်ပြီ ဆိုရင်တော့ သူတို့ဟာ အားမာန်အပြည့် ဖြစ်သွားရောတဲ့။ အဲဒီ အမြင့်နေရာ ကနေ သူတို့ဟာ ကိုယ့်ကိုယ်ကို ပစ်ထုတ်လိုက် သလိုမျိုး အရှိန်ယူပြီးတော့ အပေါ်ကို ပျံတက်သွားတာ အလံလေးတွေ လေမှာ လွင့်နေသလိုပဲ သားရဲ့"

သားဖြစ်သူဟာ ငြိမ်ပြီးတော့ စဉ်းစားနေတယ်။ ဒီအခါမှာ အဖေက "ငါ့သား ပိတုန်းကောင်ကို ဖန်ခွက်ထဲမှာ ထည့်ထားရင် သူဟာ သေတဲ့ အထိ အဲဒီအထဲမှာပဲ အမျိုးမျိုး အသံပြုရင်းနဲ့ နေသွားလိမ့်မယ်။ အပေါ်မှာရှိတဲ့ ထွက်ပေါက်ကို ဘယ်တော့မှ မော့မကြည့်ဘူး။

သူ့အတွက် အကျိုးမပြုတဲ့ အရပ်မှာပဲ ဆက်နေ နေတဲ့အတွက် သူ့ကိုယ်ရဲ့ ပျက်စီးရာကို သူကိုယ်တိုင်ပဲ ဖန်တီးရာ ရောက်သွားတယ်။ အားကြီးပါတယ် ဆိုတဲ့ သိမ်းငှက်ဟာလည်း ခြံထဲကို ထည့်ထားလိုက်ရင် ဘယ်တော့မှ ပျံဖို့ မကြိုးစားတောဘူး။

အဲဒီလိုပဲ အမှောင်မှာတောင် ကျွမ်းကျင်တယ် ဆိုတဲ့ လင်းနို့ဟာ မြေပြင်ကို ရောက်သွားရင် သူ့စိတ်ကို သူလျော့ချ လိုက်တော့ အပျံမတတ်ဖြစ်သွားတတ်တယ်။ ငါ့သား အဖေတို့ ပတ်ဝန်းကျင်မှာ သိမ်းငှက်လိုလူတွေ၊ ပိတုန်းလိုလူတွေ၊ လင်းနို့လို လူတွေ ရှိတယ်။ သူတို့တွေဟာ တော်ကြတယ်။ ထက်မြက် ကြတယ်။ လုပ်ရည်ကိုင်ရည် ရှိကြတယ်။

အဲ ဒါပေမယ့် အကြောင်း တခုခုကြောင့် အကျဉ်းအကျပ်ထဲကို ရောက်သွားရင် တော့ သူတို့ကိုယ် သူတို့ အားလျော့ပစ် လိုက်ကြတယ်။ သူတို့ ပတ်ဝန်းကျင်မှာ သူတို့ လွတ်မြောက်ဖို့ နည်းလမ်းကောင်းတွေ ရှိတယ် ဆိုတာကို မေ့လျော့ သွားကြတယ်။

ငါ့သား အခုလုပ်နေတဲ့ အလုပ်ဟာ သဘာဝ အန္တရာယ်ကြောင့် အချိန်မရွေး ဆုံးရှုံးမှု ဖြစ်နိုင်တာကို ငါ့သား လက်ခံထား ရမယ်။ တကယ်တော့ ငါ့သားရယ် အခုအချိန်မှာ ငါ့သားအတွက် ကျဆုံးတဲ့အချိန် ဖြစ်ပေမယ့် အားတင်းပြီး ဆက်လျှောက်လိုက်ပါ။ မကြာခင်မှာ ငါ့သား အရှိန်ယူလို့ ရမယ့်၊ ပြန်လည် ထူထောင်နိုင်မယ့် အချိန်ကို ရောက်လာမှာပါ" လို့ ပြောလိုက်သတဲ့။

အဖေလုပ်သူက သာဓကတွေ နဲ့ ဆုံးမလိုက်တော့ သားဖြစ်သူဟာ သူအရင်က ပျော့ညံ့နေတဲ့စိတ်ကို ဘယ်လို ပြောင်းလဲရမလဲ ဆိုတာကို သိသွားတာပေါ့။ ဒီလိုနဲ့ နောက်တပတ်လောက် အကြာမှာပဲ လုပ်သားအင်အား ဖြည့်စွက်ပြီးတော့ ရွှင်လန်း တက်ကြွစွာနဲ့ ကုန်ရောင်း ပြန်ထွက်သွား သတဲ့။

စိတ်အားငယ်တဲ့ အခါမျိုးဆိုရင် ကိုယ့်ကိုယ်ကို ဒီလိုလေး ပြန်မေးမိတယ်။ ငါဟာ လင်းနို့လား၊ သိမ်းငှက်လား၊ ပိတုန်းလား။ Crd နှင်းနုလွင်

Post a Comment

0 Comments