တစိုက်မတ်မတ် တူးဖို့လိုပါတယ်

တခါတုန်းက လူတယောက်ဟာ သူ့ရဲ့ ယာတောမှာ ရေလိုလို့ ရေတွင်းတတွင်း တူးပါတယ် ။ အတောင် (၂၀) လောက်လည်းရောက်ရော လူလည်း တော်တော်ကြီးကို မောပန်း နေပါတယ်။ ဒါပေမယ့် ရေတွေ့မယ့် အရိပ်အယောင် အနံ့အသက် တောင်မှ မရသေးပါဘူး။

အဲဒါနဲ့ အမောဖြေ နေတုန်း လူတယောက် ရောက်လာပြီး ပြောပါတယ်။ "ခင်ဗျားဗျာ၊ ဒီလို နေရာမှာ ရေတွင်းတူးလို့ ဘယ်ရေ တွေ့မှာလဲ။ လာ ကျွန်တော် ပြတဲ့ နေရာမှာသာ တူးလိုက်၊ အတောင် (၂၀) မပြည့်ခင် ရေမတွေ့ရင် ကျုပ်ကို ပြောချင်သလို ပြော" ဆိုပြီး နေရာသစ် တခုကို လိုက်ပြပါတယ်။

အဲဒါနဲ့ အဲဒီလူ ပြတဲ့ နေရာမှာ သူဆက်ပြီး တူးပါတယ်။ အတောင် (၂၀) ကျော် အစိတ်လောက် ရောက်သည်အထိ ရေက မတွေ့ ပါဘူး။ သူလည်း မောကလည်းမော၊ စိတ်ကလည်း တော်တော် ပျက်နေပါတော့တယ်။ အဲဒီတုန်း နောက်ထပ် ဆရာတယောက် ရောက်လာ ပြန်ပါတယ်။ သူကလည်း ပြောတယ်။

"ဟာ၊ ဒီလူတွေ ရေကြော အကြောင်း ဘာမှ မသိဘဲနဲ့ လျှောက်ပြော နေကြတာ ဒုက္ခပါဘဲ။ လာလာ၊ ကျွန်တော့်နောက် လိုက်ခဲ့၊ ကျွန်တော်ပြတဲ့ နေရာမှာသာ တူးလိုက်။ အတောင် ၂၀ နဲ့ အစိတ်ကြား လောက်မှာ ရေတွေ့ကို တွေ့ရမယ်" ဆိုပြီး နေရာသစ် တခုကို လိုက်ပြပြန် ပါတယ်။

အဲဒါနဲ့ သူလည်း "အင်း ဒီလူ ပြောတာတော့ ဟုတ်ဟန် တူတယ်။ နေရာသစ်ကို တူးမှ" ဆိုပြီး နေရာသစ်မှာ နောက်ထပ်ရေတွင်း တတွင်း တူးပြန် ပါတယ်။ ဟိုလူ ပြောသလို အတောင်အစိတ် ကျော်ပြီး ၃၀ နား ကပ်လာတာတောင် ရေက အရိပ်အငွေ့ တောင် မမြင်ရ ပါဘူး။ လူကလည်း ဖတ်ဖတ် မောနေပါပြီ။ ဒါနဲ့ သူလည်း အမောဖြေရင်း ထိုင်စဉ်းစား ပါတယ်။

"အင်း ပထမဆုံး တူးခဲ့တာ အတောင် ၂၀၊ ဒုတိယတွင်းမှာ အတောင် အစိတ်၊ တတိယတွင်းမှာ အတောင် ၃၀ နဲ့ ပေါင်းလိုက်ရင် ငါတူးခဲ့တာ အတောင် ၇၀ တောင် ကျော်နေပါ ကောလား။ ငါ့ဟာငါ ဆက်တူးနေရင် ဒီနယ်မှာ အတောင် ၆၀ ကျော်အောင် တူးရတဲ့ ရေတွင်း ခပ်ရှားရှားရယ်။

သူများ စကား နားယောင်ပြီး ဟိုတွင်းတူး ဒီတွင်းတူးနဲ့ မောတာသာ အဖတ် တင်တယ် ငါ့တွင်းဘဲ ငါ ဆက်တူးတော့မယ်" ဆိုပြီး သူ ပထမဆုံး တူးခဲ့တဲ့ တွင်းဆီ ပြန်သွားပြီး တူးလိုက်တာ အတောင် ၄၀ ကျော် လောက်မှာ ရေတွင်းက အောင်သွားပြီး ရေတွေ့သွား ပါတော့တယ်။

ကျွန်တော်တို့ ဘဝမှာလည်း ဒီလိုပါဘဲ။ အစ ကတော့ အားကြိုးမာန်တက်နဲ့ စခဲ့ကြပေမယ့် တဝက် တပျက် ရောက်ခါမှ အကြောင်း အမျိုးမျိုးနဲ့ ရပ်နားထားတဲ့ အလုပ်တွေ၊ စီမံကိန်းတွေ၊ ဘဝ ရည်မှန်းချက်တွေ ဘယ်လောက်တောင်မှ များခဲ့ ပြီလဲ။ ကြီးမားတဲ့ ဘဝ ရည်မှန်းချက်တွေ သာမက အတတ်ပညာ တခု သင်ယူတာ၊ သင်တန်း တခု တက်တာ၊ ကိုယ် အလေးချိန် ချတာ စတဲ့ ကိစ္စလေးတွေ အပါအဝင်ပေါ့။

မိတ်ဆွေတို့တော့ မသိဘူး။ ကျွန်တော့်မှာတော့ ဒီလို ကိစ္စတွေ မရေမတွက် နိုင်အောင် များခဲ့လှ ပါပြီ။ ရလာဒ် ကတော့ ဘာကိုမှ အောင်မြင် ပြီးစီးအောင် မလုပ်နိုင်ဘဲ သူလို ငါလို ဘဝမှာဘဲ ယောင်ချာချာ ဖြစ်နေရတာ ပါဘဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ကျဆင်း လာပါတယ်။

အထက်က ရေတွင်းတူးတဲ့ လူလို စပြီး တူးမိတဲ့ ရေတွင်း တခုကိုသာ ရေတွေ့သည် အထိ ပြီးစီးအောင် တူးမယ်၊ ပြီးရင် နောက်တတွင်း ဆက်ပြီး တူးမယ် ဆိုရင် ကျွန်တော်တို့မှာ ရေထွက် နေတဲ့ ရေတွင်းပေါင်း များစွာ ပိုင်ဆိုင် နေပြီပေါ့။ အခုတော့ ရေ မထွက်တဲ့ တွင်းတွေ ဟိုမှာလည်း တတွင်း ဒီမှာလည်း တတွင်းနဲ့ တွင်းတွေသာ များနေပြီး ဘာမှ သောက်လို့ မရ၊ သုံးလို့ မရနဲ့ "အသုံးမကျတဲ့ ရေတွင်း ပိုင်ရှင်တွေ" ဘဲ ဖြစ်နေရတော့ တာပေါ့။

ကိုယ့်ဘဝကိုယ် ပြန်ပြီး သုံးသပ်ကြည့် လိုက်ရင် ကျွန်တော်တို့ အဖြစ်ဟာ ရေမထွက်တဲ့ ရေတွင်းတွေရဲ့ အလည်မှာ ငုတ်တုတ်ထိုင် မှိုင်တွေ ချနေရတဲ့ အဖြစ်မျိုးပါ။ ရေထွက်အောင် တူးသွားနိုင်သူတွေ ကတော့ သူတို့ တူးထားတဲ့ ရေတွင်းထဲကရေတွေကို ပျော်ရွှင်စွာ သောက်သုံး နေကြတဲ့ အချိန်မှာ ကျွန်တော်တို့ ကတော့ သူတို့ကို ငေးကြည့်နေ ရတယ်။

ကဲ မိတ်ဆွေ ခင်ဗျားလည်း လူ၊ သူတို့လည်းလူ အတူတူ ပါဘဲဗျာ။ ဘာမှ ကွာခြားချက် မရှိပါဘူး။ ကျွန်တော်တို့ တကယ် လိုအပ်နေတာ ကတော့ ရေတွင်းကို ပြီးစီးအောင် ဆက်တူးကြဖို့ ပါဘဲ။ ကဲ ကနေ့က စပြီး ကျွန်တော်နဲ့ အတူတူ ခင်ဗျား တူးလက်စ ရေတွင်းတွေ ထဲက ခင်ဗျား အတူးချင်ဆုံး ရေတွင်း တတွင်းကို ပြန်ရွေးချယ်လိုက်ပြီး ပြန်တူးကြရအောင်လား။ ရေထွက်သည့် တိုင်အောင်ပေါ့။

ကိုယ်တူးလိုက်တဲ့ ရေတွင်းက ရေထွက်လာတဲ့ အောင်မြင်မှုနဲ့ ကျေနပ်ပီတိ ဖြစ်ရမှုတို့ကို ကျွန်တော်တို့ ခံစားရယူ ကြမယ်လေ။ "ငါ လုပ်နိုင်တယ်၊ ငါ စွမ်းဆောင်နိုင်တယ်" ဆိုတဲ့ ယုံကြည်မှုတွေကို ကျွန်တော်တို့ ဘဝမှာ ပြန်ပြီး တည်ဆောက်ယူ ကြမယ်။ကျွန်တော်တို့ စိတ်ဓာတ် ခွန်အားတွေ မွေးပြီး ပြန်ကြိုးစား ကြရအောင်လား။

ကျွန်တော်တို့မှာ တူးလက်စ ရေတွင်း တခုမဟုတ် တခုကတော့ ကိုယ်စီ ရှိနေကြတာဘဲ မဟုတ်လား။ ဒီတော့ အခုဘဲ စလိုက်ကြပါစို့။ အချိန် မနှောင်းသေး ပါဘူး။ ကျွန်တော်တို့ ရေတွင်း ပြန်တူးကြ မယ်လေ။ (ဇွဲနဲ့သာ တစိုက်မတ်မတ် တူး။ နောက်ဆုံး ရေတွေ့ရမှာ မလွဲပါဘူး) ဗဟုသုတ ရသစာပေ

Post a Comment

0 Comments