အရာရာတိုင်းဟာ ကောင်းဖို့ဖြစ်လာတာပါ

တခါတုန်းက ဘုရင်ကြီးတပါးရဲ့ အတိုင်ပင်ခံ အမတ်ကြီး တပါးဟာ အင်မတန်မှ အကောင်းမြင်တတ် သတဲ့။ ဘုရင်ကြီးက တခုခု တိုင်ပင် လိုက်တိုင်း အကောင်းမြင်တဲ့ ဘက်ကနေပဲ ဆွေးနွေးပါ သတဲ့။

အကောင်းမြင် အပြုသဘော ဆွေးနွေးတော့ တော်ရုံ အပြစ် တွေတောင် အပြုသဘော ဆောင်ပြီး တဦးနဲ့ တဦး ချစ်ချစ် ခင်ခင် စည်းစည်း လုံးလုံးနဲ့ ပြဿနာတွေကို ပျော်ရွှင်စွာ ဖြေရှင်းနိုင်ခဲ့တာ ချည်းပဲတဲ့။

တနေ့မှာတော့ ဘုရင်ကြီးရဲ့ လက်မမှာ ပြည်တည်နာကြီး ပေါက်လာသတဲ့။ အတိုင်ပင်ခံကြီးကို ခေါ် တိုင်ပင်တော့ "အရှင်ဘုရား စိတ်မပူပါနဲ့ ဆေးလိမ်း ဆေးသောက်ရင် ပျောက်သွားမှာပါ။ ကောင်းဖို့ ဖြစ်လာတာပါ ဘုရား" လို့ လျှောက်တင်သတဲ့။

အဲ့ဒီလိုနဲ့ ဘုရင်ကြီးရဲ့ လက်ဟာ မသက်သာပဲ ဖြတ်လိုက်ရ ပါတော့တယ်။ အဲဒီလိုနဲ့ အင်္ဂါ မစုံတဲ့ ဘုရင်ကြီး ဖြစ်သွားတော့ တာပေါ့။ အဲဒီတော့ ဘုရင်ကြီးလည်း စိတ်မသက်မသာ ဖြစ်ပြီး အတိုင်ပင်ခံကြီးနဲ့ စိတ်ပြေလက်ပျောက် စကားပြောဖို့ ခေါ်လိုက်တော့ တာပေါ့။

ဒီတော့ အတိုင်ပင်ခံကြီးက "ကောင်းဖို့ ဖြစ်လာတာပါ ဘုရား" လို့ ထပ်ပြီး ဖြေသိမ့်ပြန်တော့ ဘုရင်ကြီးက စိတ်ဆိုးပြီး အတိုင်ပင်ခံကြီးကို "ဒီလောက်တောင် ကောင်းဖို့ ဖြစ်လာရင် ဆရာကြီး ခဏလောက် အကျဉ်းတိုက်ထဲ သွားနေချည်" လို့ ဆိုပြီး အကျဉ်း ချထားလိုက် ပါတယ်။

တရက်မှာတော့ ဘုရင်ကြီးဟာ စိတ်အပန်းပြေ စေဖို့ အတွက် တောကစား ထွက်ခဲ့တယ်။ စိတ်နဲ့ လူနဲ့ သိပ်မကပ်တဲ့ ဘုရင်ကြီးဟာ ကိုယ်ရံတော်တွေနဲ့ ကွဲသွားပြီး ယစ်ပူဇော်တဲ့ ဓလေ့ရှိတဲ့ လူမျိုးစုတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး သူတို့က ဘုရင်ကြီးကို ယစ်ပူဇော်ဖို့ လုပ်ကြသတဲ့။

ဘုရင်ကြီးလည်း ပြည်တည်နာ ပေါက်ကတည်းက ဂြိုလ်ဆိုး ဝင်ခဲ့တာ ခုဆို သေရမယ့် အဆင့်ထိတောင် ရောက်လာပါလား လို့ တွေးရင်း စိတ်ဆင်းရဲ နေတာပေါ့။ ယစ်ပူဇော်ဖို့ ဘုရင်ကြီးကို ရေချိုးပေး အမွှေးနံသာ လိမ်းပေးချိန်မှာ ဘုရင်ကြီးရဲ့ လက်မ ပြတ်နေတာကို တွေ့သွား ကြသတဲ့။

ဒီတော့ အင်္ဂါ မစုံတဲ့သူနဲ့ ယစ်ပူဇော်လို့ မရတာကြောင့် ဘုရင်ကြီးကို ပြန်လွှတ်ပေး လိုက်ကြတယ်။ ဒီတော့မှ ဘုရင်ကြီးဟာ "ဝိုး ကောင်းဖို့ ဖြစ်လာတာ၊ ကောင်းဖို့ ဖြစ်လာတာ"

ဆိုပြီး ပျော်ရွှင်စွာနဲ့ နန်းတော်ကို ပြန်လာခဲ့တယ်။ နန်းတော်ကို ရောက်ရောက်ချင်းပဲ ဆရာကြီးကို အကျဉ်းတိုက်က လွှတ်စေပြီး ခစား ခိုင်းသတဲ့။

ဘုရင်ကြီးက "ဆရာကြီး၊ ခင်ဗျား ပြောတာ မှန်တယ်ဗျာ။ ကျနော့်အတွက် ကောင်းဖို့ ဖြစ်လာတာဗျ။ ဒါပေမဲ့ ခင်ဗျား အတွက်တော့ အကျဉ်းကျပြီး အနေဆင်းရဲ အစားဆင်းရဲ ဖြစ်သွားတယ်ဗျာ။ အဲဒီ အတွက်တော့ စိတ်မကောင်းပါဘူး" လို့ ပြောလိုက်တယ်။

ဆရာကြီးက ပြုံးပြုံးကြီးနဲ့ "ကျနော်မျိုး အတွက်လည်း ကောင်းဖို့ ဖြစ်ခဲ့တာပါ ဘုရား" တဲ့။ "တကယ်လို့ ကျနော်မျိုးသာ အကျဉ်းမကျရင် မင်းကြီးနဲ့ တူတူ လိုက်ရမှာမို့ အဖမ်းခံရတဲ့ အခါ ဘုရင်နဲ့ ကျနော် နှစ်ဦး ဖမ်းခံရမှာပါ။

အဲဒီအချိန်မှာ အင်္ဂါစုံသူ ကျနော်ဟာ ကိုယ်စား ယစ်ပူဇော် ခံရပြီး အသက်နဲ့ကိုယ် အိုးစားကွဲမှာပါ ဘုရား။ အခုတော့ အကျဉ်းတိုက်ထဲမှာ အနားရလို့ ကောင်းဖို့ ဖြစ်လာတာပါ ဘုရား" တဲ့။

ဘုရင်ကြီးကလည်း "ကောင်းပါလေ့ ဆရာကြီးရယ်" လို့ ပြောပြီး တဟားဟားနဲ့ အားရပါးရ ရီကြပါသတဲ့။

ကျနော်တို့ ဘဝမှာလည်း တခါတရံ အခက်အခဲလေးတွေ အတိုက်အခိုက် လေးတွေ ကြုံတွေ့ လာရတဲ့ အခါ လူတော်တော် များများက စိတ်ပျက် ညည်းညူ တတ်ကြတယ်။ အမှန်တော့ အဲဒီ အခက်အခဲတွေ အတိုက်အခိုက်တွေ ဆိုတာ နောင်တချိန် အရာရာ အတွက် ကောင်းဖို့ ဖြစ်လာတာပါ။

ဒါကြောင့် မိတ်ဆွေတို့ ဘဝမှာ ဘယ်လို အခက်အခဲပဲ ကြုံကြုံ၊ ဘယ်လို အတိုက်အခိုက်ပဲ ကြုံကြုံ ကောင်းဖို့ ဖြစ်လာတာလို့ စိတ်ထဲမှာ မှတ်ပါ။

ခုလည်းပဲ ဒီစာကို ဖတ်ဖြစ်သွားတာဟာ မိတ်ဆွေ အတွက် ကောင်းဖို့ ဖြစ်လာတာပါ ခင်ဗျ။ အရာရာဟာ ကောင်းဖို့ ဖြစ်လာတာပါ။ Crd

Post a Comment

0 Comments