အိမ်ထောင်ပြုလို့ အကောင်းဆုံးအရွယ်

အိမ်ထောင်ပြုလို့ အကောင်းဆုံးအရွယ် ကို ပြပါ ဆိုရင် အသက် ၅၀ ၆၀ ကျော် ၇၀ အရွယ် ကိုပဲ ညွှန်းပါရစေ။ ဘာလို့လဲ ဆိုတော့ အဲ့ဒီ အရွယ်က စုဆောင်းသင့် သလောက် စုဆောင်းမိပြီ။

ဝန်ထမ်း ဖြစ်ခဲ့မယ် ဆိုရင်လည်း ပင်စင် လစာလေးနဲ့ အလုပ်လည်း ဆင်းစရာ မလိုတော့ဘူး။ ပြီးတော့ ကလေးတွေ ဘာတွေလည်း မွေးစရာ မလိုတော့ဘူး။ ထိန်းစရာလည်း မလိုတော့ဘူး။ ကလေးစရိတ်လည်း မလိုတော့ဘူး။

နှစ်ဖက်မိဘ မျက်နှာနာစရာ၊ ထောက်စရာလည်း မလိုတော့ဘူး။ ယောက္ခမ တွေလည်း မရှိတော့လို့ အတော့်ကို စိတ်ချမ်းသာ ကြရတော့မယ်။

စားတာ သောက်တာကလည်း အဆီ အငန် အသားတွေ လျော့စားနေ ရတော့ စားစရိတ် သက်သာသလို မီးဖိုချောင် ကိစ္စအချိန်ကုန် သက်သာလာလို့ တယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း တီတီတာတာ တွတ်ထိုးချိန် လေးတွေ ပိုထွက်လာပြီ။

အိမ်ပိုင် ရမယ် ကားပိုင်ရမယ်နဲ့ ဖိအားတွေ ဝင်နေစရာ မလိုတော့တဲ့ အရွယ် ဆိုတော့ TV လေး တလုံး ရှိရင်ကို ကျေနပ်စရာ TV က လာတဲ့ တရား အတူထိုင်နာမယ်။

ဇာတ်လမ်းတွဲတွေ အတူ ကြည့်မယ် ဘောပွဲအတူ ကြည့်ပြီး လောင်းမယ်။ ငါ့အသင်း နိုင်ရင် နင့်ကို နမ်းမယ် ငါ့အသင်း ရှုံးရင် နင်က နမ်းပါပေါ့။

တခါတလေတော့ ကိုယ်ဝါသနာပါတဲ့ အနုပညာကို အတူ ဖန်တီးကြ ရုံဘဲ။ ကဗျာရေးမယ်၊ တယော ထိုးမယ်၊ ပန်းချီ ဆွဲမယ်၊ ပန်းပင်လေးတွေ ရေအတူ လောင်းမယ်၊ ငှက်ကလေးတွေ အစာကျွေးမယ်။

အဖွားကြီး မင်းက အဖိုးကြီး ငါ့ကို မောင်တွေ ဘာတွေ ခေါ်ပါအုံး ဆိုတဲ့ ကိုင်ဇာသီချင်း၊ သူက အသံတုန်တုန်နဲ့ ဆိုရင် ကိုယ်ကသွားကျိုးလေးနဲ့ ပြုံးပြီး စံပယ်ပန်းလေး ပန်ခိုင်းရုံပဲ။

ဟိုလူနဲ့ စိတ်မချ ဒီလူနဲ့ သဝန်တို ဆိုတဲ့ အကုသိုလ် မစ္ဆရိယ စိတ်လေးတွေလည်း မရှိတေ ာ့သလောက်မို့ မင်းရဲ့လက်ကို အတူတွဲရင်း နိဗ္ဗာန်သောင်ကမ်း အတူ ကူးဖြတ်နိုင်တဲ့ အခွင့်အရေးလေးပါ ရမှာပါနော်။

နောက်ဆုံးအချက် တွေးမိတာ ကတော့ စပ်စလူး အရွယ်တုန်းကလို လက်ထပ်ပြီးရင် အိုအောင် မင်းအောင် ပေါင်းရပါစေ လို့ စိုးရိမ်သောက ဗျာပါဒနဲ့ ဆုတောင်းနေစရာ မလိုတော့ဘူးလေ။ အိုအောင် မင်းအောင် ပေါင်းပြီးသားလေ။

ဒါရယ်စရာ ဟာသ မဟုတ်ပါဘူး။ ဉာဏ်ကို လွှာပြီး တွေးကြည့်ပါ။ သင့်ရဲ့ မျှော်လင့်ချက်တွေ နောက်မကျသေးဘူး ဆိုတဲ့ အတွေးနဲ့ကို သင် ပီတိတွေ တဝေဝေ ဖြစ်နေရ မှာပါ။ Crd KK

Post a Comment

0 Comments