မေ့နိုင်အောင် ကြိုးစားပါ

တခါတုန်းကပေါ့ တရုပ်နိုင်ငံမှာ ရှိတဲ့ ဘုန်းကြီးကျောင်း တကျောင်းမှာ မိုးတွင်း အတွက် ဆားလိုအပ် နေတာကြောင့် ကျောင်းထိုင် ဆရာတော်က ဆားအလှူခံရန် အတွက် ဦးဇင်းနှစ်ပါးကို ရွာထဲသို့ စေလွှတ်ပြီး ဆားအလှူခံ ခိုင်းလေတယ်။

ထိုအချိန်က မိုးတွင်း ကာလလည်း ဖြစ်ပြန်တော့ ရွာကို ရောက်ရန်အတွက် အိုင်ငယ်လေးတွေ မြောင်းငယ် လေးတွေကို ဖြတ်ကျော်ရတာပေါ့။ ဒီအချိန်မှာ ခြေအိတ်တွေ ဖိနပ်တွေ ကျကျနန ဝတ်ထားတဲ့ တရုပ်မလေး တယောက်ဟာ မြောင်းငယ် တခု ကိုကျော်ရန် အခက်အခဲ ဖြစ်နေလေတယ်။

ဒါကို ဆားအလှူခံ ထွက်လာတဲ့ ဦးဇင်းလေးတွေက မြင်တော့ ဦးဇင်းလေး တပါးက ပွေ့ပြီး မြောင်းကို ကျော်ပေးလိုက်တာတယ်။ ကျန်ခဲ့တဲ့ ဦးဇင်းက ဒါကာမကို ပွေ့တဲ့ ဦးဇင်ကို အခုလို ပြောလေတယ်။ "ဦးဇင်းကတော့ ဒါကာမကို ပွေ့လိုက်တယ်နော်။ အဲဒါ အာပတ်ပဲ။ ဦးဇင်း ကတော့ အာပတ်သင့်ပြီ" လို့ ပြောလေတယ်။

ဒီလိုနဲ့ ရွာထဲ ဝင်၍ ဆားအလှူခံပြီး ကျောင်းကို ပြန်လာတဲ့ လမ်းတလျှောက်လုံးမှာ ဒါကာမကို မပွေ့ချီတဲ့ ဦးဇင်းက ဒါကာမ ပွေ့တဲ့ ဦးဇင်းကို "ဦးဇင်း ကတော့ အာပတ်သင့်ပြီ။ ဒါကာမကို ပွေ့တာကို။ ဒါကို ဆရာတော်သိရင် ဦးဇင်းတော့ မလွယ်ဘူး" ပြောပြီး အာပတ်သင့်တဲ့ ကိစ္စပဲ ပြောနေလေတယ်။

ကျောင်းလည်း ရောက်ကော ဆရာတော်က "ဦးဇင်းတို့ ဆားပါသလား" မေးတော့ ဒါကာမ မပွေ့တဲ့ ဦးဇင်းက "ဆားက အရေးမကြီး သေးပါဘူး ဘုရား" ဆိုတော့ ဆရာတော်က "ဘယ်နဲ့ ဆားအလှူခံ ခိုင်းတာ ဆားက အရေးမကြီးပဲ ဘာအရေးကြီး နေတာလဲ" လို့ မေးလိုက်တယ်။

"အရှင် ဘုရား ဒီကိုယ်တော် လမ်းမှာ ဒကာမတယောက်ကို ပွေ့ချီပါတယ်ဘုရား" အလွန် စည်းကမ်းကြီးတဲ့ ဆရာတော်ကြီး ဖြစ်တာကြောင် ဒေါသ ထွက်သွားပြီး မျက်နှာကြီးပါ နီလာလေတယ်။ ပြီးတော့ ဒါကာမ ပွေ့တဲ့ ဦးဇင်းကို "ဦးဇင်း တကယ်ပဲ ဒါကာမ ပွေ့သလား" လို့ မေးလိုက်တယ်။

ဒီတော့ ဦးဇင်းလေးက "ပွေ့ချီပါတယ် ဘုရား။ ဒါပေမဲ့ တပည့်တော်က အဲဒီကာမကို ပွေ့တဲ့ နေရာမှာပဲ ထားခဲ့တာပါ။ ကျောင်းကို သယ်မလာပါဘူး ဘုရား"

အဲဒီအခါမှာတော့ ဆရာတော်က သဘောပေါက် သွားတယ်။ "အော် ဘယ်ဟုတ်မလဲ ဒါကာမကို ကျောင်းအထိ သယ်လာတဲ့ ဦးဇင်းက ဒါကာမကို မပွေ့ချီတဲ့ ဦးဇင်း ဖြစ်နေတာကိုး။ ဟိုကိုယ်တော်က ပွေ့စရာ ရှိတာပွေ့ မေ့စရာ ရှိတာ မေ့လိုက်တာ ပါပဲ"

အဲဒီနောက် ဆရာတော်က "ဦးဇင်းတို့ကို ဆားသွား အလှူခံ ခိုင်းတယ်။ ပြန်လာရင် ဆားပါလာ မှာကိုပဲ မျှော်လင့်တယ်။ အခုတော့ ဆားနဲ့ အတူ ဒကာမပါ ပါလာတယ်။ အဲဒီတော့ ငါ့ခေါင်းထဲ ဒကာမပါ ရောက်လာတယ်။ ဒါကြောင့် တကယ် ပွေ့တဲ့ ဦးဇင်းက အာပတ် မသင့်ဘူး။ ဒါကာမကို မပွေ့တဲ့ ဦးဇင်းရယ်၊ မြင်တောင် မမြင်လိုက်ရတဲ့ ငါရယ် သိမ်ထဲ သွားပြီး အာပတ် သွားဖြေကြမယ်"

ဒီပုံပြင်လေးနဲ့ စာဖတ်သူကို ကျွန်တော်က ဘာပြောချင်တာလဲ ဆိုတော့ ဥပါဒါန်ရဲ့ စွဲလမ်းမှုကြောင့် ဖြစ်ရတဲ့ အကျိုးဆက်လေးကို ပြောပြ တာပါ။ တကယ်တော့ ဥပါဒါန်ကြောင့် ဥပါဒါန် ဖြစ်ကြတာ များပါတယ်။ အဲဒီ ဥပါဒါန် စိတ်ကြောင့်ပဲ ဘဝတခု ပြန်ရလာပြီး သံသရာ လည်နေရတာ ပါဗျာ။

ကျွန်တော်တို့ ဘဝမှာ မေ့လို့ မရတဲ့ လူတွေ မေ့လို့မရတဲ့ အရာတွေ များနေရင်တော့ မလွယ်ဘူးပေါ့။ မေ့တတ်အောင် ကြိုးစားပါ။ မေ့နိုင်အောင်လည်း လုပ်ပါ။ အရာအားလုံးကို မေ့ခိုင်းတာ မဟုတ်ပါဘူး။ အစွဲလမ်း သိပ်မကြီးနဲ့လို့ ပြောတာပါ။ ဘာကြောင့်လဲ ဆိုတော့ မမေ့နိုင်ရင် စွဲလမ်းတယ်၊ အဲဒီစွဲလမ်းမှုကြောင့် တဏှာ ပြန်ဖြစ်တယ်။

အဖြေ စစ်ကြည့်တော့ အရင်းက တဏှာပါပဲ။ ကျွန်တော်တို့က ကိလေသာ မကုန်သေးတဲ့ ပုထုဇဉ်လူသားတွေ ဆိုတော့ တဏှာကို ဖျက်ဖို့ ဘယ်လွယ် ပါမလဲ။ ဒါပေမဲ့ မေ့နိုင်အောင်တော့ နည်းနည်း ကြိုးစားကြည့်နော်။ မေ့ဖို့က အပြော လွယ်ပေမဲ့ အလုပ်ကြတော့ ခက်တယ်။ ဒါဆို ကျွန်တော်တို့ ဘယ်လို မေ့ကြမလဲ။

အဓိက ကျတဲ့ အရာက သတိပါပဲ။ အဖြေကတော့ ကျွန်တော်တို့ စိတ်နဲ့ သတိကို ကပ်ထားဖို့ လိုပါတယ်။ သွားသတိ လာသတိ စားသတိပေါ့။ သတိလေး ကပ်ထားတော့ အမှားကင်းပြီး မေ့တတ်လာတာပေါ့။ စားချင်တာလည်း အကုန်စား၊ ကြည့်ချင်တာလည်း အကုန်ကြည့်၊ မြင်မထားနဲ့ စွဲမထားနဲ့ မြဲမထားနဲ့ပေါ့။

ကြည့်ချင်တာ အကုန်ကြည့် ပြီးရင် အဲနေရာမှာပဲ ဖျောက်ဖျက် ပစ်လိုက် ဘယ်နေရာမှ သယ်မလားနဲ့ပေါ့။ ဒါဆို နှလုံးသားကိုလည်း မထိခိုက် တော့ဘူးပေါ့။ "မျက်လုံးဖွင့်ပြီး အိပ်ကြည့်ပါ" ဆိုတဲ့ သီချင်းလေးလိုပေါ့။ မျက်လုံးဖွင့်ပြီး အိပ်တော့ ကြည့်ချင်တာလည်း ကြည့်ရတယ်။ အိပ်ရေးလည်း မပျက်တော့ဘူးပေါ့။ ဒါဆို အဆင်ပြေပြီလေ ဘာလိုသေးလဲ။ မှတ်မထား မြဲမထား ပဲနဲ့ မေ့တတ်ကြပြီး ဥပါဒါန် ကင်းနိုင်ကြပါစေ။ Crd and phoomyatchal

Post a Comment

0 Comments