ကားတာယာ လဲတော့မယ်ဆိုရင် ဂျင်းမမိစေဖို့

ကားတာယာ ဆိုတာ ကားတစီး အတွက် အရမ်း အရေးကြီးတဲ့ အစိတ်အပိုင်းပါ။ ကားဘရိတ် ဘယ်လောက် ကောင်းကောင်း၊ ကားမောင်းသူ ဘယ်လောက် ကျွမ်းကျွမ်း၊ လမ်းဘယ်လောက် ကောင်းကောင်း ကားတာယာ မကောင်းရင် အရမ်း အန္တရာယ် ကြီးပါတယ်။

ယခင်က ကားပိုင်ရှင် တချို့က ကားတာယာကို ကြိုး ပေါ်တဲ့ အထိ (တာယာပန်းကုန်) အသုံး ပြုကြ ပါတယ်။

ယနေ့ခေတ် မှာတော့ ကားနှင့် ပတ်သက်ပြီး အတွေ့အကြုံများ လာခြင်း၊ ဗဟုသုတ ကြွယ်ဝလာခြင်းနှင့် အတူ လိုအပ်တဲ့ အစိတ်အပိုင်း တွေကို သတ်မှတ်အချိန်၊ သတ်မှတ် ကာလာ၊ သတ်မှတ်ကီလို (မိုင်) အလိုက် လဲလှယ် လာကြ ပါတယ်။

ဒါပေမယ့် လောဘသားကောင် များက ဈေးနှုန်း လျော့ချ၊ မက်လုံးများ ပေးကာ ကားပစ္စည်း များကို ပြုပြင် ပြင်ဆင်ပြီး ပြန်ရောင်းနေ ကြပါတယ်။

အင်ဂျင်ကူးလန့် အတု၊ အင်ဂျင်ဝိုင် အတု၊ ဒီဇယ်ဆီ အတု၊ ပလပ် အတု စသည်တွေ အပြင် ကားရဲ့ အရေးကြီး အစိတ်အပိုင်း ဖြစ်တဲ့ ကားတာယာတွေ ကိုလည်း ထုတ်လုပ်သည့် ခုနှစ်များ ပြင်ဆင်ကာ ဈေးကွက်မှာ တင်သွင်း လာကြပါတယ်။

ကားရဲ့ တခြား အစိတ်အပိုင်း တွေက ကားအသုံးပြုသူကို အန္တရာယ် ဖြစ်လောက်သည် အထိ တိုက်ရိုက် မထိခိုက်နိုင် သော်လည်း ကားတာယာကို ထုတ်လုပ်သည့် ခုနှစ် (Tire Date) ပြောင်းလဲပြီး ပြန်ရောင်းတာ ကတော့ တော်တော်လေးကို အောက်တန်း ကျတဲ့ စီးပွားရှာနည်းဘဲ ဖြစ်ပါတယ်။

သက်တမ်း လွန်နေတဲ့ ကားတာယာ တွေရဲ့ ထုတ်လုပ်သည့် ခုနှစ် (Tire Date) တွေကို သေချာ ပြုပြင်ပြီး ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချ ကြပါတယ်။

ကားတာယာရဲ့ သက်တမ်းက ထုတ်လုပ် ထားတဲ့ အချိန်မှ စပြီး အများဆုံး ၆ နှစ်သာ အသုံးပြုသင့် တာပါ။

အကယ်၍ လုံးဝ အသုံးမပြုရ သေးဘဲ တာယာ ဂိုဒေါင်၊ တာယာ အရောင်းဆိုင်မှာ သက်တမ်း ၆ နှစ် ပြည့်သွားခဲ့တယ် ဆိုရင်လည်း အဲ့ဒီတာယာကို မသုံးသင့် တော့ပါဘူး။

ဒါကြောင့် မိတ်ဆွေတို့ အနေနဲ့ ကားတာယာ ဝယ်တော့မယ် ဆိုရင် တာယာသက်တမ်းကို သေချာ စစ်ဆေးသင့် သလို မိမိယုံကြည် စိတ်ချ ရတဲ့ တာယာဆိုင်တွေ မှာသာ ဝယ်ယူ အသုံးပြု သင့်ပြီး နားလည် တတ်ကျွမ်းသူများ နှင့်သာ ဝန်ဆောင်မှု ရယူစေချင်ပါတယ်။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြ ပါစေ။ ခရမ်းသားလေး

Post a Comment

0 Comments