သင့်အိမ်မှာ မီးဘေးအန္တရာယ်မကြုံတွေ့အောင် ဒီအချက် (၆) ချက်နဲ့ ကာကွယ်ပါ။

မီးလောင်မှုဆိုတာ အချိန်မရွေး ဖြစ်သွားနိုင်ပြီးတော့ အိုးအိမ်တွေ၊ ဥစ္စာတွေ၊ မိသားစုတွေ အကုန်ဆုံးရှုံးသွားနိုင်ပါတယ်။ မီးဘေးရှောင် မလောင်ခင်တား ဆိုတဲ့ စကားအတိုင်း မီးလောင်မှု မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ ဆိုတာကို love media ကနေ မျှဝေပေးလိုက်ပါတယ်နော်။

၁။ အပူပေးစက်ကို စနစ်တကျအသုံးပြုပါ

- အပူပေးစက်ကို ဖွင့်ထားပြီး လူကအပြင်သွားနေတာမျိုး မလုပ်သင့်ပါဘူး။ အပူလွန်ကဲပြီး မီးထလောင်နိုင်ပါတယ်။ အပြင်သွားမယ် ဆိုရင်လည်း စက်ကို ပိတ်ထားခဲ့ပါ။

- အခန်းထဲမှာ အပူပေးစက်ကို ထားတဲ့အခါ စက္ကူ၊ အိပ်ယာ၊ ပရိဘောဂ၊ အဝတ်အစားနှင့် ကော်ဇောတွေလိုမျိူး မီးလောင်လွယ်တဲ့ အရာတွေနှင့် အနည်းဆုံး ၃ ပေအကွာမှာ ထားပါ။

- ကြွေပြားကြမ်းခင်းလိုမျိုး မာကျောပြီး မီးမလောင်နိုင်တဲ့ မျက်နှာပြင်ပေါ်မှာပဲ ထားပါ။ ကော်ဇောတွေပေါ်မှာ မထားပါနဲ့။

- လူရှိမှသာ ဖွင့်ထားပါ။

အပူပေးစက်တွေကို ပလပ်ခုံနဲ့ကြိုးဆွဲပြီး မသုံးပါနဲ့။ ပလပ်ပေါက်တွေမှာသာ တိုက်ရိုက်ချိတ်ဆက်ပါ။ ဒါ့အပြင် စက်ကို အားရှိသလောက် အကုန်မလည်ခိုင်းပါနဲ့။ အပူလွန်ကဲနိုင်တဲ့အပြင် မီတာခလည်း တက်နိုင်ပါတယ်။ အိမ်သုံးသန့်စင်ဆေးတွေနှင့် အလှကုန်ပစ္စည်းတွေလိုမျိုး မီးလောင်လွယ်တဲ့ ပစ္စည်းတွေကို အပူအရင်းအမြစ်တွေနှင့် ဝေးဝေးမှာ ထားပါ။ အေးတဲ့နေရာမှာ သိမ်းဆည်းထားဖို့ မမေ့ပါနဲ့နော်။

၂။ မီးဖိုချောင်

- မီးဖိုလိုမျိုး ချက်ပြုတ်မျက်နှာပြင်တွေအားလုံးကို သန့်ရှင်းအောင်ထားပါ၊ သင့်မီးဖိုချောင်ထဲမှာ အစားအစာ အမှုန်အမွှားတွေနှင့် အဆီတွေ စုပုံလာခြင်းမျိုး မဖြစ်ဖို့ အမြဲတမ်း သန့်ရှင်းရေး လုပ်ပေးပါ။

- ကန့်လန့်ကာတွေ၊ ပန်းကန်သုတ်ပဝါတွေနှင့် မီးဖိုချောင်သုံးစာအုပ်တွေက မီးအလွယ်တကူ လောင်နိုင်တာကြောင့် မီးဖိုနှင့်ဝေးဝေးထားပါ။ အိမ်မှမထွက်မီ ဒါမှမဟုတ် အိပ်ယာမဝင်မီ သင့်မီးဖိုချောင်ထဲမှာရှိတဲ့ လျှပ်စစ်မီးတွေ၊ မီးဖိုတွေ ပိတ်ထားမထား စစ်ဆေးပါ။ ချက်ပြုတ်နေတဲ့အခါ မီးဖိုချောင်ကို ဒီတိုင်းမထားခဲ့သင့်ပါဘူး။ အိမ်ထဲမှာ မီးလှုံဖို့အတွက်လည်း မီးဖိုတွေကို မသုံးပါနဲ့။

၃။ အသုံးအဆောင်ဟောင်းတွေကို ဖယ်ရှားပါ။

စက်ပစ္စည်းတွေ ချို့ယွင်းပါက မီးထလောင်နိုင်ပါတယ်။ ငွေအနည်းငယ် ပိုသုံးရပေမယ့်လည်း မီးမလောင်ဖို့က အရေးကြီးတာကြောင့် ပစ္စည်းအဟောင်းတွေကို ဆက်မသုံးပါနဲ့။

- ဖွင့်လိုက်ပိတ်လိုက်တိုင်း မီးက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေမယ်၊

- ဖွင့်လိုက်တိုင်းလည်း မီးပွားတွေ ထွက်လာမယ်၊

- အပူတွေလည်း လွန်ကဲလာမယ် ဆိုရင်တော့ ဆက်မသုံးတော့တာ အကောင်းဆုံးပါပဲ။

၄။ အသေးအဖွားလေးတွေကအစ ဂရုစိုက်ပါ။

- ဘယ်လျှပ်စစ်ပစ္စည်းမဆို ပလပ်မထိုးခင် ပျက်စီးမှုလက္ခဏာရှိမရှိ စစ်ဆေးပါ။ မီးဘေးအန္တရာယ် ဖြစ်နိုင်တာကြောင့် ကျိုးနေတဲ့ ဒါမှမဟုတ် ပေါက်ပြဲနေတဲ့ကြိုးတွေကို ဆက်မသုံးတော့ပဲ လဲပေးပါ။

- ပလပ်ခုံဆွဲပြီးသုံးမယ် ဆိုရင်လည်း အပူဒဏ်ခံနိုင်ပြီး ဝန်အားညီတဲ့ ခုံမျိုးကိုပဲ သုံးပါ။ ကိုယ်သုံးတဲ့အားနဲ့ ပလပ်ခုံနဲ့ မမျှရင် အန္တရာယ်များပါတယ်။

- အသုံးမလိုတဲ့အခါ ပလပ်ကြိုးတွေကို ဖြုတ်ထားပါ။ ကြိုးတွေကို ကော်ဇောအောက်တွေမှာ မထားပါနဲ့။ ပရိဘောဂနှင့် နံရံကြားမှာလည်း မထားပါနဲ့။ ပိုရှည်ဖို့ဆိုပြီး ကြိုးကိုဆက်သုံးတာတွေ ဒါမှမဟုတ် ပေါက်ပြဲနေတဲ့ ဝါယာကြိုးကို ဖာပြီးသုံးတာတွေ မလုပ်သင့်ပါဘူး။

၅။ ဖယောင်းတိုင်မီးတွေကို ဂရုစိုက်ပါ။

- မီးပျက်သွားရင် မီးအိမ်တွေ၊ ဓာတ်မီးတွေကိုပဲ သုံးပါ။ ဖယောင်းတိုင်မီးကို မသုံးပါနဲ့။

- ဖယောင်းတိုင်ကို အိပ်ယာတွေ၊ ကန့်လန့်ကာတွေနှင့် အလွယ်တကူ မီးလောင်နိုင်တဲ့ တခြားပစ္စည်းတွေနဲ့ အနည်းဆုံး ၁၂ လက်မအကွာမှာ ထားပါ။

အပြင်သွားမယ်ဆိုရင် ဖယောင်းတိုင်ကို မီးမှုတ်ခဲ့ပါ။ ဖယောင်းတိုင်ကို ကော်ဇောလိုမျိုး မညီမညာတဲ့ မျက်နှာပြင်ပေါ်မှာ အလွယ်တကူ မတင်ခဲ့လိုက်ပါနဲ့။

၆။ မီးခိုးအချက်ပေးသံတွေကို ပုံမှန်စစ်ဆေးပါ။

ဒီသတိပေးကိရိယာတွေက မီးမငြိမ်းနိုင်ပေမယ့်လည်း မီးလောင်နေကြောင်းတော့ သင့်ကို သတိပေးနိုင်ပါတယ်။ ဒါကြောင့် သင့်မီးခိုး detector ကို အနည်းဆုံး တစ်လကို တစ်ကြိမ်လောက် စစ်ဆေးနေဖို့က အရေးကြီးပါတယ်။

- ကလေးငယ်တွေ ရှိနေရင် စက်ကို ပိုစစ်ပေးပါ။

- ကိရိယာနှင့်အဝေးဆုံးအခန်းမှာ မိသားစုဝင်တစ်ဦးကို မတ်တပ်ရပ်ခိုင်းပါ။ ပြီးရင် သတိပေးစက်သံကို နေရာတိုင်းက ကြားရလားမေးပါ။

- စက်ရဲ့ အသံကျယ်မကျယ်ကို ကြည့်ပါ။ အားနည်းနေရင် ဘက်ထရီကို တတ်နိုင်သမျှ အမြန်ဆုံး အစားထိုးပါ။ ဖုန်တွေ၊ အမှိုက်တွေ ကပ်မကပ်ကိုလည်း စစ်ဆေးပါ။ ဘတ်ထရီက အားရှိနေပေမယ့်လည်း ဖုန်တွေပိတ်နေရင် အသံမထွက်တာမျိုး ဖြစ်နေတတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments