သင့်အိမ်မှာ အင်းဆက်ပိုးမွှားတွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်ရအောင် ဒီအချက် (၈) ချက်ကို ပြုလုပ်ပါ

အင်းဆက်ပိုးမွှားတွေက သင့်အိမ်ထဲကို မခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်ဆိုးတွေပါပဲ။ သူတို့တွေက အိမ်က သစ်သားတွေ၊ အပင်တွေ၊ အထည်တွေကို ကိုက်စားပြီး ရောဂါပိုးတွေ ချန်ထားခဲ့တတ်ကြပါတယ်။

အဲဒါကြောင့် အန္တရာယ်ပေးတတ်တဲ့ အင်းဆက်ပိုးမွှားတွေ အိမ်ထဲကို ဝင်မလာအောင် ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ စာအုပ်အဟောင်းများ

စာအုပ်အဟောင်း၊ စာရွက်အဟောင်းတွေက ပိုးမွှားတွေကို ဆွဲဆောင်ပါတယ်။ သတင်းစာတွေကြား၊ စာအုပ်အဟောင်းပုံတွေကြားမှာ ခြတွေ၊ ပိုးဟပ်တွေ စတဲ့အင်းဆက်ပိုးတွေက ဝင်နေတတ်ပါတယ်။ ပိုးမွှားတွေ ပွားမလာဖို့အတွက် စာအုပ်အဟောင်းတွေကို ရှင်းပစ်ဖို့ အဆင်မပြေဘူးဆိုရင် စာအုပ်တွေကို ပလက်စတစ်ပုံးထဲမှာ ထည့်ပြီး သိမ်းထားလိုက်ပါ။

၂။ မီးသီး

မီးသီးတွေမှာ ပိုးမွှားတွေ လာပြီး ကပ်နေတတ်ပါတယ်။ ပိုးမွှားတွေ လာမကပ်ဖို့အတွက် LED မီးသီးတွေကို ရွေးချယ်ပါ။ ဒါမှမဟုတ် အနွေးဓာတ်ထုတ်လွှတ်တဲ့ မီးသီးတွေဆိုရင်လည်း ပိုးမွှားတွေ လာမကပ်နိုင်တော့ပါဘူး။

၃။ အဖြူရောင်ပြူတင်းပေါက်နဲ့ တံခါးဘောင်များ

သင့်အိမ်မှာ အဖြူရောင်ပြူတင်းပေါက်တွေရှိရင် အင်းဆက်ပိုးမွှားတွေက ပိုပြီးကပ်တွယ်ပါတယ်။ သူတို့တွေက နုတဲ့အရောင်တွေကို သဘောကျလေ့ ရှိကြပါတယ်။ အင်းဆက်ပိုးမွှားတွေမလာဖို့ ပြူတင်းပေါက် အရောင်ရွေးမယ်ဆိုရင် အရောင်ရင့်ရင့်တွေကို ရွေးချယ်သင့်ပါတယ်။

၄။ ကတ္ထူပုံးများ

ပိုးဟပ်တွေ၊ အမြီးနှစ်ခွပါတဲ့ ငွေရောင်ပိုးတွေ၊ ခြတွေ၊ အခြားပိုးမွှားတွေက ကတ္တူပုံးတွေထဲမှာ ပျော်ရွှင်ကြပါတယ်။ အဲဒီကနေ ပိုးမွှားတွေက အရမ်းပေါက်ဖွားကြပါတယ်။ ကတ္တူပုံးရဲ့အနှံ့က ဆွဲဆောင်နိုင်တာကြောင့် အုပ်စုဖွဲ့ပြီးနေထိုင်နိုင်ကြပါတယ်။ သင့်အိမ်မှာ ပိုးမွှားတွေ မစုစေဖို့ မလိုအပ်တဲ့ကတ္ထူပုံးအဟောင်းတွေကို ရှင်းထုတ်ပစ်လိုက်ပါ။

၅။ သစ်သားများ

အခေါင်းပေါက်တွေပါတဲ့ သစ်သားအပိုင်းအစတွေ၊ ထင်းချောင်းတွေကို အင်းဆက်ပိုးမွှားတွေက နေရာအဖြစ် ရွေးချယ်ကြပါတယ်။ အဲဒီနေရာမှာတင် ဥတွေချပြီး ပွားသထက် ပွားလာကြပါတယ်။ သစ်သားခြံစည်းရိုးတွေမှာ ခြတွေမကိုက်ဖို့အတွက် ထုံးသုတ်တာ၊ ဆေးသုတ်တာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

၆။ စိုထိုင်းတဲ့နေရာ

ရေချိုးခန်း၊ ပန်းကန်ဆေးကန်အောက်က နေရာ စတဲ့စိုထိုင်းတဲ့နေရာတွေက အင်းဆက်ပိုးမွှားတွေအတွက် အကောင်းဆုံးနေရာပါ။ အဲဒီလို နေရာတွေကနေ ကူးစက်ရောဂါတွေ အများကြီး သယ်ဆောင်လာတတ်ပါတယ်။ အဲဒါကြောင့် ပန်းကန်ဆေးကန်က ပိုက်ကို ပေါက်နေလား ဆိုတာကို သိဖို့ စစ်ဆေးသင့်ပါတယ်။

၇။ အပင်များ

အိမ်တွင်းစိုက်တဲ့ အချို့အပင်တွေကြောင့်လည်း အင်းဆက်ပိုးမွှားတွေ ပွားများလာပါတယ်။ အပင်အောက်ခြေမှာ ရေတွေစုနေရင် ပိုးမွှားတွေ အကြိုက်ဖြစ်သွားမှာပါ။ အခန်းထဲမှာ လေဝင်လေထွက်ကောင်းအောင်၊ အပင်ကိုပိုးမကိုက်အောင် စနစ်တကျ ပြုစုသင့်ပါတယ်။

၈။ အစားအစာများ

သင့်အိမ်မှာ အမှည့်လွန်တဲ့အသီးတွေ၊ ပုပ်သိုးနေတဲ့ အစားအစာတွေကို မလွှင့်ပစ်ဘဲ ထားထားရင် အင်းဆက်ပိုးမွှားတွေက အိမ်အဖြစ်ဖွဲ့နေမှာပါ။ ယင်ကောင်တွေက ချိုတဲ့အရာတွေကို သဘောကျတာကြောင့် သံဘူးတွေ၊ အချိုရည်ပုလင်းတွေကို လုံအောင် သိမ်းဆည်းသင့်ပါတယ်။ ဘူးတွေကို ဖွင့်ထားပြီးရင်လည်း ပိတ်ဖို့မမေ့သင့်ပါဘူး။ ယင်ကောင်က ဘက်တီးရီးယားပေါင်းများစွာကို သယ်ဆောင်နိုင်တာကြောင့်ပါ။

Zombie (lovemedia)

Post a Comment

0 Comments