ကောင်လေးနှင့် ခွေးလေး

စတိုးဆိုင် ပိုင်ရှင်က ဆိုင်တံခါးဝမှာ ဆိုင်းဘုတ် အသစ်တခု ထပ်ချိတ်သည်။ "ခွေးပေါက်ကလေးများ ရောင်းရန် ရှိသည်" တဲ့။ သည်ကြော်ငြာမျိုးကို ကလေးတွေ အလွန် စိတ်ဝင်စားသည်။ သူတို့က ခွေးချစ်တတ်သူများ မဟုတ်လား။

ခဏအကြာ မှာပင် ကလေးတယောက် ဆိုင်ပေါက်ဝသို့ ရောက်လာသည်။ "ခွေးလေးတကောင် ဘယ်လောက် ရောင်းသလဲ ခင်ဗျ´" ဟု သူက မေးသည်။ "ဒေါ်လာ ၃၀ က ၅၀ အထိ ဈေး အစားစား ရှိတယ်" ဟု ဆိုင်ရှင်က ဖြေသည်။

ကောင်လေးက သူ့အိတ်ထဲမှာ ရှိသည့် ပိုက်ဆံ အကြွေတွေ နှိုက်ထုတ်သည်။ "ကျွန်တော့်မှာ ၂ ဒေါ်လာနဲ့ ၃၇ ဆင့် ရှိပါတယ်။ ခွေးလေးတွေ ကျွန်တော် ကြည့်လို့ ရမလား ခင်ဗျ´"

ဆိုင်ရှင်က ပြုံးသည်။ ထို့နောက် ခွေးအိမ် ထဲမှာ ရှိသည့် ခွေးမကြီးကို လေချွန်ပြီး ခေါ်လိုက်သည်။ ခွေးမကြီး ဆိုင်ခန်းထဲ ပြေးဝင်လာတော့ သူ့နောက်က ခွေးပေါက်ကလေး ၅ ကောင် တန်းစီ၍ လိုက်ပါလာသည်။

ပိစိကွေး လေးတွေ၊ အမွေးက သိပ်ရှည်တော့ တကိုယ်လုံး အမွေးတွေ ဖုံးကာ လုံးနေသည်။ အဲသည် အထဲမှ တကောင်က ဟိုးနောက်မှာ ပြတ်ကျန် ခဲ့သည်။ သူက ထော့တီး ထော့နဲ့နှင့် လမ်းမလျှောက် တတ်သလို။ ကောင်လေးက အဲဒီခွေးလေးကို မြင်တော့ ချက်ချင်း စိတ်ဝင်စား သွားသည်။

"ဒီခွေးလေးက ဘာဖြစ်တာလဲဟင်" ဟု မေးသည်။ ခွေးလေးမှာ မွေးကတည်းက တင်ပါးဆုံ အရိုးခွက် ပါမလာသဖြင့် တသက်လုံး ခြေထော့နဲ့ နေမည် ဟု တိရစ္ဆာန်ဆေးကု ဆရာဝန်က ပြောဆိုသည့် အကြောင်း ဆိုင်ရှင်ကြီးက ရှင်းပြသည်။

ကောင်လေး ပို၍ စိတ်ဝင်စား သွားသည်။ "ဒီခွေးလေး ကျွန်တော် ဝယ်ချင်တယ်ဗျာ" ဟု သူက ဆိုသည်။ "ဟာ မဝယ်ပါနဲ့ကွ၊ မင်း တကယ် လိုချင်ရင် ငါပေးပါ့မယ်"

သည်စကား ကြားတော့ ကောင်လေး မျက်နှာ ပျက်သွားသည်။ သူက မကျေနပ်သည့် အမူအရာ မျိုးနှင့် ဆိုင်ရှင်ကြီးကို မော့ကြည့်ပြီး ပြန်ပြောသည်။ "အလကား ပေးတာ ကျွန်တော် မလိုချင်ဘူး ခင်ဗျ။

ဒီခွေးလေးလည်း ကျန်တဲ့ ခွေးတွေနဲ့ တန်းတူ တန်ဖိုး ရှိတာပဲ၊ တပြားသားမှ မလျော့ပါဘူး။ ကျွန်တော် တန်ဖိုး အပြည့်ပဲ ပေးမယ်။ ဒါပေမယ့် ကျွန်တော့မှာ လောလောဆယ် ၂ ဒေါ်လာနဲ့ ၃၇ ဆင့်ပဲ ပါတယ်။ အခု အဲဒါ ယူထားပါ။ နောက်ကို တလ ဆင့်ငါးဆယ်စီ ကျေတဲ့အထိ ကျွန်တော် ဆက်ပေးပါ့မယ်"

သို့သော် စတိုးဆိုင်ရှင်က အလျှော့မပေး။ "မဝယ်ပါနဲ့ ကလေးရ၊ နောက်ကျတော့ မင်း စိတ်ပျက်သွားလိမ့်မယ်။ ဒီခွေးလေးက ပြေးနိုင် လွှားနိုင်မှာ မဟုတ်ဘူး၊ မင်းနဲ့ ခုန်ပေါက် ကစားနိုင်မှာ မဟုတ်ဘူး"

သည်အခါကျတော့မှ ကောင်လေးက ဆိုင်ရှင်ကြီးကို မော့ကြည့်ကာ သူ့ဘောင်းဘီ အောက်စနားကို လှန်၍ ပြရင်း လေသံတိုးတိုးနှင့် ပြောသည်။ "ကျွန်တော်လည်း ကောင်းကောင်း မပြေးနိုင် ပါဘူးဗျာ၊ ပါပီလေး ခမျာမှာ သူ့ကို ကိုယ်ချင်းစာမယ့် လူတယောက်တော့ ရှိဖို့ လိုမှာပေါ့" တဲ့။

ကောင်လေး၏ ဘယ်ခြေထောက်ကလေးက အတော် ဆိုးဆိုးဝါးဝါးပင် သိမ်နေ ကောက်နေကာ လမ်းလျှောက် နိုင်ရန်အတွက် သတ္တုချုပ်တံ များဖြင့် အားဖြည့်ပေး ထားရလေသည်။ အရာအားလုံးမှာ သူ့တန်ဘိုးနှင့် သူပင်ဖြစ်သည်။ ကိုယ်ကြောင့် တဖက်သားကို မသိမ်ငယ်ပါစေနဲ့။ ဖေမြင့်

Post a Comment

0 Comments