နှစ်ဖက်ရှုံး မရှုံးပါစေနဲ့

တခါတုန်းက သူရူး တယောက်ဟာ ရေအိုင်စပ်မှာ ထိုင်နေတုန်း ရေအိုင်ထဲကို တောဘဲအုပ်ကြီး ကျလာတယ်။ သူက တောဘဲအုပ်ကြီးကို သူပိုင်တဲ့ ဘဲတွေလို့ သတ်မှတ်ပြီး တုတ်တချောင်း ကိုင်ပြီး ဘဲကျောင်းနေ ခဲ့တယ်။

ဒီလိုနဲ့ "ငါ့ ဘဲတွေ" လို့ စိတ်ကူးယဉ် ကောင်းနေတုန်း ညနေ အချိန်ကို ရောက်လာတယ်။ ညနေ ရောက်တော့ တောဘဲတွေက ကောင်းကင် ပျံတက်ပြီး အိပ်တန်းဆီ ပြန်ကြတယ်။

အဲဒီ အခါမှာ သူက တုတ်တချောင်း ကိုင်ပြီး "ငါ့ဘဲတွေ ငါ့ဘဲတွေ ဘယ်သွားကြ တာလဲ" လို့ အော်ရင်းနဲ့ ဘဲအုပ်ကြီး နောက်ကို ပူဆွေးစွာနဲ့ ပြေးလိုက် သွားတယ်။ တကယ်က သူ့ဘဲတွေမှ မဟုတ်ဘဲ။

လူကောင်း ဆိုရင်လည်း တောဘဲအုပ်ကို ကိုယ့်ဘဲအုပ်လို့ ထင်ပါ့မလား။ မထင်ပါဘူးနော်။ အဲဒီလိုပဲ ဘဝ တခုမှာ ခဏတာ တွေ့ဆုံ ကြုံကြိုက်ရတဲ့ သား၊ သမီး၊ ဇနီးနဲ့ ခင်ပွန်းကို လူတွေက ကိုယ့်အပိုင်လို့ ထင်နေ ကြတယ်။

တကယ်က ဘယ်သူကမှ ဘယ်သူ့ကို မပိုင်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်တောင် ကိုယ်မပိုင်ပါဘူးနော်။ သေရင် ထားခဲ့ ရမှာပဲ မဟုတ်ပါလား။ အကြောင်း သင့်တုန်းလေးမို့ တဒင်္ဂ ပေါင်းဆုံ နေကြရတာ ဖြစ်ပါတယ်။ အကြောင်း မသင့်တဲ့ တနေ့ သေခွဲ မဟုတ်ရင် ရှင်ခွဲ ခွဲကြ ရမှာ ဖြစ်တယ်။

ဒါက ကိုယ့်တယောက် ထဲဘဲ ဖြစ်နေတာလား ဆိုတော့ မဟုတ်ပါဘူး။ (၃၁) ဘုံလုံး ဖြစ်နေကြတာ။ ကိုယ့်တယောက်ထဲ မဟုတ်ပါဘူး ဒါက (၃၁) ဘုံမှာ ရှိတဲ့ သတ္တဝါတွေ အားလုံးအတွက် ဖြစ်ရိုးဖြစ်စဉ် တခုမျှသာ ဖြစ်တယ်။

သို့သော်လည်း ကိုယ့်ဘဲအုပ်ကြီးလို့ စိတ်ကူးယဉ် ကောင်းနေတုန်းမှာ ရုတ်တရက် ခွဲရတော့ အတော် ခံစား ကြရတယ်နော်။

သတင်းစာ တွေရဲ့ နောက်ကျောမှာ ပါတဲ့ ကိုယ်နဲ့ သိကျွမ်းခြင်း မရှိတဲ့ သူတွေရဲ့ နာရေး သတင်းတွေကို ဖတ်မိတဲ့ အခါမှာ ဘာ ခံစားရလဲ။ ဘာမှ မခံစားရဘူး မဟုတ်ပါလား။ ကိုယ်နဲ့ ဆိုင်တယ်၊ ကိုယ်ပိုင်တယ်လို့ သတ်မှတ် မထားလို့ ပေါ့နော်။ ကိုယ်ပိုင်တယ် ကိုယ်နဲ့ ဆိုင်တယ်လို့ သတ်မှတ်ထားရင် ခံစား ကြရပါတယ်။

ဒီတော့ သားသမီး၊ ဇနီးနဲ့ ခင်ပွန်းတွေကို ကိုယ်ပိုင်တယ် ကိုယ်ဆိုင်တယ် ဆိုတဲ့ အထင်အမြင် မှားနေမှုကို သတိလေးနဲ့ လျော့ချရမယ်။ ကိုယ် မထားခဲ့လည်း တနေ့မှာ သူတို့က ကိုယ့်ကို ထားခဲ့မှာဘဲ။

ဒီသဘာဝကို နားလည် လက်ခံ နိုင်ရမယ်။ ကိုယ်တကယ် ပိုင်တာ၊ ကိုယ်တကယ် ဆိုင်တာက သံသရာတလျှောက် ကိုယ်ပြုလာခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံ တွေပဲ ဖြစ်တယ်။

ကိုယ့်ဘဝ သံသရာရဲ့ အဖော်မွန်အစစ် ဆိုတာ ကိုယ်ပြုထားတဲ့ ကုသိုလ်ကံ အကုသိုလ်ကံ တွေသာ ဖြစ်တယ်။ သား၊ သမီး၊ ဇနီးနဲ့ ခင်ပွန်း ဆိုတာက သုဿာန် ဟိုဘက်အထိ လိုက်လို့ မရဘူး။ ကိုယ်ပြုထားတဲ့ ကံတွေ ကတော့ ကိုယ်သွားရာ သံသရာကို နိဗ္ဗာန် မရောက်မချင်း အရိပ်လို လိုက်ပါ နေကြမှာ ဖြစ်တယ်။

လူဆိုတာ အကြောင်းဆုံလို့ ပေါင်းဆုံရတဲ့ အခါမှာ အကောင်းဆုံးနဲ့ ပေါင်းဆုံခဲ့ ကြသလို၊ အကြောင်း မဆုံတော့လို့ ခွဲခွာ ကြရတော့မယ် ဆိုရင်လည်း အကောင်းဆုံးနဲ့ ခွဲခွာနိုင်ဖို့ လိုတယ်။ ကိုယ်က သား၊ သမီး၊ ဇနီးနဲ့ ခင်ပွန်း တွေကို စွဲလမ်း တပ်မက်စိတ်နဲ့ သေတယ် ဆိုရင် မကောင်းတဲ့ ဘုံဘဝကို လားမယ်။

ကိုယ့်ရဲ့ စွဲလမ်း တပ်မက်စိတ်က သူတို့ကို ကောင်းကျိုး တစုံတရာ ပြုနိုင်သလား ဆိုတော့ မပြုနိုင်ဘူး။ ကိုယ့်အတွက် ကောင်းကျိုး ပြုသလား ဆိုတော့လည်း မပြုပါဘူး။ နှစ်ဖက်ရှုံး ရှုံးစေတယ်နော်။

ဒါကြောင့် နှစ်ဖက်ရှုံး မရှုံးရအောင် ဒီအချိန်က စလို့ မိသားစုကို ငါတကယ် မပိုင် ငါတကယ် မဆိုင်ဘူးလို့ နားလည်၊ လက်ခံပါ။ ဒီ အခြေအနေက ငါတယောက်ထဲ ကြုံနေရတာ မဟုတ်ဘူး ဆိုတာကိုလည်း နားလည် လက်ခံပါ။

မိသားစုကို ချစ်သလို ငါ့ကိုယ် ငါလည်း ချစ်မှ တော်မယ်လို့ တွေးပြီး ဒါန သီလ ဘာဝနာ အမှုတို့ကို ဘဝသံသရာမှ လွတ်မြောက်နိုင်သည့် နိဗ္ဗာန် ရောက်သည်အထိ ရည်မှန်းပြီး စွမ်းအားရှိသလောက် ပြုလုပ် အားထုတ်ပါ။ ပါချုပ်ဆရာတော်ဘုရား။ အမှောင်ပျောက်၍ အလင်းရောက်ပါစေ။ phoomyatchal

Post a Comment

1 Comments