စိန်ဖြစ်သွားသော မျက်ရည်များ

တခါက တိုင်းပြည် တပြည်မှာ ဘုရင်ကြီး တပါး ရှိတယ်။ အဲဒီဘုရင်ကြီးမှာ ချစ်စရာ ကောင်းတဲ့ သမီးနှစ်ယောက် ရှိတယ်။ အဲဒီဘုရင်ကြီးရဲ့ မိဘုရားကြီး ကတော့ မရှိတော့ပါဘူး။ အဲဒါနဲ့ ဘုရင်ကြီးဟာ နောက်ထပ် မိန်းမတယောက် ယူလိုက်တယ်။ သူယူလိုက်တဲ့ မိန်းမဟာ ဝမ်းတွင်းစုန်းတယောက် ဖြစ်တယ်။

တနေ့တော့ ကလေး နှစ်ယောက်လုံး အလွန် ငိုကြတယ်။ ဒီတော့ မိဘုရားကြီးကလည်း ဒီလောက် ငိုတဲ့ ကလေးတွေ ပညာပေးရမယ် ဆိုပြီးတော့ မှော်ဆေးရည် တမျိုးနဲ့ ပြုလုပ်ပြီးတော့ ကလေးတွေကို တိုက်ပြီး ကျိန်စာ တိုက်လိုက်တယ်။

ကျိန်စာ ကတော့ သူတို့ နှစ်ယောက် ငိုရင် မျက်ရည်တွေက စိန်တွေ ဖြစ်ပါစေ ဆိုပြီးတော့ပေါ့။ ပြီးတော့ ဘုရင်ကြီးကို ဒီအကြောင်း ပြောပြ လိုက်တယ်။ ဘုရင်ကြီးက အလွန် ဝမ်းသာ သွားတယ်။

သူကိုယ်တိုင် သွားကြည့်တော့လည်း စိန်တွေ ကျနေတယ်။ ဘုရင်ကြီးက ဒါတွေဟာ နတ်တွေ ဖန်ဆင်းပေးတာ ဖြစ်ရမယ် ဆိုပြီးတော့ ပျော်နေတယ်။

အဲဒီနေ့ ကစပြီးတော့ မင်းသမီး နှစ်ယောက်လုံးကို အမြဲ ငိုအောင် ဘုရင်ကြီးက ထားတယ်။ ရိုက်တယ်၊ အလို မကျအောင် လုပ်တယ်။ မင်းသမီးတွေက ငိုတော့ စိန်တွေ ကျတယ်။ ဒီလိုနဲ့ ဘုရင်ကြီးဟာ ချမ်းသာသထက် ချမ်းသာလာတယ်။

ဒီလိုနဲ့ အရွယ် ရောက်လာတော့ မင်းသမီးလေးတွေကို ဘုရင်ကြီးက အိမ်ထောင်ချပေးဖို့ စဉ်းစားတယ်။ မင်းသမီးလေးတွေက တော့ ဘုရင်ကြီးကို တခု တောင်းဆိုတယ်။ သူတို့ချစ်တဲ့ သူကို ယူမယ်ပေါ့။ ဘုရင်ကြီးကလည်း သဘောတူ လိုက်တယ်။

အဲဒီလိုနဲ့ ပထမ မင်းသမီးလေး တယောက်က မင်းသားလေး တပါးနဲ့ ညားပြီး မင်းသားလေး တိုင်းပြည်ကို လိုက်သွားတယ်။နောက်မင်းသမီးလေး ကတော့ လယ်သမား တယောက်နဲ့ ချစ်ကြိုက်ပြီးတော့ လယ်သမားနဲ့ လယ်တောထဲ လိုက်သွားတယ်။

အချိန်တွေ ကြာလာတဲ့အခါ ဘုရင်ကြီးက မင်းသမီးလေးတွေကို လွမ်းလို့ သူတို့ နေတဲ့ နေရာတွေကို လိုက်သွားဖို့ ထွက်လာတယ်။ ပထမ မင်းသမီးလေး ကတော့ စိန်တွေ အပြည့်နဲ့ နန်းတော်ကြီးမှာ မင်းသားလေးနဲ့ နေထိုင်တယ်။

မင်းသားလေးက အချိန်ရှိတိုင်း မင်းသမီးလေးကို ငိုအောင် မျက်ရည်ကျအောင် အမျိုးမျိုး နှိပ်စက်နေတာကို တွေ့တယ်။ အဲဒါနဲ့ ဘုရင်ကြီးလည်း ခဏနေပြီး ပြန်လာခဲ့တယ်။ ဒီလိုနဲ့ လယ်တောအိမ်ကို လိုက်သွားတယ်။ သူ့ရဲ့ ဒုတိယသမီးကို တွေ့ဖို့ပေါ့။

လယ်တောအိမ်ကို ရောက်တော့ ဘုရင်ကြီးက အရမ်း အံ့သြသွားတယ်။ သူ့သမီး နေထိုင်တဲ့ အိမ်လေးဟာ သာမန် လယ်တောအိမ်လေး ဖြစ်ပြီးတော့ လယ်သမားနဲ့ အတူ ဆင်းဆင်းရဲရဲ နေထိုင်နေတာ တွေ့တော့ ဘုရင်ကြီးက လယ်သမားကို ခေါ်လိုက်ပြီး ဒေါသထွက်ထွက်နဲ့

"မင်းကွာ ငါ့သမီး ငိုရင် စိန်တွေ ကျပြီးတော့ အဲဒါတွေနဲ့ မင်းချမ်းသာနိုင်တာကို ဘာလို့ ငါ့သမီးကို ဒီလိုမျိုး ဆင်းဆင်းရဲရဲ ထားတာလဲကွာ" လို့ ပြောလိုက်တယ်။

ဒီတော့ လယ်သမားက "ဘုရင်ကြီးရယ် အရှင့်သမီးက ကျွန်တော် ချစ်ရတဲ့သူပါ။ ချစ်ရတဲ့ သူကို မျက်ရည် ကျခိုင်းပြီး တော့မှ ချမ်းချမ်းသာသာ နေရမယ် ဆိုရင် အဲဒီ ချမ်းသာမှုမျိုးကို အလိုမရှိပါ။

အခုလို နှစ်ယောက်သား ကိုယ်ရှာဖွေထားတာတွေနဲ့ စားသောက်ပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်တာဟာ ကျွန်တော့် အတွက်တော့ စိန်တောင်ကြီးနဲ့ တောင် မလဲနိုင်ပါ" လို့ ပြန်ဖြေလိုက် ပါတော့တယ်။ Crd

Post a Comment

1 Comments