နာရီနှင့် လူတန်းစားအကြောင်း

ကျနော့် အသက် ၆ နှစ် ပြည့်မှာ မေမေက နာရီကြည့်နည်း သင်ပေးပါတယ်။ "ဒီလို သားရဲ့ လက်တံ အရွယ် ၃ မျိုးကို တွေ့တယ်မဟုတ်လား။ အေး၊ လက်တံ အရှည်ဆုံးက စက္ကန့်တံ လို့ ခေါ်တယ်။

သူကတော့ အလုပ် အများဆုံး ပေါ့။ ဒါပေမယ့် သူ့ကို ဘယ်သူမှ ဂရုမစိုက် ကြဘူး။ သူမှ အလုပ် မလုပ်ရင် ကျန်တဲ့ လက်တံတွေပါ အလုပ် မလုပ်တော့ဘူးပေါ့"

"ဒါဆို သူက အဓိကပေါ့နော် မေမေ" ဟု ကျနော် စောဒက တတ်မိတယ်။ "မဟုတ်ဘူး သားရဲ့ အချိန်ကို ပြောရင် စက္ကန့် ထည့်မပြောဘူး" ကျနော်က ထပ်မေးတယ်။ "မေမေ ပြောတော့ စက္ကန့်တံက အလုပ် အများဆုံးဆို။ သူ့ကိုပါ ပြောရမှာပေါ့"

မေမေက ပြန်ပြောတယ်။ "အလုပ်သာ များတယ် သူလုပ်တာကို ဘယ်သူမှ ဂုဏ်ဖော်ပြီး မပြောဘူး။ မလိုအပ်ဘူး လို့ ထင်နေကြတယ်လေ။ လူတန်းစား အနေနဲ့ ကြည့်ရင် အောက်ခြေ လူတန်းစား မျိုးပေါ့"

အမေက ဆက်ပြောတယ်။ "စက္ကန့်တံထက် နည်းနည်း တိုတာ တွေ့လား။ အဲဒါက မိနစ်တံ လို့ ခေါ်တယ် သားရဲ့။ သူကတော့ စက္ကန့်တံလေး လှည့်နေတာ တပတ် ပြည့်မှ နည့်နည်းပဲ ရွေ့တာ။

"သူလည်း အလုပ် လုပ်ရပေမယ့် သူကတော့ သူ့နာမည်ကို ရအောင် ယူတတ်တော့ နာရီ ကြည့်ရင် သူ့နာမည်ပါ ထည့်ပြောရတယ်။ စက္ကန့်လေး ကြိုးစားသမျှ သူက သာသာလေး နာမည် ယူရုံပဲ။ လူတန်းစား အနေနဲ့ ပြောရင် ပညာတတ် လူတန်းစား ပေါ့"

"နောက်ဆုံး အတိုဆုံး လက်တံလေး တွေ့လား။ အဲဒါ နာရီ လက်တံပဲ သား ။ သူကတော့ မိနစ်တံလေး တပတ် ပြည့်မှ ဂဏန်း တခုကနေ တခု သိသိသာသာ ပြောင်းတယ်။

အဲ့ဒီလို လူမျိုးကျတော့ အုပ်ချုပ်သူ လူတန်းစား ပေါ့။ စက္ကန့် ရပ်နေတယ် ပျက်နေတယ် လို့ မပြောဘူး။ နာရီ ပျက်နေတယ် လို့ပဲ ပြောတယ်။ နာရီဆိုတာ အဲဒီ အတိုဆုံး အချောင်းလေးပေါ့ သားရယ်" တဲ့။

ကျနော် အရွယ် ရောက်တော့ လုပ်ငန်းခွင်ထဲမှာ အမေပြောတဲ့ လူ ၃ မျိုး ကို တွေ့ရတယ်။ ကျနော် တွေ့တာတော့ အလွှာ ပေါင်းစုံမှာ စက္ကန့်လို လူတွေ တွေ့ရတယ်။

အလုပ် အရမ်း လုပ်တယ်။ အကောင်း အပြော မခံရဘူး။ ဘေးထုတ်ထားကြတယ်။ ဒါပေမယ့် သူ့အလုပ်သူ ပုံမှန် လုပ်တယ်။

မိနစ်လို လူမျိုးကျ ပြန်တော့ အလုပ် လုပ်တယ်။ ဆရာကြီး ဝင်လုပ်တယ်။ တခါတလေမှ လုပ်တတ်တယ်။ သူ့တို့ ကတော့ နေရာ အသင့်တင့် ရကြတယ်။

ဘာမှ မယ်မယ် ရရ မလုပ်၊ သူများ လုပ်တာတွေ အကုန် သူလုပ်သလိုလို ဆရာကြီး ဝင်လုပ် နာမည်ယူတတ် သူများ ကတော့ နာရီ လက်တံလို လူမျိုးပေါ့။ လူကြီးချစ် အပေါ်ဖား အောက်ဖိနဲ့ လူမျိုးတွေပါ။ မိတ်ဆွေကရော ဘယ်လို လူစားမျိုးလဲ။ Crd

Post a Comment

0 Comments