လယ်သမားနှင့် စိန်တွင်းကြီး

တခါတုန်းက အာဖရိကမှာ လယ်သမားတဦး နေထိုင်ပါတယ်။ သူဟာ လယ်မြေ အများအပြားကို ပိုင်ပြီးတော့ သူ့လယ်မှာပဲ လယ်လုပ်ရင်းနဲ့ ပျော်ရွှင်စွာ နေထိုင်ပါတယ်။

တနေ့တော့ သူ့ဆီကို ခရီးသွား တယောက် ရောက်လာ ပါတယ်။ သူကလည်း ဧည့်ခံ ကျွေးမွေး လိုက်ပါတယ်။ ခရီးသွားက "တကယ်လို့ မင်းမှာသာ လက်မ အရွယ်လောက် စိန်တလုံး ရှိရင် မင်းဟာ မြို့တမြို့ ကိုတောင် ပိုင်နိုင်တယ်။

တကယ်လို့ မင်းမှာသာ လက်သီးဆုပ်လောက် စိန်ရှိရင် မင်းဟာ နိုင်ငံ တနိုင်ငံလောက် ပိုင်နိုင်ပါရဲ့" လို့ ပြောသွားတယ်။

အဲဒီညမှာ လယ်သမား မအိပ်နိုင်တော့ ပါဘူး။ သူဟာ စိန်ကို အလွန် စိတ်ဝင် စားသွားတယ်။ အဲဒါနဲ့ စိန်တွေကို လိုက်ရှာဖို့ကြိုးစားတယ်။ သူဟာ စိန်ရှိတဲ့ နေရာတွေကို လိုက်လံ စုံစမ်းပြီး စိန်နောက် လိုက်ခဲ့သတဲ့။

သူဟာ အာဖရိက ကနေ တောင်အမေရိကမှာ စိန်တွေ ထွက်တယ် ဆိုတဲ့ သတင်းကြားတော့ တောင်အမေရိကထိ ရှိတဲ့ ပစ္စည်းလေးတွေ ရောင်းပြီး သွားတူးပေမယ့် စိန်မရပါဘူး။

နောက်တော့ ဥရောပ အလယ်ပိုင်းမှာ စိန်ထွက်တယ် ဆိုတာ ကြားတော့ လိုက်ရှာဖို့ သွားပါတယ်။ ဒါပေမယ့်လည်း သူ ကံမကောင်းခဲ့ ပါဘူး။

ဒီလိုနဲ့ နှစ်ပေါင်းများစွာ စိန်ရှာရင်း ရှာမတွေ့တဲ့ အခါမှာ စိတ်ထောင်းကိုယ်ကျေ ဖြစ်ပြီးတော့ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက် ပါတော့ပါတယ်။ သူ မသေဆုံးခင် မှာတော့ တောင်အာဖရိကက သူ့အိမ်ကို စာရေး ပို့လိုက် ပါသေးတယ်။

စာထဲမှာတော့ "ငါ့သား ငါသေပြီ။ တကယ်လို့ မင်းများ စိန်တွေ ထွက်တဲ့ တွင်းကို ရှာဖွေ တွေ့ခဲ့ရင် ငါ့နာမည် ပေး ပေးပါကွာ" လို့ ရေးပေးလိုက် သတဲ့။

၂ နှစ်လောက် အကြာမှာတော့ စပိန်တွေ အာဖရိကကို ရောက်လာပြီးတော့ လယ်သမားရဲ့ အိမ်မှာ တည်းခိုတယ်။ အဲဒီအချိန်မှာ လယ်သမားရဲ့ သားဟာ ကုလားအုပ်တကောင် သေသွားတဲ့ အတွက် ကုလားအုပ်ကို မြှပ်ဖို့ တောင်ခြေမှာ တွင်းတူးပါတယ်။

အဲဒီထဲက ထွက်လာတဲ့ အကြည်ရောင် ကျောက်တွေကို စပိန်တွေက တွေ့ပြီးတော့ ဒါဟာ စိန်တွေ ဆိုတာကို သိသွားကြတယ်။ တကယ်တော့ လယ်သမား ပိုင်တဲ့ လယ်ကွင်းရဲ့ အောက်ခြေမှာ စိန်တွင်း အကြီးကြီး ရှိနေတာ ဖြစ်ပါတယ်။

လယ်သမားရဲ့ သားဟာ အလွန် ချမ်းသာတဲ့ သူဌေးကြီး ဖြစ်သွားပြီးတော့ အဲဒီ စိန်တွင်းကို သူ့အဖေရဲ့ နာမည် ပေးလိုက် ပါသတဲ့။

သင်ခန်းစာ။ ။ အလုပ်တခု လုပ်တော့မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နေရာ ဒေသမှာ အရင် လေ့လာ ဆန်းစစ်မှု ပြုလုပ်သင့်ပါတယ်။ နောက်ပြီးတော့ ဘယ်အရာမဆို ကိုယ်နဲ့ ထိုက်တန်မှသာ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments