ခွေးလေးတွေ၊ ကြောင်လေးတွေမှာ ကပ်နေတဲ့ သန်းတွေကို ဖယ်ရှားနိုင်မယ့်နည်းလမ်း (၄) မျိုး

အရမ်းကို သေးမွှားတဲ့ သန်းလေးတွေက ကြောင်လေးတွေ၊ ခွေးလေးတွေကို နာကျင်စေရုံမက လူသားတွေကိုပါ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ သန်းတွေက အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကျန်ရှိနေရင် သူတို့အတွက် ယားယံတာ၊ ပိုးဝင်တာ၊ နေမကောင်းဖြစ်တာတွေကို ကြုံတွေ့ရစေပါတယ်။

အဲဒါကြောင့် အိမ်မွေးတိရစ္ဆာန်လေးတွေမှာ သန်းတွေစွဲနေရင် ဘယ်လိုဖယ်ရှားပေးနိုင်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

သန်းတွေကို သာမန်မျက်လုံးနဲ့ ကြည့်ဖို့မလွယ်ကူပါဘူး။ သန်းတွေက အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ခန္ဓာကိုယ်မှာသာက သူတို့ရဲ့အိပ်ရာ၊ အရုပ်တွေမှာလည်း ကပ်နေတတ်ပါတယ်။ သူတို့ခန္ဓာကိုယ်မှာ သန်းတွေ တွေ့တာနဲ့ ချက်ချင်းဖယ်ရှား ပေးသင့်ပါတယ်။ သန်းတွေက ပွားလွယ်တာကြောင့် အချိန်တိုအတွင်း တစ်ကိုယ်လုံးကို ပျံ့နှံ့သွားစေမှာပါ။

အိမ်မွေးတိရစ္ဆာန်တွေရဲ့ခန္ဓာကိုယ်ပေါ်က သန်းတွေကို ဖယ်ရှားနည်း

သန်းတွေကို ဖယ်ရှားဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အဲဒီထဲကမှ အဆင်ပြေတဲ့နည်းကို ရွေးချယ်နိုင်ပါတယ်။

၁။ ရေချိုးပေးပါ။

ရေနွေး၊ နူးညံ့တဲ့ဆပ်ပြာနဲ့ သေသေချာချာ ရေချိုးပေးပါ။ သန်းပျောက်စေတဲ့ shampoo ကို သုံးမယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ ရေချိုးပေးမယ်ဆိုရင် ခေါင်းကနေ စပြီးချိုးပေးပါ။ ခန္ဓာကိုယ်အလယ်ပိုင်းကနေ စချိုးပေးရင် သန်းတွေက ခေါင်းပိုင်းနဲ့ အခြားနေရာတွေကို ပျံတက်သွားတတ်ကြပါတယ်။

ရေချိုးပေးတဲ့အခါ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ နားထဲကို ရေမဝင်ဖို့ သတိပြုပါ။ သူတို့ရဲ့ခန္ဓာကိုယ်က သန်းဥတွေ ပျောက်သွားဖို့ ၁၀ မိနစ်လောက် နှိပ်နယ်ပေးပါ။ ပြီးရင် ရေနွေးနဲ့ ရေပြန်လောင်းချပြီး တဘက်နဲ့သုတ်ပေးပါ။

၂။ ပေါင်ဒါကို အသုံးပြုပါ။

ရိုးရိုးပေါင်ဒါ မဟုတ်ဘဲ သန်းတွေကို ဖယ်ရှားပေးနိုင်တဲ့ diatomaceous earth ပေါင်ဒါကို အသုံးပြုပါ။ ပေါင်ဒါကို သုံးတော့မယ်ဆိုရင် သင်ကိုယ်တိုင် လက်အိတ်စွပ်ပြီး maskတပ်ပါ။ ပေါင်ဒါအမှုန်တွေက လေလမ်းကြောင်းကနေ ဝင်ပြီး ဓာတ်မတည့်တာ ဖြစ်စေနိုင်လို့ပါ။

ပေါင်ဒါကို ကြမ်းပြင်၊ ကော်ဇော၊ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့အိပ်ရာနဲ့ သူတို့အများဆုံးသွားတတ်တဲ့ နေရာတွေမှာ လိုက်ဖြူးပါ။ ပေါင်ဒါကို အိမ်မွေးတိရစ္ဆာန်လေးတွေကို မလိမ်းပေးရပါဘူး။ ပေါင်ဒါက ရေစိုသွားရင် အာနိသင် မရှိတော့ပါဘူး။

၃။ သန်းတွေကို ဖယ်ရှားတဲ့ ဘီးကိုအသုံးပြုပါ။

သန်းဥတွေ၊ သန်းတွေကို ဖယ်ရှားပေးနိုင်တဲ့ ဘီးနဲ့ သူတို့ရဲ့အမွေးကို ဖြီးပေးပါ။ အရင်ဆုံး ရေနွေးနဲ့ဆပ်ပြာကို ရောဖျော်ထားပါ။ ဖြီးကို ဆပ်ပြာရည်ထဲ ခဏနှစ်ထားပြီး ကြောင်လေးတွေ၊ ခွေးလေးတွေရဲ့အမွေးမှာ ဖြီးပေးပါ။

ဘီးမှာ သန်းတွေ ကပ်ပါလာရင် ရေထဲကို နှစ်လိုက်ပါ။ သန်းတွေက ပျံသန်းတာ အရမ်းမြန်တာကြောင့် လိုက်ပြီးမဖိလိုက်ပါနဲ့။ အဲဒီနောက် ခွေးလေးတွေ၊ ကြောင်လေးတွေကို ရေနွေးနဲ့ ရေချိုးပေးလိုက်ပါ။

၄။ သန်းတွေကို ထိန်းနိုင်တဲ့ဆေး

သန်းတွေကို ထိန်းနိုင်တဲ့၊ ဖယ်ရှားနိုင်တဲ့ဆေးတွေကို ဆေးရည်၊ ဖျန်းဆေး၊ ဆေးပြားအဖြစ် အမျိုးမျိုး ထုတ်လုပ်ကြပါတယ်။ အဲဒီဆေးတွေကို သုံးမယ်ဆိုရင် ခွေးလေးတွေ၊ ကြောင်လေးတွေအတွက် ဘေးထွက်ဆိုးကျိုးတွေ အများကြီး ဖြစ်စေပါတယ်။ အဲဒါကြောင့် ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ပဲ အသုံးပြုသင့်ပါတယ်။

အိမ်မှာ သန်းတွေကို ဘယ်လိုဖယ်ရှားမလဲ

- ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့ အိပ်ရာတွေကို ခဏခဏ သန့်ရှင်းရေး လုပ်ပေးပါ။ ရေနွေးကို အသုံးပြုပြီး လျှော်ပါ။ ချွတ်ဆေး သို့မဟုတ် ဘက်တီးရီးယားပျောက်တဲ့ဆပ်ပြာရည်နဲ့ လျှော်လို့လည်း ရပါတယ်။

- လေစုပ်စက်နဲ့ ကော်ဇော်တွေကို သန့်ရှင်းရေးလုပ်ပါ။

Zombie (lovemedia)

Post a Comment

0 Comments