အစားအစာတွေကို အထိန်းအကွပ်မရှိဘဲ အများကြီး စားမိလိုက်ရင် အချိန်ကြာလာတဲ့အခါ အဝလွန်တဲ့အထိ ဖြစ်လာစေမှာပါ။ အစားအစာတွေကို များများစားပါများရင် အစာအိမ်က ကျယ်သွားပြီး နောက်ပိုင်းမှာလည်း များများစားမှ ဗိုက်ပြည့်သလို ခံစားရစေပါတယ်။
အဲဒါကြောင့် ကိုယ်အလေးချိန်လျှော့ချင်သူတွေ၊ ကိုယ်အလေးချိန် ထိန်းချင်သူတွေအတွက် နည်းနည်းပဲစားပြီး ဗိုက်ပြည့်တယ်လို့ခံစားရစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
ရေများများသောက်ပါ။
တစ်ခါတရံမှာ ရေဆာတာကို ဗိုက်ဆာတာလို့ ထင်ကြပြီး အစားတွေပဲ စားမိလိုက်ကြပါတယ်။ တကယ်တော့ ရေတစ်ခွက်လောက် သောက်ဖို့ လိုနေတာပါ။ ပျမ်းမျှအားဖြင့် တစ်နေ့ကို ရေ ၂ လီတာခန့် သောက်ပေးသင့်ပါတယ်။
အစာအိမ်ထဲမှာ ရေတွေရှိနေရင်လည်း ဗိုက်ပြည့်သလို ခံစားရစေပါတယ်။ အဲဒါကြောင့် အစာမစားခင် မိနစ် ၃၀ အလိုမှာ ရေကို သောက်ပေးသင့်ပါတယ်။ အဲဒါဆို အစာကို နည်းနည်းပဲ စားဖြစ်တော့မှာပါ။
ဖြည်းဖြည်းချင်းစားပါ။
မြန်မြန်စားတဲ့အခါ ဦးနှောက်က ဗိုက်ပြည့်တယ်လို့ မခံရပါဘူး။ ဖြည်းဖြည်းချင်းစားတဲ့အခါ နည်းနည်းပဲ စားရင်တောင် ဗိုက်ပြည့်တယ်လို့ ခံစားရစေပါတယ်။ အစာစပြီး စားတဲ့အချိန်ကနေ ဗိုက်ပြည့်တယ်လို့ ဦးနှောက်က သိရှိဖို့ မိနစ် ၂၀ ခန့် ကြာမြင့်ပါတယ်။
အာရုံစိုက်ပြီး စားပါ။
အစားအစာတွေကို စားတဲ့အခါ အရသာ၊ ချက်ထားတဲ့ပုံစံ၊ ပြင်ဆင်ထားတဲ့ပုံစံကို အာရုံစိုက်ပြီး ကြည့်ကြည့်ပါ။ အဲဒီအခါ နည်းနည်းပဲ စားရင်တောင် ဗိုက်ပြည့်တယ်လို့ ဦးနှောက်က သိရှိသွားပါတယ်။
စားမယ့်ပမာဏကို ဆင်ခြင်ပါ။
အစားတွေ အများကြီး စားမိတော့မယ်ဆိုရင် အရေးကြီးဆုံးက ဝင်သလောက် မစားမိဖို့ပါပဲ။ စားနေချိန်မှာ အခြားအရာတွေကို တွေးတောမိနေရင် အများကြီး စားမိသွားတတ်ပါတယ်။ အဲဒါကြောင့် သင်က အစားအစာကို ထိန်းချုပ်ပြီး စားနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် အားပေးပြီး နည်းနည်းပဲ စားပါ။
အရသာရှိတဲ့ အစားအစာတွေကို မမြင်မိအောင်နေပါ။
အစားအစာတွေကို မြင်မိတဲ့အချိန်နဲ့ ဗိုက်ဆာတဲ့အချိန် တိုက်ဆိုင်နေရင် အများကြီး စားမိသွားတတ်ပါတယ်။ အဲဒါကြောင့် ကယ်လိုရီများတဲ့ အစားအစာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေ၊ အချိုများတဲ့ အစားအစာတွေ ရှိတဲ့နေရာကို မသွားဘဲ စားသင့်သလောက် ပမာဏကိုသာ စားသုံးပါ။
အိမ်မှာပဲ စားပါ။
အိမ်မှာတင် ချက်ပြုတ်စားတာက ငွေကုန်ကြေးကျသက်သာပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ပြီးတော့ စားမယ့်အစားအစာနဲ့ စားသင့်တဲ့ပမာဏကို ထိန်းချုပ်ပြီးသားလည်း ဖြစ်စေပါတယ်။
အစားအစာထဲမှာ ပရိုတိန်းကို ထည့်သွင်းစားသုံးပါ။
ပရိုတိန်းက ကာဗွန်ဟိုက်ဒရိတ် အစားအစာတွေထက် အစာချက်ချိန် ပိုကြာပါတယ်။ အဲဒါကြောင့် ဗိုက်ပြည့်နေတယ်လို့ အချိန်အကြာကြီး ခံစားမိစေပါတယ်။ မနက်စာအတွက် ပရိုတိန်းပါတဲ့ အစားအစာတွေကို စားတာက တစ်နေကုန်စာအတွက် ကယ်လိုရီများတဲ့ အစားအစာတွေ မစားမိအောင် ထိန်းချုပ်ပြီးသား ဖြစ်စေပါတယ်။
ပန်းကန်ပြောင်းစားပါ။
ပုံမှန်စားနေကျ ပန်းကန်ထက် ပိုသေးတဲ့ပန်းကန်ကို ရွေးချယ်ပါ။ ပန်းကန်သေးသေးလေးနဲ့ စားရင် ဦးနှောက်က အများကြီး စားမိသွားပြီလို့ ထင်စေပါတယ်။ မုန့်တွေကို အထုတ်ထဲကနေ ဖောက်စားတာထက် ပန်းကန်ထဲ ပြောင်းထည့်ပြီး စားပါ။ အဲဒီအခါ ပမာဏအများကြီး မစားမိတော့ပါဘူး။
အစားအစာတွေကို သေးသေးလေးတွေ ဖြစ်အောင်လုပ်ပြီးမှ စားပါ။
သင်စားမယ့် အစားအစာတွေကို သေးသေးလေးတွေဖြစ်အောင် တူ၊ ခက်ရင်းတို့ကို အသုံးပြုပါ။ အဲဒီအခါ ဝါးရတာ ပိုကောင်းပြီး ဗိုက်ပြည့်တယ်လို့ ထင်ရစေပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုပဲ ရွေးချယ်စားသုံးပါ။
အသားစားမယ်ဆိုရင် အဆီနည်းတဲ့အသားကို ရွေးချယ်ပြီး နို့ချောကလက်အစား ချောကလက်အညိုရောင်ကိုသာ စားသုံးပါ။
တီဗွီကြည့်ရင်း အစားမစားပါနဲ့။
တီဗွီကြည့်ရင်းနဲ့ အစားစားတဲ့အခါ ဘယ်လောက်စားမိလဲ ဆိုတာ သတိမထားမိဘဲ အများကြီး စားမိသွားတတ်ပါတယ်။ အဲဒါကြောင့် အစားစားမယ်ဆိုရင် အာရုံစိုက်ပြီးစားတာက စားတဲပမာဏကို ထိန်းချုပ်ပြီးသား ဖြစ်စေပါတယ်။
လက်ကို ပြောင်းစားပါ။
သင်က ညာသန်ဆိုရင် ဘယ်လက်နဲ့ ပြောင်းစားပါ။ အဲဒီအခါ စားတဲပမာဏရဲ့ ၃၀ ရာခိုင်နှုန်းကို လျှော့စားပြီးသားဖြစ်စေပါတယ်။ တူနဲ့စားရတာ မကျွမ်းကျင်ဘူးဆိုရင် တူနဲ့စားကြည့်ကြည့်ပါ။
ပုံမှန်စားနေကျထက် လျှော့စားပါ။
သင်က ကိုယ်အလေးချိန်ကို လျှော့နေသူဆိုရင် ပုံမှန်စားနေကျပမာဏရဲ့ ၂၀ ရာခိုင်နှုန်းကို လျှော့လိုက်ပါ။ လျော့သွားတဲ့ ၂၀ ရာခိုင်နှုန်းနေရာမှာ အသီးအရွက်တွေကို ထည့်သွင်းစားသုံးပါ။ ဒီနည်းက အာဟာရဖြစ်စေတဲ့အပြင် ဗိုက်ပြည့်တယ်လို့လည်း ခံစားရစေပါတယ်။
Zombie (lovemedia)
0 Comments