ခွေးသေပုတ်ကို မကန်ပါနဲ့

အမေ ပြောပြဖူးတဲ့ ခွေးသေပုတ်ကို ခြေထောက်နဲ့ မကန်မိစေနဲ့ စကားလေးပါ။ တခုခုဆို ဆတ်ဆတ်ထိ မခံတတ်တဲ့ အကျင့် ကျွန်‌တော့်မှာ ရှိခဲ့တယ်။

ကိုယ်မှန်တယ် ထင်ရင် ပြောဆို ရဲသလို မှားတယ် ထင်ရင်လည်း တောင်းပန်ရဲတာ ကျွန်‌တော့် အကျင့်။ ကိုယ်မှန်လို့ ပြောပြီ ဆိုရင် ဘယ်သူ့ မျက်နှာမှ မကြည့်တတ် ခဲ့ဘူး။ အရိုင်းစိုင်း တယောက်လိုပဲ ဖြစ်ခဲ့ ဘူးတယ်။

မဟုတ် မခံတဲ့ အဲဒီ စိတ်လေးကို မသိစိတ်က သဘောကျမိလေ ကျွန်‌တော့်စိတ် မောက်မာလာ လေပဲ။ သွားမလုပ်နဲ့ သူကဆတ်ဆတ်ကြဲ စိတ်လည်း ကြီးတယ် မဟုတ်မခံ ပြန်ပြောတတ်တယ် တဲ့။

သူတို့တွေ အပြောမှာ ကျွန်‌တော့်ကိုယ် ကျွန်‌တော် အဟုတ်ကြီး မှတ်ခဲ့တယ်။ မဟုတ်တဲ့ ကိစ္စတခုကို ရှင်းရမှ စိတ်ကျေနပ်တာက ကျွန်‌တော် အကျင့်ဆိုး ကြီးလို ဖြစ်နေခဲ့တာ။

တနေ့ အမေနဲ့ အပြင် သွားတော့ လမ်းဘေး အမှိုက်ပုံ တခုမှာ ခွေးသေပုတ် ကောင်ကြီး အနံ့ တထောင်းထောင်းနဲ့ မြင်တွေ့ရတာ စိတ်ပျက်စရာပါ။

ကျွန်တော် နှာခေါင်းရှုံ့၊ လက်နဲ့ ကာလို့ မျက်နှာ မဲ့သွားတာ အမေမြင်တော့ အမေက ပြောတယ်။ "သား ခွေးသေပုတ်ကိုခြေထောက်နဲ့ ကန်ရဲလား" တဲ့။ "ကန်စရာလား အမေရယ်။ ဒီလောက် ပုတ်စော်နံ နေတဲ့ဟာကို" ဆိုတော့ အမေက ပြုံးတယ်။

"ဟုတ်တာပေါ့ သားရဲ့။ ကိုယ်မှန်သည် ဖြစ်စေ မှားသည် ဖြစ်စေ သူတပါး ပြောတဲ့စကား ကိုယ့်ကောင်းကျိုး ပါရဲ့လား စဉ်းစား။ ကိုယ့်ကို မဟုတ်တာ ပြောတယ်။ ကိုယ်က အဲဒီလူနဲ့ ဖက်ဖြစ်တော့ ဘာပြန်ရလဲ" တဲ့။

အမေ့ရဲ့ မေးခွန်းကြောင့် ကျွန်‌တော် နှုတ်ဆိတ်နေ မိတယ်။ တဖက်လူက ဆဲတယ်၊ ရိုင်းတယ်။ ကိုယ့်လည်း ပါးစပ် ပါတယ်ပြန်ပြောလို့ ရတာပဲ။ ဒါပေမယ့် မတူဘူးတဲ့။ အရိုင်းအစိုင်းနဲ့ ဖက်ဖြစ်ရင် ကိုယ်လည်း သူနဲ့ အဆင့်တူတူပဲ ဖြစ်သွားရောတဲ့။

ဟုတ်ပါတယ်။ ကျွန်‌တော် မေ့နေခဲ့တာ။ ကျွန်‌တော့်ရှေ့မှာ မဟုတ်မခံ ပြောတဲ့ လူတချို့ကလည်း ကျွန်‌တော့် နောက်ကွယ် အရိုင်းစိုင်းလေးလို့ ပြောနိုင်သားပဲ။ ကိုယ်မဟုတ်တဲ့ ကိစ္စအတွက် လေကုန်ခံ ပြောမနေတော့ဘူး။

အဲဒီအတွက် ကိုယ်လည်း ဒေါသ မဖြစ်ရ၊ ဒေါသ မထွက်ရ တော့ဘူး။ အနည်းဆုံးတော့ အမှား ကင်းလာတယ်။ လျစ်လျူရှု တတ်တာ တခုက အကျင့် ဖြစ်လာတယ်။ လူကြီး လူငယ် ဖြစ်ဖြစ် သူရိုင်းရင် သူ့အကုသိုလ်နဲ့ သူ သွားလိမ့်မယ်။ ဘာဆို ဘာမှ မပြောနေတော့ဘူး။

ခွေးဟောင်တိုင်းသာ လိုက်ကြည့်ရင် အိပ်ရေးပျက်ပြီး နေစရာ နေရာ မရှိတော့ သလိုပေါ့။ အဲဒီ နောက်ပိုင်း ခွေးသေပုတ် ကိုလည်း ခြေထောက် အပေခံပြီး မကန်တော့သလို အရာအားလုံး လျစ်လျူရှု တတ်အောင် နေခဲ့တယ်။ Juu

Post a Comment

0 Comments