အဘိုးအို၏ သေတ္တာလေး

တခါတုန်းက ရွေတွင်း တတွင်းမှာ အလုပ် လုပ်ခဲတဲ့ ဦးလေးကြီး တယောက် ရှိခဲ့တယ်။ သူဟာ လူလတ်ပိုင်း အရွယ် ကတည်း ကနေ အလုပ် လုပ်ခဲ့တယ်။ သူဟာ အဲဒီ ရွေတွင်းမှာ အလုပ်သမား ခေါင်းဆောင်ကြီး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီဦးလေးကြီးဟာ ပိုက်ဆံ တခါမှ မစုဆောင်း ထားဖူးဘူး။ ရလာသမျှ ကုန်အောင် သုံးလေ့ ရှိတယ်။

သူဟာ သဘောမနောလည်း ကောင်းလွန်းတဲ့အတွက် သူ့အလုပ်သမားတွေကို အမြဲတမ်း ပေးကမ်း ကျွေးမွေးလေ့ ရှိပြီး ဘယ်သူ ပိုက်ဆံ လာချေးချေး ရှိရင် ပေးလိုက်တာချည်းပဲ။ ဦးလေးကြီးမှာ အပေါင်းအသင်းတွေ ကလည်း အများကြီးပဲ။

ဒီလိုနဲ့ အသက်ကြီး လာတော့ ဇနီးမယား ကလည်း သေဆုံးသွားပြီး သူလည်း အသက်ကြီးလို့ အလုပ်ကနေ ပင်စင်ရ အနားယူ ရတယ်။ ဒါပေမဲ့ သူ့မှာ စုဆောင်းထားတာ ဘာမှမရှိဘူး။

သူအလုပ် လုပ်လာတဲ့ သက်တမ်း တလျှောက် သူ့မှာ သားသမီး ၅ ယောက်တောင် ရှိခဲ့တယ်။ အားလုံးကလည်း အတောင်စုံ အရွယ်ရောက် ပညာတွေ တတ်ကြလို့ အိမ်ထောင်ကိုယ်စီ ကျပြီးအသီးသီး ခွဲခွာနေကုန် ကြပြီ။

တနေ့မှာ ဦးလေးကြီးကနေ အဖိုးကြီး ဖြစ်လာတဲ့ အဖိုးအိုက သမီး အငယ်ဆုံး အိမ်မှာ သွားနေတယ်။ အဲဒီတော့ သမက်ကပြောတယ်။

"အဖေကလည်း ဘာလို့ တခြားအိမ် သွားမနေတာလဲ။ ကျွန်တော်တို့ နှစ်ယောက်တည်း နေချင်တာ မလွတ်လပ်ဘူး" တဲ့။ နောက်ရက်မှာတော့ အဖိုးအိုလည်း သားအိမ်မှာ သွားနေတယ်။ ချွေးမက ဆောင့်ကြီးအောင့်ကြီးနဲ့ ပူညံပူညံ လုပ်တယ်။

တခြားသားတွေ အိမ်သွားနေ ပြန်တော့လည်း အတူတူပဲ။ မြေးတွေက အစ ပြောတာ "အဖိုးကို အမြင်ကတ် လိုက်တာ သားတို့ စားစရာ တွေ အကုန် ယူစားပစ်တယ်။ သားသားတို့ ဘာသွားစားတော့မှာလဲ" တဲ့။ ဒီလိုနဲ့ အဖိုးအိုကို သမက်တွေ ချွေးမတွေ မြေးတွေက ဘောလီဘောလို တလှည်စီ ပုတ်ထုတ်နေ ကြရော။

အဲဒီလိုနဲ့ တနေ့ကျတော့ အဖိုးအိုက သားသမီးတွေ အကုန်ကို လှမ်းခေါ်လိုက်ပြီး လူစုံတော့ ပြောတယ်။ "သားတို့ သမီးတို့ အဖေ ၂ နှစ်လောက် သားတို့ဆီ မနေတော့ဘူး။ အဖေ့ သူငယ်ချင်း ရွေတွင်း ပိုင်ရှင်က စာရေးလာတယ်။

အဖေ့ကို ရွေတွင်းမှာ ပြန်လာကူညီ ကြီးကြပ်ပေးဖို့ အကူအညီ လှမ်းတောင်းနေတယ်။ အဲ့ဒါကြောင့် အဖေ သွားကူရအုန်းမယ်" ဆိုတော့ သားတွေ သမီးတွေ လည်း အဖိုးကြီးနဲ့ လွတ်လွတ်ကျွတ်ကျွတ် နေရအောင် သွားဖို့ ဝိုင်းဝန်း အားပေးကြပါလေရော။

၂ နှစ်လည်း ပြည့်ရော အဖိုးအိုဟာ သံသေတ္တာလေး တလုံးနဲ့ ပြန်ရောက်လာတယ်။ သားသမီးတွေက ထူးခြားတဲ့ သံသေတ္တာလေးကို မြင်ကြတော့ အံသြစွာနဲ့ ဝိုင်းမေး ကြတယ်။ အဖိုးအိုကလည်း "ဒါ အဖေ့ သူငယ်ချင်း ရွေတွင်းပိုင်ရှင် ဆီကနေ ရလာတဲ့ နောက်ဆုံး လက်ကျန် အမွေသေတ္တာ လေးပါ။

တကယ်လို့ အဖေ့ကို နောက်ဆုံး ထွက်သက်အထိ ကောင်းကောင်း မွန်မွန် ဂရု စိုက် ပြုစုတဲ့ သားသမီးကို အဖေ ဒီသေတ္တာလေး အမွေပေးမယ်" ဆိုတော့ သားသမီးတွေ အကုန်လုံး ရင်တွေခုန် ဝမ်းတွေ သာကုန်ကြရော။ အလုအယက် အဖိုးအိုကို ဂရုတစိုက် ပြုစုကုန် ကြပါလေရော။

တနင်္လာနေ့ သမီး အငယ်အိမ်၊ အင်္ဂါ သားအငယ်အိမ်၊ ဗုဒ္ဓဟူး သားအလတ်အိမ် စသဖြင့် အစဉ်လိုက် လိုက်ပြီး အပြုစု ခံနေခဲ့ လိုက်တာ။ တနင်္လာနေ့တောင် မကုန်သေးဘူး သားအငယ်က အတင်း လာခေါ်သွားလိုက်၊ သားအကြီးက ပြန်လာလုလိုက်နဲ့ အဖိုးကို သူ့ထက်ငါ အပြိုင်အဆိုင် အဝတ်ကောင်း အစားကောင်းတွေနဲ့ အိမ်ဦးခန်းမှာ ကောင်းကောင်းမွန်မွန် ရိုရိုသေသေ လိုလေသေး မရှိ ဂရုတွေ စိုက်ကုန်ကြပါလေရော။

ဒီလိုနဲ့ အချိန် ၇ နှစ် ကျော်လောက် ကြာတော့ အဖိုးအိုလည်း သက်တမ်းစေ့လို့ သေဆုံးသွား ရှာပါလေရော။ အသုဘပွဲ ပြီးတော့ သားသမီးတွေ အကုန်လုံး စုပြီး သေတ္တာလေးကို အမွေ ခွဲကြမလို့ ဖွင့်ကြတယ်။

သမီး အကြီးဆုံးက သူအဖေ လည်ပင်းမှာ အမြဲဆွဲထားတဲ့ သေတ္တာသော့လေးနဲ့ စူးရှစွာ စိုက်ကြည့် နေကြတဲ့ မျက်လုံးတွေ အောက်မှာ သေတ္တာကို ဖွင့်လိုက်တယ်။

အထဲမှာ ပိတ်စအဖြူ တထုပ်တွေ့ တော့ ဖြည်ကြည့်ကြတယ်။ အထုပ်ထဲမှာ စက္ကူ ခေါက်လေး တခု ထွက်လာတယ်။ အမကြီးက စက္ကူခေါက်ကို ဖြန့်လိုက်ပြီး အထဲက စာတွေကို မောင်လေး ညီမလေးတွေကို ဖတ်ပြလိုက် ပါတော့တယ်။ စာထဲမှာရေးထားတာက

"အရင်ဆုံး အဖေ့အနေနဲ့ အဖေ့ကို ကျွေးမွေး စောင့်လျှောက်ခဲ့တဲ့ ဒီထဲက ကျောက်ခဲတုံးလေး တွေကို ကျေးဇူးတင်မိတယ်။ သားတို့ သမီးတို့ ဒီကျောက်ခဲလေးတွေကို ကိုယ့်ကိုယ်ကို သတိပေးနိုင်ဖို့ ဘဝရဲ့ သင်္ခန်းစာ အထိမ်းအမှတ်အဖြစ် အညီအမျှ ခွဲယူပြီး သိမ်းထားစေ ချင်တယ်။ ခုချိန်က စပြီး ကြိုးစား စုဆောင်းကြပါ။ ဒါမှ သားတို့ သမီးတို့ အိုမင်းလာတဲ့ အခါ အဖေ့လိုမျိုး မသိမ်ငယ် ကြရမှာ" တဲ့။

ဒီအကြောင်းအရာလေးက အိုစာမင်းစာ စုဆောင်းထား သင့်ကြောင်းနဲ့ မိဘတွေ သက်ရှိထင်ရှား ရှိချိန် ဂရုစိုက် ပြုစုသင့်ကြောင်း သင်ခန်းစာ ပေးထားတာပဲ ဖြစ်ပါတယ်။ Wan Yan Kha

Post a Comment

0 Comments