မှီခိုချင်စိတ်ကို ရိုက်ချိုးပစ်ပါ

တခါတုန်းက ဘုရင်ကြီး တပါးဟာ သိမ်းငှက်နှစ်ကောင်ကို လက်ဆောင် ရခဲ့ပါသတဲ့။ အဲဒီ သိမ်းငှက်တွေလို လှပတဲ့ ငှက်မျိုးကို ဘုရင်ကြီးက တခါမှ မတွေ့ဖူး သေးပါဘူး။

သူ့ရဲ့ အဖိုးတန် သိမ်းငှက် နှစ်ကောင်ကို စောင့်ရှောက်ဖို့နဲ့ လေ့ကျင့် ပေးဖို့ကို နန်းတွင်း သိမ်းငှက်လေ့ကျင့်ရေးမှူးကို တာဝန် ပေးထား လိုက်ပါတယ်။

လအနည်းငယ် အကြာမှတော့ လေ့ကျင့်ရေးမှူးကြီးက သိမ်းငှက် နှစ်ကောင်အနက် တကောင် ကတော့ ကောင်းကင်ပေါ်မှာ ခန့်ခန့်ညားညား တဟုန်ထိုး လေဟုန် စီးပြီး ပျံတက် ပျံဆင်းနဲ့ ပျံသန်းနေပြီ ဖြစ်တယ်။

ဒါပေမယ့် အခြား သိမ်းငှက်တကောင် ကတော့ ပျံသန်း ရမယ့်အစား ရောက်လာတဲ့ နေ့က စပြီး သူ့ရဲ့ သစ်ကိုင်း မှာပဲ နားနေပါတယ် လို့ ဘုရင်ကြီးကို လာရောက် လျှောက်ထားပါတယ်။

အဲဒါကြောင့် တိုင်းပြည် တလွှားကို ကြေငြာ မောင်းခတ်ပြီး သိမ်းငှက်ကို ပျံအောင် ဆောင်ရွက် နိုင်မယ့် ဆေးဆရာတွေ၊ မှော်ဆရာတွေကို ဆင့်ခေါ်ပြီး ကုသခိုင်း ပေးမယ့် မရပါဘူး။

အဲဒါနဲ့ ဘုရင်ကြီးက စိတ်မလျော့ပဲ ပညာရှိတွေနဲ့ မှူးကြီးမတ်ရာ တွေကို တာဝန် ပေးပြီး ကြိုးစား လုပ်ဆောင်ခိုင်း တော့လည်း မအောင်မြင်ပြန် ပါဘူး။ နည်းပေါင်းစုံ သုံးပေးမယ့်လည်း မအောင်မြင် တာကြောင့် ဘုရင်ကြီးက ပြန်သုံးသပ်တော့

"ကျေးလက် တောရွာထဲက ငှက်တွေရဲ့ သဘာဝကို နားလည်မယ့်သူ တဦးကို ရှာဖွေပြီး တာဝန်ပေးလျှင် ရနိုင်လောက်တယ်" လို့ အကြံရ သွားပါတယ်။ အဲဒါနဲ့ ရဲမက်တွေကို ကျေးလက် တောရွာထဲမှ လေ့ကျင့် ပေးနိုင်မည့် သူအား ရှာဖွေဖို့ လွှတ်လိုက်ပါတယ်။

နောက်တနေ့ မနက်ခင်းမှာ ဘုရင်ကြီးဟာ ဥယျာဉ် တော်ပေါ်မှာ ပျံသန်းနေတဲ့ သိမ်းငှက်ကို တွေ့လိုက်ရတော့ အံ့အား သင့်ပြီး ရဲမက်များအား "သိမ်းငှက်အား ပျံသန်းအောင် ဆောင်ရွက်နိုင်သူကို ရှေ့တော်မှောက် သွင်းစေ" လို့ အမိန့်တော် ချလိုက်ပါတယ်။

အဲဒါနဲ့ ကျေးတောသားကို ရဲမက်များက ခေါ်လာရာမှာတော့ ဘုရင်ကြီးက "မောင်မင်း သိမ်းငှက်ကို ပျံသန်းအောင် မည်သို့ပြုလုပ်သနည်း" လို့ မေးတော့ ကျေးတောသားမှ အရိုအသေ ပေးရင်း

"မှန်ပါ့ဘုရား။ သိန်းငှက်ကို ပျံသန်းအောင် ပြုလုပ်ရာမှာ အလွန်တရာမှ လွယ်ကူပါတယ် အရှင်မင်းကြီး။ သိမ်းငှက် နားနေသည့် သစ်ကိုင်းအား ခုတ်ဖြတ် လိုက်ခြင်းသာ ဖြစ်ပါတယ်" လို့ လျှောက်တင်လိုက် ပါတော့တယ်။

မှန်ပါတယ်။ ပုံပြင်ထဲက သိမ်းငှက်လိုပဲ ကျွန်တော်တို့တတွေ ဟာလည်း ကိုယ်နဲ့ (familiar) အကျွမ်းတဝင် ဖြစ်ပြီးသော အရာများကို အလွယ်တကူ လက်မလွှတ် ချင်ကြပါဘူး။

အထူးသဖြင့် သက်တောင့်သက်သာ ရှိသော အခြေအနေမျိုး၊ နေရာမျိုး (comfort zone) ကို ဆိုလျှင် ပို၍ပင် လက်မလွှတ်လို ကြပါဘူး။

အမှန်တွင် လူတဦး၏ လုပ်ကိုင်နိုင်စွမ်းမှာ အကန့်အသတ် မရှိပေ။ ကန့်သတ်၍ မရစကောင်းပေ၊ လွတ်လပ်စွာ ပျံသန်းနိုင်သည့် သိမ်းငှက် တကောင်ကဲ့သို့ ဖြစ်သည် ဆိုလျင် မမှားနိုင်ပေ။

ဒါကြောင့် မှီခို တွယ်ဖက် ထားသော သစ်ကိုင်း ကဲ့သို့သော အကြောက်တရားများ၊ သက်သာခြင်း ထောင်ချောက်များကို ခုတ်ဖယ် ပစ်ပြီး အမြင့်ဆုံး ရောက်အောင် ပျံသန်းလိုက် ကြပါစို့။ Crd

Post a Comment

0 Comments