သူဌေးကြီးတဦးရဲ့ ကံကြမ္မာ

တနေ့သော နေမွန်းတည့် အချိန်မှာ ကောသလမင်းဟာ ဘုရားရှင်ထံ ဝင်ဖူးပါတယ်။ ဘုရားရှင်က နှုတ်ဆက် လိုက်တယ်။ "မင်းကြီး ဘယ်က လှည့်လာတာလဲ"

"တင်ပါ့ဘုရား။ ဒီနေ့ သာဝတ္ထိပြည်က သူဌေးတယောက် သေပါတယ်။ အမွေခံ သားသမီး မရှိတော့ ကျန်တဲ့ ဥစ္စာတွေကို နန်းတော်ကို သယ်လာပါတယ် ဘုရား။

ချမ်းသာတာ ကလည်း လွန်ပါတယ်။ ရွှေချည်းပဲ သိန်းတရာ ဘုရား။ ငွေဆိုတာ ကတော့ ပြောစရာ မလိုတော့ဘူး ဘုရား။ အံ့သြတာက သူဌေးကြီး စားတဲ့ အစာက ပုန်းရည်နှစ်ခွက်နဲ့ ဆန်ကွဲထမင်း ကိုပဲ စားတယ် ဘုရား။

အဝတ် ကလည်း ကြမ်းပေ့ ဆိုတဲ့ ပိုက်ဆံလျော်ချည် အဝတ်ကို ဝတ်တယ်။ စီးတဲ့ယာဉ် ကလည်း သစ်ရွက်ထီး ဆောင်းပြီး ဆွေးနေတဲ့ ရထားငယ် နဲ့ သွားတယ် ဘုရား"

"မင်းကြီး။ သင်ပြောတာ မှန်ပါတယ်။ ဒါဟာ သူ့ကံကြောင့် ဖြစ်တာပါ။ သူဟာ ရှေးဘဝ တုန်းက ကျေးကျွန်တို့ကို တဂ္ဂရသိခီမည်တဲ့ ပစ္စေက ဗုဒ္ဓါအား ဆွမ်း လှူခိုင်း ခဲ့တယ်။

ဒါပေမဲ့ လှူပြီးတဲ့ အခါမှာ စိတ်ကွပ်ပြီး ကျေးကျွန်တွေကို လှူတာကမှ မြတ်သေးတယ် ဆိုပြီး နှလုံးမသာယာ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး အကိုဖြစ်သူရဲ့ တဦးတည်းသော သားကိုလည်း ဥစ္စာ အတွက်နဲ့ သတ်ခဲ့တယ်။

ဆွမ်းလှူခဲ့တဲ့ ကံကြောင့် နတ်ပြည် (၇) ကြိမ်၊ လူ့ဘဝ သူဌေးအဖြစ် (၇) ကြိမ် ဖြစ်ခဲ့တယ်။ သို့သော်လည်း လှူပြီးနောက် နှလုံးမသာယာ ဖြစ်ခဲ့လို့ သူဟာ ကောင်းတဲ့ အစားအစာ အဝတ်အထည် ယာဉ်တွေကို စိတ်မညွတ်။ ဆင်းဆင်းရဲရဲနဲ့ စားရ၊ ဝတ်ရတယ်။

အကိုဖြစ်သူရဲ့ သားကို သတ်ခဲ့လို့ နှစ် ထောင် သောင်း သိန်းများစွာ ငရဲမှာ ကျရတယ်။ အမွေခံ သားသမီး မရှိပဲ ကျန်ခဲ့တဲ့ ဥစ္စာတွေကို ခုနစ်‌ကြိမ် တိုင်တိုင် မင်းရဲ့ ဘဏ္ဍာတိုက်သို့ သွင်းရတယ်။

ထိုသူဌေးမှာ အဟောင်း ကုသိုလ်ကံ တွေလည်း ကုန်ပြီ။ အသစ် ကုသိုလ်ကံတွေ ကိုလည်း မဆည်းပူး။ ဒါကြောင့် ခုသေပြီးနောက်မှာ မဟာ ရောရုဝငရဲသို့ ကျသွားပါပြီ။

မင်းကြီး။ စပါး၊ ရွှေ၊ ငွေ၊ ကျေးကျွန် စတဲ့ ဥစ္စာတွေဟာ သေရင် ယူသွားလို့ မရပါဘူး။ အကုန် ထားခဲ့ ရတယ်။ ကိုယ်၊ နှုတ်၊ စိတ်ဖြင့် ပြုအပ်တဲ့ ကံတွေ သာလျှင် ယူသွားလို့ ရပါတယ်။ အရိပ်က လူနောက်ကို အစဉ်လိုက်သလို ထိုကံတွေ ဟာလည်း သံသရာအစဉ် လိုက်ပြီး အကျိုးပေး ပါတယ်။

ဒါကြောင့် တမလွန် အကျိုးစီးပွား လိုလားသူဟာ ကုသိုလ်ကောင်းမှု ပြု ရမယ်။ ကုသိုလ်သည် သာလျှင် တမလွန်မှာ သတ္တဝါတို့ရဲ့ ထောက်တည်ရာ ဖြစ်တယ်" ဟု ဟောကြားတော် မူလိုက်ပါတယ်။ (ဒုတိယအပုတ္တကသုတ်)

အလွန် မှတ်သားထိုက်တဲ့ တရားတော်ပါ။ ဒီအဖြစ်အပျက် လေးကို သံဝေဂယူပြီး တမလွန် အတွက် ထောက်တည်ရာ ဖြစ်တဲ့ ကုသိုလ်ကို များများ ဆည်းပူးနိုင် ကြပါစေ။ အရှင်ပုည (ဝကုန်း)

Post a Comment

0 Comments