မှန်တိုင်းလည်း မပြောနဲ့

တခါတုန်းက မြို့တမြို့မှာ ကြက်တူရွေး ချစ်တတ်တဲ့ ပုဏ္ဏားကြီး တယောက် ရှိတယ်။ သူ့ဆီမှာ အင်မတန်မှ ချစ်စရာ ကောင်းပြီး စကား အလွန်တတ်တဲ့ ကြက်တူရွေးလေး နှစ်ကောင် ရှိသတဲ့။

ပုဏ္ဏားကြီးဟာ ကြက်တူရွေးလေး ၂ ကောင်ကို အင်မတန်မှ ချစ်မြတ်နိုး တာကြောင့် သားသမီး အရင်းပမာ ဆက်ဆံတယ်။

တနေ့တော့ ပုဏ္ဏားကြီးဟာ တခြားမြို့ တမြို့ကို အလုပ်ကိစ္စနဲ့ ညအိပ် ခရီးထွက်ဖို့ အကြောင်း ပေါ်လာတယ်။ ပုဏ္ဏားကြီးဟာ ခရီးထွက် ခါနီးမှာ ကြက်တူရွေး ညီနောင်ကို ပုဏ္ဏားမကြီးကို စောင့်ကြည့်ဖို့ မှာကြားခဲ့တယ်။

အဲလိုနဲ့ ပုဏ္ဏားကြီး ခရီး ထွက်သွားပြီး မကြာခင်မှာ ပုဏ္ဏားမကြီးဟာ သူ့ရဲ့ လင်ငယ်နဲ့ ဖောက်ပြန် ပါတော့တယ်။ ဒီအကြောင်းကို သိတဲ့ ကြက်တူရွေး ညီနောင်ထဲမှ အငယ်ကောင်က

"သခင်မကြီး သင်သည် ပုဏ္ဏားကြီးပေါ်တွင် သစ္စာဖောက် လေပြီ။ ဤအကြောင်းအား ပုဏ္ဏားကြီး ပြန်လာက ငါတိုင်လတ္တံ" လို့ပုဏ္ဏားမကြီးကို လှမ်းပြောတယ်။

ထိုအခါ ပုဏ္ဏားမကြီးက "အို ချစ်သား သင်သည် စကား တတ်လှပေသည်" ဟု ချော့မြူကာ ဖမ်းယူ သတ်ဖြတ် လိုက်တော့သည်။

ထို့နောက် ပုဏ္ဏားမကြီးက ကျန်ရှိသော ကြက်တူရွေးအား "သင်ရော ဘာမြင်သနည်း" ဟု မေးလေသည်။ ထိုအခါ ကြက်တူရွေးက စကားတခွန်းမှ မဆိုပဲ နှုတ်ဆိတ်၍သာ နေလေသည်။

ထို့ကြောင့် ပုဏ္ဏားမကြီးက ဤအကောင်သည်ကား အသိဉာဏ် နည်းပါးသော တိရိစ္ဆာန်သာ ဖြစ်ပေလိမ့်မည်ဟု ဆိုကာ အသက်ချမ်းသာ ပေးလိုက်လေသည်။

နောက်တနေ့ ပုဏ္ဏားကြီး ပြန်ရောက်သော အခါ ကြက်တူရွေး ၂ ကောင် အနက် တကောင်သာ တွေ့မြင်ရသဖြင့် မေးမြန်းလေရာ ကြက်တူရွေးက

"သခင်ပုဏ္ဏားကြီး ကျွန်ုပ်၏ ညီငယ်သည် မှန်သော စကားအား အချိန်အခါ မသင့်ပါပဲ ပြောဆိုမိ သောကြောင့် သေဘေးနှင့် ကြုံတွေ့ခဲ့ရ ပေပြီ။ ကျွန်ုပ်သည်ကား တိတ်ဆိတ်စွာပင် ရှင်သန် နေထိုင်လို၏။

ထို့ကြောင့် သခင်ပုဏ္ဏားကြီး ကျွန်ုပ်အား မေးမြန်းခြင်း တစုံတရာ မပြုပါနှင့်" လို့ ပြောကာ တိတ်ဆိတ်စွာ နေထိုင်သွား လေတော့သတဲ့။

တခါတလေမှာ ကိုယ်မှန်တိုင်းလည်း ပြောဖို့ မသင့်တဲ့ စကားတွေ ရှိပါတယ်။ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး ဆိုရင် မှန်သော စကားပင် ဖြစ်နေပါစေ မပြောသင့်ပါ။ နန္ဒသိန်းဇံ၏ မှန်သောစကား ပြောဆိုခြင်း၏ အကျိုးအပြစ်များ စာအုပ်မှ ကိုးကား ရေးသား တင်ပြသည်။ Crd

Post a Comment

0 Comments