ပြောင်းဖူးသူခိုး ဖိုးသူတော်

ဟိုးရှေးရှေးတုန်းက ရွာတရွာမှာ တောရဆောက်တည် နေတဲ့ ဆရာတော်ကြီးကို လုပ်ကျွေး ပြုစုနေတဲ့ ဖိုးသူတော် တပါး ရှိခဲ့ဖူးပါတယ်။ ဖိုးသူတော်ဆိုတာ ရဟန်း သာမဏေ ဘဝနဲ့ ရှင်ရဟန်း ကျင့်ဝတ်တွေကို မကျင့်ကြံ နိုင်တာကြောင့် ၈ ပါးသီလ စောင့်ပြီး ဝတ်ဖြူစင်ကြယ် နေတဲ့သူကို ခေါ်တာပါ။

ရှေးတုန်းကတော့ ဘုန်းကြီးကျောင်းတိုင်းမှာ ဖိုးသူတော် ဆိုတာ ရှိတတ်တယ်။ အခုအချိန်မှာတော့ ကျောင်းသား ကပ္ပိယပဲ ရှိတော့တယ်။ တချိန်မှာတော့ ဖိုးသူတော်ဟာ တောရကျောင်းကို အပြန်၊ လမ်းတခုမှာ ပြောင်းဖူးခင်း တခုကို ဝင်ကာ ပိုင်ရှင်မရှိဘူး အထင်နဲ့ ပြောင်းဖူးတွေ ခိုးပြီး ချိုးယူပါတယ်။

ပြောင်းဖူး မချိုးခင် အတွင်းက အစေ့အဆန် အောင် မအောင် သိရအောင် အပေါ်ယံ အကာအရွက်ကို နွှာလှန် ကြည့်တဲ့အခါ အဆန်မပါ အစေ့ မအောင်တဲ့ ပြောင်းဖူးတွေကိုသာ တွေ့ရတာမို့ စိတ်ညစ်ညစ်နဲ့ ဖိုးသူတော်က

"ဒီပြောင်းဖူး အခင်းပိုင်ရှင်ဟာ ညံ့လှချည်လား၊ အလကား လူဖျင်းပဲ။ တောသူတောင်သား ပီပီ ကိုယ့်လုပ်ငန်းကိုမှ မကျွမ်းကျင် ပြောင်းဖူးတခင်း ကိုတောင် ပီပီ ပြင်ပြင် မလုပ်တတ်။ အစေ့အဆံ မအောင်တဲ့ ပြောင်းဖူးခင်းနဲ့ ဘာလုပ်စားလို့ ရမှာလဲ။ သူတော်တို့ လုပ်ပြစမ်းချင်တယ်" လို့ ကဲ့ရဲ့ ပြောဆိုပါတယ်။

အဲဒီအခါ ပြောင်းဖူးခင်းထဲကို ဝင်နေတဲ့ ပြောင်းဖူးခင်းပိုင်ရှင်က ကြားတော့ မခံချင်တာနဲ့ "အလို ဦးသူတော်ရယ်၊ သူတပါးကို အရမ်း အပြစ်တင် မစောလိုက်ပါနဲ့။ တပည့်တော် အလုပ်အကိုင် ညံ့ဖျင်းလို့ ပြောင်ဖူးက မကောင်းတာ မဟုတ်ရပါဘူး။

အခင်းထဲက မြေကိုလည်း နည်းနည်းလောက် ငုံ့ကြည့်စမ်းပါဦး။ ဒီလောက် ပတ်ကြားအက်တွေ ကွဲထနေတဲ့ မြေပေါ်မှာ ဘယ်လိုပြောင်းဖူးက ကောင်းနိုင်ဦးမှာလဲ" လို့ ပြန်လည် လျှောက်ထားပါတယ်။

အဲဒီအခါ ဖိုးသူတော်က အောက်ကို ငုံ့ကြည့်လိုက်ပြီး "ဟုတ်ပါ့ကွာ၊ ဒကာပြောမယ် ဆိုလည်း ပြောစရာပဲ။ ပတ်ကြားတွေ အက်ကွဲနေတာကလည်း ဧရာဝတီမြစ်ရဲ့ ဟိုးဘက်ကမ်းနဲ့ ဒီဘက်ကမ်းလောက် ကျယ်တယ်။ မြေကလည်း ဒီလောက် ညံ့ရသလား" လို့ မြေကြီးကို အပြစ်တင်တဲ့အခါ မဟာပထဝီ မြေကြီးကလည်း

"ဒီမှာ ဖိုးသူတော် မတရား မပြောပါနဲ့။ မြေကွဲတာကိုပဲ အပြစ်တင် နေတယ်။ မိုး မရွာတာ ကိုတော့ မပြောဘူး။ ဒီနှစ်မိုးက သင်္ကြန်မိုးလောက် တောင်မှ သဲသဲမဲမဲ ရွာတာ မဟုတ်ဘူး" လို့ ပြန်ပြောပါတယ်။ အဲ့ဒါနဲ့ ဖိုးသူတော်လည်း မိုးကို မော့ကြည့်ကာ

"အင်း၊ မြေကြီး ပြောမယ်ဆိုလည်း ပြောစရာပဲ။ မိုးကလည်း ဟန်မကျဘူး။ အလုပ် ဖြစ်အောင် ရွာဖို့ နေနေသာသာ ကောင်းကင်မှာ မိုးတိမ် ဆိုတာတောင် တတောင်တထွာလောက်မှ မမြင်ရ။ ဒီလောက် မိုးခေါင် နေမှတော့ မြေကြီးလည်း ပတ်ကြားကွဲအက်မှာပဲ။ မိုးကိုက မဟုတ်တာပါ" လို့ အပြစ်တင်တဲ့အခါ ကိုရွှေမိုးကလည်း

"အလို၊ ဦးသူတော်က မိုးမရွာတာကိုသာ မြင်တယ်။ တိုင်းပြည်ရှင် တရားမစောင့်တာ ကိုတော့ ဘာကြောင့် ထည့်မပြောတာလဲ။ မိုးလေဝသဆိုတာ ပြည့်ရှင်မင်းနှင့် တကွ လူအများ တရားစောင့်မှ မှန်နိုင်တော့မှာပေါ့" လို့ စိတ်ဆိုးမာန်ဆိုး ပြန်ပြောသတဲ့။ ဖိုးသူတော်လည်း "အင်း ဟုတ်ရှာမှာ ဟုတ်ရှာမှာ" လို့ ဆိုပြီး နန်းတော်သို့ ဝင်ကာ ဘုရင်မင်းမြတ်ကို

"အိုအရှင်မင်းကြီး၊ တိုင်းပြည်ရဲ့ ဦးစီးနာယက ဘူမိပါလရေမြေ့ရှင် ဆိုတာ လောကပါလတရား (၂) ပါး၊ သတ္တိ (၃) ပါး၊ သင်္ဂဟတရား (၄) ပါး၊ ဗလ (၅) တန်၊ နာယကဂုဏ် (၆) ခု၊ အပရိဟာနိယတရား (၇) ပါး၊ ရာဇဂုဏ် (၈) စုံ၊ နဝရတ်(၉) သွယ်၊ ရာဇဓမ္မ (၁၀) ပါး ဆိုတဲ့ မင်းကျင့်တရားတွေနဲ့ ပြည့်စုံရပါတယ်။

ယခုအခါ ဒကာတော်မင်းကြီး တရားမစောင့်တာမို့ နေပြည်တော်မှာ မိုးမရွာတာ ကြာမြင့်လှပါပြီ။ ဒါ့ကြောင့် ဒကာတော်မင်းကြီး အနေနဲ့ ဥပုသ်ဆောင် ဝင်ပြီး တရားကျင့်သုံး သင့်လှပါတယ်" လို့ သံတော်ဦး တင်လျှောက်ထားပါတယ်။

အဲဒီအခါ ဘုရင်မင်းကြီးက "ဦးသူတော် နေပြည်တော်မှာ မိုးမရွာတာကြောင့် ကျွန်ုပ်ကိုပဲ အဆိုးမပြောပါနဲ့။ အခု ဦးသူတော်ရဲ့ ကံလုပ်ရပ် ကိုပဲပြန်ကြည့်ပါဦး။ သူတော်ဆိုတာ သူတော်အလုပ် လုပ်ရမှာပေါ့။

မိုးမရွာတာကိုပဲ အပြစ်ပြောတယ်။ ကိုယ် မသမာတာ ကိုတော့ ထည့်မပြောပါလား" လို့ ပြန်လည်လျှောက် ထားတဲ့အခါ ဖိုးသူတော်လည်း ရှက်သွားကာ

"သြော် ဒကာတော် ရေမြေ့ရှင် ပြောတာလည်း မှန်တာပဲ။ ငါ့ကိုယ်က မသမာတော့ ဘယ်မှာလာပြီး မိုးရွာတော့မှာလဲ။ နောက်ဆုံးတော့ ငါ့ကံလုပ်ရပ် မကောင်းလို့ ပြောင်းဖူးဆိုးနဲ့ တွေ့ရတာပဲ။ ဒီနေ့က စပြီး သူတော်ပီပီ နေတော့မယ်။ ဘယ်တော့မှ သူများဥစ္စာ မခိုးတော့ဘူး" လို့ ပြန်ပြောလိုက် ပါတော့သတဲ့။

ဒီဓမ္မပဒ ပုံပြင်ကလေးဟာ ရိုးရိုး ကျဉ်းကျဉ်းကလေး ဖြစ်ပေမယ့် ကိုယ့်ဘာသာကိုယ် ဆန်းဆန်းကြယ်ကြယ် အတွေးနယ်ချဲ့ နိုင်ပါတယ်။ ဒီနေရာမှာ ဒီပုံပြင်ကလေးက အဓိက ပေးလိုတဲ့ သတင်းစကားတွေကတော့

၁။ သတ္တလောကနဲ့ သြကာသလောက (တနည်း) လူနဲ့ သဘာဝပတ်ဝန်းကျင်ဟာ အချင်းချင်း အညမည အပြန်အလှန် မှီခိုကြရတယ် ဆိုတာရယ်။

၂။ မိမိမှီခိုရာ လောကဝန်းကျင်ကြီး တခုလုံး သာယာလှပ ကောင်းမွန်ဖို့ရာ လူတိုင်းမှာ ကိုယ်စီကိုယ်ငှ တာဝန်ရှိကြတယ် ဆိုတာရယ်။

၃။ နောက်ဆုံးမှာတော့ ကိုယ့်ဘဝ ကိုယ့်လောက ဆိုတာ ကိုယ့်စိတ်ထားနဲ့ ထိုက်တန်သလိုသာ ရတယ် ဆိုတာတွေပါပဲ။

Crd

Post a Comment

0 Comments