ကိုယ့်သားသမီးကို ငရဲပေးတဲ့ မိဘ

သားသမီးကို ငရဲပေးတဲ့ မိဘဆိုတာ တကယ် ရှိပါသလား ဆိုရင် ရှိပါတယ် လို့ပဲ ဖြေပါရစေ။

(၁) အပြစ်တင်လွန်းတဲ့ မိဘ

ဘာပဲလုပ်လုပ် အပြစ်တင် နေတတ်တာ။ တနည်းဆိုရရင် လောဘကြီးမိ ကြတာပါ။ အသုံးမကျဘူး ဆိုတဲ့ ဘောင်ထဲ သွတ်သွင်းတာ။ သားသမီးက တကယ် အသုံးမကျတာ ဖြစ်ချင် ဖြစ်မယ်။ ဒါပေမဲ့ အသုံးမကျတာ ကိုပဲ ဖောက်မြင်နေ တတ်တာ။ ဒါကို ကြားရဖန် များလာတဲ့ အခါ ဒေါသက မိဘကို ပြန်ခံပြောတတ်ဖို့ စတင်လာတယ်။

(၂) ဘက်လိုက်တတ်တဲ့ မိဘ

သားသမီးချင်း အတူတူ ငါ့သမီးလေး ငါ့သားလေး ဘက်လိုက် ဆက်ဆံ တတ်တာ။ ဘက်လိုက်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ မစည်းလုံး ကြတာ များတယ်။ မိဘက သွေးခွဲထားလို့ပါ။ နင်က ညံ့တယ်၊ နင်က တော်တယ် ဆိုပြီး ကွာလတီ ခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေဟာ ဘယ်တော့မှ ဈေးနှုန်း ညှိမရကြ တော့ဘူး။

ဘက်လိုက်မှုက မလေးစားမှုကို အစပျိုးပါတယ်။ အချင်းချင်း မနာလိုစိတ် ကနေ အမုန်းတရား ပွားများ လာတယ်။ ကလေးဘဝကတည်းက အရိုးစွဲတဲ့ အမုန်းတရားက ဘယ်တော့မှ ဖျောက်မရတော့ဘူး။ မိဘတွေသာ မရှိကြတော့ရင် ဒီမောင်နှမတွေဟာ ပတ်သက်စရာ လုံးဝကို မရှိတော့တဲ့ လူတွေ ဖြစ်နေကြ ပါလိမ့်မယ်။

(၃) ဆဲဆိုလွန်းတာ

နေ့စဉ် အဆဲခံရတဲ့ လူဟာ မခံချင်စိတ်ကြောင့် ဒေါသများမယ်။ ပြန်ပြောမိ ရင်တော့ မိဘကို ခံပြောသလို ဖြစ်တယ်။ ငရဲကြီးမယ်၊ နင်တို့ ဒုက္ခရောက်မယ်၊ ခွေးဖြစ်မှာ ဆိုတဲ့ ကျိန်စာဆန်ဆန် စကားတွေဟာ အရမ်းဆိုး ပါတယ်။ ကောင်းကောင်း မွန်မွန်ပြောပြီး ခိုင်းလို့ ရနိုင်ပေမယ့် ဆဲရေးပြီးမှ လုပ်မယ်ဆိုတဲ့ အတွေးနဲ့ ခိုင်းတာဟာ ဆိုးဝါးလွန်း ပါတယ်။

(၄) သားသမီးရဲ့ အိမ်ထောင်ရေးကို စွက်ဖက်တာ

နင့်ယောက်ကျားက ဘယ်လို၊ နင်ယူထားတဲ့ မိန်းမက ဘယ်လို ဆိုတာမျိုး မပြောသင့် ပါဘူး။ သားသမီးရဲ့ ရွေးချယ်မှု ကိုလည်း လေးစားရပါမယ်။ သူတောင် သူ့ဘဝကို သူနေတတ်လို့ နေနေတာပါ။ သားသမီးက သူ့အိမ်ထောင်နဲ့ ပတ်သက်ပြီး ကူညီပါလို့ မပြောမချင်း ဝင်ပါစရာ မလိုတာပါ။

ငါ့သမီး မှန်တယ်၊ ငါ့သား မှန်တယ် ဆိုတဲ့ အယူအဆဟာ မှားပါတယ်။ ကိုယ့်သားသမီး အကြောင်း သိတယ်ဆိုတာ ကလေးဘဝမှာပဲ ဖြစ်ပါလိမ့်မယ်။ ကလေးဘဝ မှာသာ မိဘနဲ့ တနေကုန် ရှိနေလို့ သူတို့ အကျင့်လေးတွေ သိနေကြရတာ။ သူတို့အရွယ်ရောက်တဲ့ အခါ မိဘနဲ့ နေချိန်နည်းလေ မိဘက သားသမီးစိတ်ကို မသိရလေ ဆိုတာကို သတိထားသင့် ပါတယ်။

သားသမီးဆိုတာ မိဘကို အစစ အရာရာ ပြောဆိုတိုင်ပင်တာ အသက် လေး၊ ငါး၊ ဆယ်နှစ် အရွယ်မှာပဲ ရှိပါတယ်။ ဒါကို ကလေးလိုပဲ အကုန်သိချင် အကုန် ဖြေရှင်းပေးချင်တယ် ဆိုရင်တော့ တကယ် ဖြစ်လာရင်တောင် မိဘကို မတိုင်ပင် ကြတော့တာ များပါတယ်။

"ငါပြောသားပဲ" ဆိုတဲ့ စကားနောက်က အပြစ်တင်မှုတွေဟာ ပြဿနာကို ဖြေရှင်းဖို့ ဝေးကွာစေတာ သားသမီးတွေက ရိပ်စားမိ ကြပါတယ်။ သားသမီးအကြောင်း တကယ်သာ သိရင် ဒါမျိုး မလုပ်သင့်တာ သိကို သိထားရပါမယ်။

(၅) သားသမီးကို ပြောဆိုဆက်ဆံပုံ မှားတာ

တချို့ မိဘတွေ ရှိပါတယ်။ ပြင်ပ မှာတော့ လူငယ်လူကြီး မရွေးကို အရမ်းအလေးထား ဆက်ဆံတတ် ပါတယ်။ ပြောရရင် လူတွေအပေါ် လေးစားမှု ရှိတာပေါ့။ ကိုယ့်သားသမီးကိုကျ အဲ့ဒီလို မလုပ်နိုင် ကြပါဘူး။

သားသမီးဆိုတာ ငယ်နိုင်လို ဖြစ်နေတော့ စိတ်အလိုမကျတိုင်း သားသမီးကို နှိမ်နေတတ်တာ မျိုးပါ။ စေတနာစကားပေမယ့် အပြောမတတ်ရင် နားခါးတာ လူ့သဘာဝပါ။

အပြင်ပန်းက မှတ်မထားချင်ရင် နေမယ်။ စိတ်ခံစားချက် ကတော့ မိဘက ငါပြောတိုင်း မကောင်းမြင်တယ် ဆိုပြီး ဒေါသကြီးနေတတ်တဲ့ သားသမီးတွေ ရှိလာရတာပါ။ စိတ်ဆိုတာ အမြဲတမ်း ကြည်သာ မနေပါဘူး။ အမြဲနားပူအောင် နေ့စဉ် ဆုံးမစကား ဆိုမနေမိပါစေနဲ့။

သူ နေ့စဉ် လုပ်တာတွေ မှတ်ထားပြီး တပတ်တခါ၊ တလ တခါလောက်သာ စားပွဲဝိုင်းမှာ အေးအေး ဆေးဆေးပဲ ဆုံးမစကား တခွန်းချင်း ပြောသင့်ပါတယ်။ တပတ်တခါမို့ ဆုံးမရတာ စိတ်လည်း ရှည်တယ်။ သားသမီးအနေနဲ့လည်း မိဘက ချက်ကျလက်ကျ ပြောတော့ ငြင်းရခက်တယ်။ သူ့အမှားကို ဆင်ခြင် နိုင်တယ်။

"ဒေါသပါတဲ့ ဆုံးမစကား" ဟာ ပြောင်းပြန် အကျိုးသက်ရောက် ပါတယ်။ ဘာလို့လဲ ဆိုတော့ သားသမီးဆိုတာ လူသားမို့ ဒေါသထွက်ရင် အရွဲ့တိုက်တတ် လို့ပါ။ အဆင်မပြေမှုတွေကို သူတို့လည်း မလိုလား ကြပါဘူး။

ဒါပေမယ့် ငြင်းဆန်မရရင်တော့ မိဘနဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းထက် အဝေးကို ပြေးသွားလိုက်တာ အကုသိုလ်အနည်းဆုံး အဆင်ပြေဆုံးလို့ ထင်မြင်ယူဆလာကြပါတယ်...။

မိဘနဲ့ အဆင်မပြေတဲ့ သားသမီးဟာ သူ့ဖာသာ ရပ်တည်နေရတဲ့ အခါမှာလည်း အဆင်ပြေဖို့ ဆိုတာ မလွယ်ကူ ပါဘူး။ အဆင်ပြေပြေ မပြေပြေ မိဘ မသိပါစေနဲ့ အဆင်ပြေတယ်ပဲ ပြောလိုက်ပါ။

တွေးပူနေတတ်တဲ့ မိဘကိုလည်း စိတ်မပင်ပန်းစေသလို အကုသိုလ်လည်း နည်းစေပါတယ်။ တတ်နိုင်ရင် အဝေးကနေ ထောက်ပံ့ခြင်းကို လုပ်လို့ ရပါတယ်။ အနီးမှာပဲ နေမယ်ဆိုလည်း မိဘနဲ့ အဆင်ပြေအောင် နည်းလမ်းရှာပြီး စိတ်လျော့ကြပါ။

မိဘဆိုတာ အဖိုးတန်ပါတယ်။ ဒါပေမယ့် သားသမီး ဆိုတာလည်း လူသားမို့ သူလည်း သူ့တန်ဖိုးနဲ့သူ ရှိတယ်ဆိုတာ မိဘများအထူး သတိချပ်မိ ကြရင် မိဘနဲ့ သားသမီးများ ဆက်ဆံရေးဟာ ပိုအဆင်ပြေ ကြမှာပါ။ Crd

Post a Comment

0 Comments