သိက္ခာရှိစွာ လမ်းခွဲတတ်ပါစေ

လောကကြီးထဲမှာ ယောက်ျားလေး ဖြစ်စေ မိန်းကလေး ဖြစ်ပါစေ ကိုယ့်ချစ်သူက နောက်ကွယ်မှာ ဖောက်ပြန်နေတာတွေ၊ ခြေရှုပ်နေတာ တွေကို သိရက်နဲ့ အကြိမ်ကြိမ် နားလည် ခွင့်လွှတ် ပေးပြီး အတင်း လိုက်တွယ်ကပ် နေတာတွေဟာ လောကကြီးထဲ ကိုယ်နဲ့ တူတန်တဲ့ ယောကျ်ား၊ မိန်းမ ရှားနေလို့များ ထင်နေလား။

ယောကျ်ား၊ မိန်းမ ဆိုတဲ့ လူသားတွေ ပေါပါတယ်။ သစ္စာတရား ဆိုတာ ရှားပါးလို့၊ မေတ္တာတရား ပိုပေးမိလိုက်သူ ရှားလို့၊ သံယောဇဉ်တွေ ဖြတ်ရ ခက်နေလို့၊ အချစ် ဆိုတာကို တန်ဖိုးထားလို့၊ ကိုယ့်သိက္ခာနဲ့ ကိုယ်ကျင့်တရားတွေကို စောင့်ထိန်း နေကြလို့ပါ။

ကိုယ့်အပေါ် မျက်ရည် မျက်ခွက်နဲ့ အသနားခံပြီး လိုက်ဆွဲ နေတိုင်း ဒီယောကျ်ား၊ ဒီမိန်းမ ငါ့ကို မပြတ်နိုင်ပါဘူး ဆိုပြီး သိပ်အထင်ကြီး မနေကြနဲ့။ အချိန်တန်ရင် ကိုယ်နဲ့တန်ရာ ဘဝကို ရောက်သွားမှာဘဲ။

သစ္စာတရားကို တန်ဖိုးထားတတ် သူတွေဟာ သူတို့ ကိုယ်တိုင် အမှားကို မကျူးလွန် မိအောင် စောင့်ထိန်းနိုင်သလို သစ္စာ ဖောက်ခံရ ရင်တောင် အကြိမ်ကြိမ် သဘောထားကြီးစွာ နားလည် ခွင့်လွှတ်ပေးတယ်။ ဘာလို့လဲ ဆိုရင် ကိုယ့်ဆီမှာ ရှိတဲ့ သစ္စာတရားကို အသက်မက တန်ဖိုးထား ခဲ့တော့ အလွယ်တကူ အပျက်စီး မခံနိုင်လို့ဘဲ။

မေတ္တာကို လူတိုင်း အပေါ် ထားမိပေမဲ့ ပိုပေးမိတဲ့သူကို ပိုမြတ်နိုးတော့ အလွယ်တကူ အဆုံးရှုံး မခံနိုင် ကြတာလည်း ပါတယ်။ အချစ် ဆိုတဲ့ စိတ်ခံစားမှုကို နှလုံးသားနဲ့ ရင်းပြီး ထိုက်ထိုက်တန်တန် ပေးခဲ့မိသူကို ကိုယ်ဘဲ ရယူ ပိုင်ဆိုင်ချင်တာ သဘာဝလေ။

ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းသူတိုင်း ဒီတယောက်နဲ့ ပြတ်လိုက် ဟိုတယောက်နဲ့ တွဲလိုက် ဆိုတဲ့ စရိုက်မရှိသလို ဘယ်တော့မှ မလုပ်ဘူး။ ဒီတယောက်သာ ကောင်းကောင်း ဆိုးဆိုး လက်ခံ ထားကြတယ်။

တချို့ ပြောတာ ကြားဖူးတယ်။ "ငါ့လောက် မင့်အပေါ် ဘယ်သူမှ အနစ်နာမခံဘူး" ဆိုတဲ့ စကားရယ် "မင်းအပေါ် ငါ့လောက် ဘယ်သူမှ မချစ်နိုင်ဘူး" ဆိုတဲ့ စကားနဲ့ ချည်နှောင် ချင်သေးတာ။ အတော်လေး ဟာသဆန်ပါတယ်။

ကိုယ်တောင် သူ့ထက် သာတယ် ထင်တဲ့ သူနဲ့ ဖောက်ပြန် နေသေးတာပဲ သူ့မှာလည်း သူ့အိုးနဲ့ သူ့ဆန် တန်တဲ့သူ မရှိနိုင်ဘူးတဲ့လား တွေးကြည့်ပါ။ ကိုယ်တောင် သူ့ထက် ပိုဂရုစိုက်တဲ့သူ အနား ချဉ်းကပ်နေ သေးတာဘဲ သူ့မှာလည်း ကိုယ့်ထက်သာတဲ့သူ မရှိနိုင် တော့ဘူးလား မေးလိုက်ချင်တယ်။

ကိုယ့်အပေါ် သစ္စာရှိရှိနဲ့ ချစ်တဲ့ ချစ်သူအပေါ် သစ္စာဖောက်သူတွေ အနေနဲ့ မိမိ မကောင်းတာတောင် ခခယယ တွဲကပ်နေတဲ့ ချစ်သူဟာ ဘဝ တလျှောက်လုံး လက်မလွှတ်သင့်တဲ့ ချစ်သူဆိုတာ သိစေချင်တယ်။ သစ္စာမဲ့သူတွေ အနေနဲ့ ကိုယ့်အပေါ် မေတ္တာကြီးမားစွာ ထားပေးတဲ့ တဖက်လူကို ပမာမခန့် မလုပ်ပါနဲ့။ အရမ်း ခံရခက်စေ ပါတယ်။

သစ္စာကြီးသူတွေကို မဖြစ်နိုင်လို့ သစ္စာဖောက်ရင် ဖောက်သွားပါ၊ ရိုးသားချင်ယောင် ဆောင်ပြီး ဆက်လိမ်ညာ မနေပါနဲ့။ တဖက်လူ အတွက် သိသိရက်ကြီး ဆက်ဆံရတာ သေမတတ် မွန်းကြပ်စေ ပါတယ်။

ကိုယ့်ချစ်သူက အရှေ့မှာ ချစ်တယ် ပြောပြီး နောက်ကွယ်မှာ ဖောက်ပြန်တာ သိရင် နှလုံးသားတွေ နာကျင်မှုမျိုး ဘာနဲ့ မတူအောင် နာကျင်ရ ပါတယ်။

သစ္စာတရား ဆိုတာ တခါတလေ ငွေဆိုတဲ့ အရာနဲ့ ယှဉ်လာရင် ဒူးထောက် လိုက်ရတာတွေ ရှိပါသလို တခါတလေ တော့လည်း သာယာ ရှာသူတွေ အတွက် လှည့်စား ခံရတာတွေ ရှိပါတယ်။ ဘယ်လိုနည်းနဲ့ သစ္စာဖောက်မိ သွားပါစေ လှေနံ နှစ်ဖက် နင်းနေတဲ့ ခြေပိုင်ရှင် မဖြစ်ပါစေနဲ့။

"ငါ့လောက် မင်းအပေါ် ဘယ်သူကောင်းလဲ" ဆိုတဲ့ ပုံစံ "နင့်နားမှာ ငါ မရှိလို့ မဖြစ်ပါဘူး" ဆိုတဲ့ အချိုးမျိုးတော့ သွားမလုပ်မိ စေနဲ့။ သင်မရှိလည်း နှာခေါင်းပေါက်က အသက်ရှုနိုင် သေးတယ်။ သေမသွားပါဘူး။ လောကကြီးထဲ မဖြစ်နိုင်လို့ လမ်းခွဲသွားကြတဲ့ သူတွေ အများအပြား အခုချိန်ထိ အသက်ရှင် နေကြဆဲပါ။

လူတယောက်ကို မချစ်နိုင်တော့လို့ ရှေ့ဆက် လက်တွဲဖို့ မဖြစ်နိုင်တော့လို့ လမ်းခွဲမယ် ဆိုရင်တောင် သိက္ခာမဲ့စွာ သစ္စာဖောက်ပြီးမှ လမ်းခွဲခြင်းဟာ အယုတ်ညံ့ဆုံး ဖြစ်ပါတယ်။ ဒါကြောင့် လူ့တန်ဖိုးကို နာလည်စွာ လမ်းခွဲခြင်းမျိုး ရွေးချယ်တတ် ကြပါစေ။ MayNoe

Post a Comment

0 Comments