ဇွဲကောင်းသော ပုဏ္ဏားလုလင်

အချိန်က ဗာရာဏသီ နေပြည်တော်၌ ဗြဟ္မဒတ်မင်းကြီး နန်းစံကာ ယဉ်ကျေးမှု ဓလေ့နှင့် ထုံးတမ်း အစဉ်အလာ များကို မြေဝယ်မကျ လိုက်နာ ကျင့်သုံးနေချိန် ဖြစ်၏။ နေပြည်တော် တဘက်ခြမ်းတွင် တိုင်းသူပြည်သား များ၏ အားထားရာ ဂင်္ဂါမြစ်ဟူသော မြစ်တစင်းရှိ၏။

တနေ့သ၌ ဂင်္ဂါမြစ်ကမ်းပါးရှိ ဖြူဖွေးနေသော သဲသောင်ပြင်ထက် ပုဏ္ဏားလုလင်လေး တယောက်သည် အပေါ်ရုံ ပုဆိုးဖြင့် တကိုယ်လုံး လွှမ်းခြုံလျက် တင်ပလ္လင်ခွေ ထိုင်နေလေသည်။ ပုဏ္ဏားလုလင်၏ မျက်နှာမှာ တင့်တယ်၍ မြင့်မြတ်သော မျိုးရိုးမှ ဆင်းသက်လာမှန်း သိသာ၏။

ထိုနေရာမှ လုံးဝမထဘဲ ထိုင်နေခဲ့သဖြင့် လှပတင့်တယ် ရှုချင်စဖွယ် ရှိလှသော သူ၏ မျက်နှာသည် ပင်ပန်း နွမ်းနယ်၍ နေပေသည်။ လမ်းသွားလမ်းလာ များသည် ထူးခြားလှသော သူ၏ အပြုအမူကြောင့် တအံ့တသြ ဖြစ်ကာ လာရောက် ကြည့်ရှုကြ၏။

အရွယ်လေးနှင့် မလိုက်အောင် ပင်ပန်း ဆင်းရဲခြင်းဒဏ် ခံစားနေရသဖြင့် အဘယ်ကြောင့် ဤသို့ နေထိုင်ရကြောင်း မေးမြန်းကြလေသည်။ ကောင်းမြတ်သော စေတနာ၊ ကြင်နာသော ကရုဏာဖြင့် မေးမြန်းသော စကားတို့ကို ပုဏ္ဏားလုလင်က လုံးဝ မပြန်ကြားလျက် နှုတ်ဆိတ်နေမြဲ နေလေသည်။

လမ်းသွားလမ်းလာ များမှ တဆင့်စကားဖြင့် ဒုတိယနေ့တွင် ရွာသူရွာသားများ၊ တတိယနေ့တွင် မြို့သူမြို့သားများပါ မကျန် လာရောက် မေးမြန်းကြ၏။ စတုတ္ထနေ့တွင် မြို့မျက်နှာဖုံး လူကြီးသူမ များပါ လာရောက်ကြသည် သာမက ပဉ္စမနေ့ တွင် မင်းမှုထမ်းများပါ ရောက်လာ ကြလေသည်။

ပုဏ္ဏားလုလင်မှာ မည်သူ လာမေးမေး လုံးဝ မဖြေကြားဘဲ နှုတ်ဆိတ်နေ ခဲ့သည်။ တနေ့ထက် တနေ့ သူ၏ ခန္ဓာကိုယ် မှာလည်း ပို၍ ညှိုးနွမ်းလာ ခဲ့သည်။ ထိုင်နေသော နေရာမှ တစိုးတစိမျှ လုံးဝ မရွေ့လျက် အပူဒဏ် အအေးဒဏ်ကို တောက်လျှောက် ခံစားလာ ခဲ့ရသဖြင့် အင်မတန် ပင်ပန်းလှပါပေပြီ။

သို့ရာတွင် သတင်းလာမေးသူ များသည် အပင်ပန်းခံရခြင်း အကြောင်းအရင်းကို မေးမရနိုင် သဖြင့် ငိုကြွေးလျက် လက်မှိုင်ချကာ ပြန်သွားကြ ရလေသည်။ ဤသို့ တဆင့်စကား တဆင့်နားဖြင့် ပြန့်ပွားလာခဲ့ရာ ပုဏ္ဏားလုလင်လေး အကြောင်းကို မင်းကြီးကိုယ်တိုင် ကြားသိလာရ၏။

လူကြီးသူမ တို့၏ အစဉ်လာ စကားအရ အမျိုးဇာတ် မြင့်မြတ်လှသော ပုဏ္ဏားတယောက် ထိုသို့ အစာအငတ် ခံ၍ သေဆုံးသွားခဲ့ ပါလျှင် တတိုင်းပြည်လုံး ကံဆိုးမိုးမှောင် ကျရောက်လာ လိမ့်မည်ဟု ယုံကြည်ထား ကြသဖြင့် မင်းကြီးကိုယ်တိုင် ထိတ်လန့်လာရ၏။ ထို့ကြောင့် စကားအရာ၌ လိမ္မာကျွမ်းကျင်သော တမန်များ စေလွှတ် မေးမြန်းစေရာ အချည်းနှီး ဖြစ်ကာ ပြန်လာရ ပေသည်။

သတ္တမမြောက် နေ့တွင် ဗြဟ္မဒတ်မင်းကြီး ပင်လျှင် မနေသာသောကြောင့် ဂင်္ဂါမြစ်ကမ်းသို့ မင်းချင်းများ ခြံရံလျက် ကိုယ်တိုင်ကြွမြန်း လေတော့သည်။ ဂင်္ဂါမြစ်ကမ်းပါးထက်၌ အပင်ပန်း ခံနေသော ပုဏ္ဏားလုလင်လေးကို မြင်သောအခါ

"အို အသင် ပုဏ္ဏား မနေ့တုန်းက တမန်တော်များ လွှတ်ပြီး မေးမြန်းတဲ့ အခါ အသင် ဘာတခုမျှ မဖြေကြား လိုက်ပါ။ အသင်မှာ ဘယ်လိုဆင်းရဲဒုက္ခများ ကျရောက်နေ ပါသလဲ။ ဘယ်လို အချင်းအရာကြောင့် စောစောက မေးမြန်းသူတွေကို မဖြေကြားဘဲ နေခဲ့ရပါသလဲ" ဟု မင်းကြီးက မေးမြန်းလေသည်။

ထိုသို့ မင်းကြီးကိုယ်တိုင် လာရောက် မေးမြန်းသည့်အခါ ပုဏ္ဏားလုလင်သည် မျက်လွှာဖွင့်၍ ကြည့်ကာ "အရှင်မင်းကြီး မိမိမှာ ဆင်းရဲဒုက္ခ ကျရောက်နေတဲ့ အခါ ဒီဆင်းရဲဒုက္ခက လွတ်မြောက်အောင် အကျိုး မဆောင်နိုင်တဲ့ သူများထံမှာ မပြောကြားသင့်ပါ။ တစိတ် တဒေသလောက် ဖြစ်စေ လွတ်မြောက်အောင် အကျိုးဆောင် ပေးနိုင်တဲ့သူကိုသာ ပြောကြားသင့် ပါတယ်။ ဒါကြောင့် အကျွန်ုပ် ဘယ်သူကိုမှ စကားမပြောဘဲ မင်းကြီး တဦးတည်းကိုသာ ဖြေကြားရ ပါတော့တယ်" ဟု ဖြေလေသည်။

"ဒါဖြင့် အသင်ပုဏ္ဏားမှာ ဘယ်လို ဆင်းရဲဒုက္ခတွေ ကျရောက်နေ ပါသလဲ" ဟု မင်းကြီးမှ မေးရာ "အရှင်မင်းကြီး ဒိသာပါ မောက္ခဆရာကြီးထံ ပညာသင်ကြားရန် သွားစဉ်တုန်းက ကျွန်ုပ်မှာ ဆရာပူဇော်ကြေး ပါမသွားခဲ့ပါဘူး။

ဒါကြောင့် ဆရာကြီးထံမှာ ပညာသင်ကြားပြီးမှ တိုင်းပြည်အနှံ့ လှည့်အလှူခံပြီး ပေးပါရစေ လို့ တောင်းပန်ပြီး ပညာသင်ကြား ခဲ့ရပါတယ်။ပညာရပ်အားလုံး တတ်မြောက်တဲ့အခါ ပေးထားတဲ့ ကတိစကား အတိုင်း နယ်လှည့် ခရီးဆန်ပြီး အလှူခံလိုက်တာ ရွှေဒင်္ဂါး ခုနစ်ရာကို ရရှိခဲ့ ပါတယ်။

ရလာတဲ့ ရွှေဒင်္ဂါးတွေကို သေသေချာချာ ထုပ်ပြီး ဂင်္ဂါမြစ်ကို ကူးတို့လှေနဲ့ ကူးလာရာ မှာတော့ ကူးတို့ လှေလူးတာနဲ့ ပါလာသမျှတွေ မြစ်ရေထဲ ကျသွားပါတော့တယ်။ ဒီတော့ အဲဒီရွှေတွေ ဘဏ္ဍာစား ပြန်ရအောင် လှည့်ပြီး အလှူခံရမယ် ဆိုရင် အချိန်အများကြီး စောင့်ရပါလိမ့်မယ်။

အနယ်နယ် အရပ်ရပ်မှာလည်း ဆင်းရဲကျပ်တည်း နေကြလေတော့ ဒီငွေပမာဏ လွယ်လွယ်နဲ့မရနိုင်တော့လို့ လက်ရှိနည်းလမ်းကို ကျင့်သုံးရတာပါ အရှင်မြတ်မင်းကြီး" ဟု ပုဏ္ဏားလုလင်မှ ဖြေကြားသည်။

ထိုအခါ မင်းကြီးသည် ပုဏ္ဏားလုလင်အား "ကောင်းပါတယ် အသင်ပုဏ္ဏား။ အသင်ပုဏ္ဏားရဲ့ လုပ်ဆောင်ချက် မှန်ကန် ပါပေတယ်။ ဇွဲသတ္တိ အပြည့်အဝနဲ့ ဆင်းရဲ ဒုက္ခဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ အသင့်အရည်အချင်းကို အားရ နှစ်သက်မိပါတယ်။ ဒါကြောင့် အသင် ကျပျောက်ခဲ့တဲ့ ရွှေဒင်္ဂါး ခုနစ်ရာကို နှစ်ဆတိုးပြီး ပေးလှူလိုက်ပါ့မယ်" ဟု ဆိုလေသည်။

ထိုသို့ ဝန်ခံစကား ပြောကြားခဲ့သည့် အတိုင်း ဗြဟ္မဒတ်မင်းကြီးထံမှ ရွှေဒင်္ဂါး တထောင့် လေးရာတိတိ ရရှိသောအခါ ဇွဲလုံ့လကြီး၍ သတ္တိရှိသော ပုဏ္ဏားလုလင်ငယ်သည် ဒိသာပါမောက္ခ ဆရာကြီးထံ သွားရောက်ကာ ရိုသေစွာ ဦးခိုက်၍ ဒင်္ဂါးပြားများနှင့်အတူ ကန်တော့ခွင့် ရလေတော့သည်။

ဒီဇာတ်လမ်းလေးက ဘယ်အလုပ် ကိစ္စမဆို သတ္တိထား ဇွဲလုံ့လ ကြီးမားပြီး လုပ်ဆောင်ပါက အောင်မြင်မှု အကျိုးတရား ရရှိနိုင်တာကို ဖော်ညွှန်းပေးထားတာ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments