တခါတုန်းက ဘီလုံးငှက်မ တကောင်ဟာ သူ့ရဲ့ သားသမီးတွေနဲ့ ပြောင်းခင်းထဲမှာ အသိုက်ဖွဲ့ နေထိုင်တယ်။ ဒီလိုနဲ့ သူ့ရဲ့ သားသမီးတွေဟာ မပျံသန်းနိုင် သေးတဲ့ အရွယ်မှာပဲ ပြောင်းခင်းဟာ ရင့်မှည့် လာပြီး ရိတ်သိမ်းဖို့ အချိန် ရောက်လာ ခဲ့တယ်။
အဲဒါနဲ့ ဘီလုံးငှက်မဟာ အစာရှာ မထွက်မီ သားသမီးတွေကို အခုလို မှာကြားခဲ့တယ်။ "ဒီပြောင်းခင်း ကနေ တို့တတွေ ပြောင်းရလိမ့်မယ်။ ဒါပေမယ့် ဘယ်တော့ ပြောင်းရမှာလဲ ဆိုတာတော့ မသိသေးဘူး။ ဒါကြောင့် ဒီအနားကို လာပြီး ပြောဆို နေကြတဲ့ လယ်သမားတွေရဲ့ စကားကို မှတ်သားထားပါ" လို့ မှာခဲ့တယ်။
ညနေစောင်းလို့ ဘီလုံးငှက်မကြီး အစာရှာပြီး ပြန်လာတဲ့ အချိန်မှာ ငှက်ကလေးတွေက ပြောလိုက်တယ်။ "အမေ လယ်သမားကြီးက သူ့ရဲ့ သားကို ခိုင်းတယ်။ ပြောင်းတွေ ရင့်မှည့်လို့ ရိတ်သိမ်းချိန် တန်ပြီ။ မိတ်ဆွေတွေကို မနက်ဖြန် လာကူ ရိတ်ဖို့ အကူအညီ သွားတောင်းတဲ့" "ဟုတ် လား" "အမေရယ် သားတို့။ သမီးတို့ကို ပြောင်းပေးပါ" လို့ ငှက်ကလေးတွေက တောင်းပန်တော့ အမေက ပြောတယ်။
"အင်း ကိစ္စ မရှိသေးဘူး သားတို့၊ သမီးတို့ရယ်။ လယ်သမားတွေဟာ မိတ်ဆွေ အိမ်နီးနားချင်း တွေကို အားကိုးရင် ဘာမှ အလုပ်ဖြစ်မှာ မဟုတ်သေးဘူး" လို့ ဖျောင်းဖျလိုက် လေသတဲ့။ အဲဒါနဲ့ သူတို့တတွေဟာ အေးဆေးစွာ အိပ်ကြတယ်။
နောက်တနေ့မှာလည်း ဘီလုံးငှက်မဟာ သားသမီးတွေကို ထုံးစံအတိုင်း လယ်သမား သားအဖရဲ့ စကား မှတ်သားထား ကြဖို့ မှာပြီး အစာရှာ ထွက်သွားသတဲ့။ ညနေကျတဲ့ အခါ သူ့အမေ ဘီလုံးငှက်မကြီး ပြန်ရောက်တော့ ငှက်ကလေးတွေက ပြောပြတယ်။
"အမေရေ လယ်သမားကြီးနဲ့ သူ့ရဲ့ သားဟာ စောင့်နေပေမယ့် ဘယ်သူမှ မလာဘူး" "အမေ ပြောသလိုပေါ့" "ဟုတ်တယ် အမေ။ ဒါနဲ့ လယ်သမားကြီးက သူ့ရဲ့သားကို ခိုင်းပြန်တယ်။ ဆွေမျိုးတွေကို မနက်ဖြန် လာကူရိတ်သိမ်း ပေးဖို့ အကူအညီ သွားတောင်းလို့ မှာတယ်"
"ဟုတ်လား" "ဟုတ်တယ် အမေရယ်။ သားတို့ သမီးတို့ကို ပြောင်းပေးပါ" လို့ တောင်းပန်ကြ ပြန်တယ်။ ဒီတခါ အမေက "ကိစ္စမရှိသေးပါဘူး သားတို့ သမီးတို့။ လယ်သမားဟာ ဆွေမျိုးတွေကို အားကိုးတာပဲ။
ဒါဆိုရင် ဘာမှ အလုပ်ဖြစ်မှာ မဟုတ်သေးဘူး" လို့ နှစ်သိမ့် ပြန်သတဲ့။ ဒါနဲ့ သူတို့တတွေဟာ အသိုက်မှာ အေးဆေးစွာ အိပ်ကြတယ်။
နောက်တနေ့မှာ ဘီလုံးငှက်မဟာ အစာရှာ မသွားမီ သားသမီးတွေကို ထုံးစံအတိုင်း လယ်သမား သားအဖရဲ့ စကားကို သေသေချာချာ မှတ်သားထားဖို့ မှာတယ်။
ညနေဖက် သူ့အမေ ဘီလုံးငှက်မကြီး ပြန်ရောက်တော့ ငှက်ကလေးတွေက ပြောပြတယ်။ "အမေရေ လယ်သမားကြီးနဲ့ သူ့ရဲ့သားဟာ စောင့်နေပေမယ့် ဘယ်သူမှ မလာဘူး"
"အေး သူတို့ဟာ ဆွေမျိုး အားကိုးတာကိုး" "ဟုတ်တယ် အမေ ဘယ်သူမှ မလာတော့ လယ်သမားကြီးက သူ့ရဲ့သားကို ပြောတယ်။ မနက်ဖြန် တို့နှစ်ရောက်ပဲ ပြောင်းခင်းကို ရိတ်ကြမယ် တဲ့"
"ဟုတ်လား ဒါဆို သားတို့ သမီးတို့ ပြောင်းဖို့ အချိန်ရောက်လာပြီ" လို့ ပြောကာ အသိုက် ပြောင်းသွား လေသတဲ့။
သင်ခန်းစာ။ ။ ပတ်ဝန်းကျင်၊ ဆွေမျိုး အသိုင်းအဝိုင်းတွေကို အားမကိုးပဲ ကိုယ့်အား ကိုယ်ကိုးဖို့ သင်ခန်းစာ ပေးထားတဲ့ ပုံပြင်လေးပဲ ဖြစ်ပါတယ်။ Crd
0 Comments