ကိုယ်ကောင်းမှ သူကောင်းမယ်

တခါတုန်းက အမျိုးသမီး တဦးဟာ အိမ်ထောင် ကျပြီးတော့ အမျိုးသားရဲ့ အိမ်မှာ နေရပါတယ်။ ဒီတော့ ယောက္ခမနဲ့ နေ့တိုင်း ပြောဆို ဆက်ဆံရတဲ့ အခါ ဘယ်လိုမှ မတည့်ဘူးတဲ့။

စကား များရတာတွေ၊ ရန်ဖြစ်ရ တာတွေ ခဏခဏ ဖြစ်ပြီး စိတ်လည်း အင်မတန် ညစ်နေရတာပေါ့။ ယဉ်ကျေးမှု အရလည်း ဖြစ်၊ ဘာသာရေး အရလည်း ဖြစ်တော့ ယောက္ခမကို ကြည့်မရ ပေမဲ့လည်း ထမင်း ခူးပေးရတယ်။ ပြီးတော့ တောက်တိုမယ်ရ အကုန် လုပ်ပေးရ၊ ပြင်ဆင် ပေးရတယ်ပေါ့။

တနေ့တော့ ဒီဒဏ်တွေကို မခံနိုင်လို့ ချွေးမ ဖြစ်သူ အမျိုးသမီးက သူမရဲ့ အဖေဖြစ်သူထံ သွားပြီး အကြံဉာဏ် တောင်းတယ်။ အဖေဖြစ်သူ ကလည်း ယောက္ခမ စားတဲ့ ထမင်းတိုင်းမှာ အဆိပ်ဆေးကို နေ့စဉ် နည်းနည်းစီ ခက်ပြီး ၆ လ အတွင်း မသိမသာနဲ့ သေဆုံး သွားအောင် လုပ်လို့ရကြောင်း နည်းလမ်း ပေးလိုက်သတဲ့။

ပြီးတော့ ဆေးလည်း ပေးလိုက်ပါ သတဲ့။ ဆေးခပ်နေတဲ့ ၆ လ အတွင်းမှာ ယောက္ခမကို ကြည်ကြည် ဖြူဖြူနဲ့ ပြောဆို ဆက်ဆံ ရမယ် လို့လည်း မှာလိုက်တယ်။ ဒါမှလည်း သေကြောင်း ကြံကြောင်းကို ဘယ်သူမှ မသိမှာ ဖြစ်ကြောင်းလည်း ရှင်းပြလိုက်တယ်လေ။

ဒါကြောင့် အဆိပ်ဆေး ရသွားတဲ့ ချွေးမဖြစ်သူဟာ နေ့တိုင်း သူ့ယောက္ခမ စားတဲ့ ထမင်းတိုင်းမှာ အဆိပ်ကို ထည့်ပါတယ်။ ဒီတော့ အဆိပ်ထည့်တဲ့ ကာလ အတွင်းတော့ အဆင်ပြေအောင် ပေါင်းရမယ် ဆိုပြီးတော့ ကောင်းမွန်စွာ ပြောဆို ဆက်ဆံပါတယ်။

ဒီလိုနဲ့ ပြောဆို ဆက်ဆံမှု ယဉ်ကျေးပြီး အလျော့ပေး တတ်တဲ့ ချွေးမကြောင့် ယောက္ခမလည်း ပြောင်းလဲ လာပါတယ်။ တဖြည်းဖြည်း အကောင်းမြင် ပေးတတ်လာပြီး အတ္တတွေ နည်းလို့ အဆင်ပြေလာ ကြပါတယ်။

ပတ်ဝန်းကျင် မှာလည်း ချွေးမ လိမ္မာကြောင်း တော်ကြောင်းကို သတင်းကောင်းများ ပြောလေ့ ရှိပါတယ်။ ဒါကြောင့်မို့ သူတို့ မိသားစု လေးဟာ အတော်လေး သာယာပြီး အဆင်ပြေစွာ နေလာခဲ့ ကြပါတယ်။

ဒီတော့ အဆိပ်ခတ်မိတဲ့ ချွေးမ လုပ်သူဟာ နောင်တ ရမိနေ သတဲ့။ ဒါကြောင့် ချွေးမ ဖြစ်သူဟာ သူ့အဖေထံ ပြန်သွားပြီး လက်ရှိ ခက်ထားတဲ့ အဆိပ်ကို ပြေအောင် လုပ်နိုင်တဲ့ ဆေး ပြန်ပေးပါ လို့ တောင်းဆို တော့တာပေါ့။ ဒါနဲ့ အဖေက ပြန်ဖြေပါတယ်။

"ငါ့သမီးကို ပေးလိုက်တာ အဆိပ် မဟုတ်ပါဘူး။ နေ့စဉ် ကျန်းမာစေဖို့ အားဆေး ပါဝင်တဲ့ ဗီတာမင် ဆေးတွေပါ။ သမီးရဲ့ စိတ်ထဲမှာ ယောက္ခမ အပေါ်မှာ ကိန်းအောင်းနေတဲ့ "အာဃာတ" ဆိုတဲ့ အဆိပ်ကိုသာ အဖေ ဖယ်ရှား ပေးလိုက် တာပါ" တဲ့။

လောကကြီးမှာ လူတွေနဲ့ ပြောဆို ဆက်ဆံတဲ့ အခါ ဟိုလူ မကောင်းဘူး၊ ဒီလူ မကောင်းဘူး လို့ ပြောနေမယ့် အစား အရင်ဆုံး ကိုယ့်ကိုယ်ကို ကောင်းအောင် အရင်ပြောင်းလဲ ကြည့်လိုက်ပါ လို့ တိုက်တွန်းရင်း တဆင့် ပြန်လည် မျှဝေပေးလိုက် ပါရစေ။ Crd

Post a Comment

0 Comments