ငါဟဲ့ ဘီကြား

တခါတုန်းက တောရွာတရွာမှာ ဇာတ်ပွဲတခု ကပြဖို့ စီစဉ်ထား ကြသတဲ့။ အဲဒီမှာ ဇာတ်ပို့ လူတယောက်က အခန်း နှစ်ခန်းမှာ သရုပ်ဆောင်ပေးဖို့ တာဝန်ကျသတဲ့။ ပဌမဦးဆုံး သရုပ်ဆောင် ရမှာက သိကြားမင်း အခန်း၊ နောက်တခန်းက ဘီလူးခန်းတဲ့။

ညရောက်တဲ့အခါ သူ့အလှည့် မရောက်သေးတာမို့ ဇာတ်ခုံ နောက်ဖေး ဝင်ပြီး "ခေတ္တခဏ အိပ်လိုက်ဦးမှပဲ။ ငါ့အလှည့် ကျမှ ထပြီး သရုပ်ဆောင်မယ်" ဆိုကာ ပဌမဆုံး သရုပ်ဆောင် ကပြရမယ့် သိကြား အဝတ်အစားတွေ ဝတ်ဆင်ထားပြီး အိပ်နေလိုက်သတဲ့။

သူ့အိပ်ရာ နံဘေးမှာက သိကြားခန်း ရောက်ရင် သိကြားမင်းအဖြစ် သရုပ်ဆောင်ဖို့ သိကြားမင်း ခေါင်းစွပ်က တခု၊ နောက်ဘီလူးခန်း ရောက်ရင် ဘီလူးအဖြစ် သရုပ်ဆောင်ဖို့ ဘီလူးခေါင်းစွပ်က တခု (ခေါင်းစွပ်နှစ်ခု) ချထား တယ်။

"အင်း ငါ့အလှည့်ရောက်ရင် အသာလေး ခေါင်းစွပ်ပြီး သရုပ်ဆောင်ရုံပဲ" လို့ တွေးပြီး စိတ်ချလက်ချ အိပ်ပျော် သွားသတဲ့။

အဲဒါနဲ့ ဇာတ်ပွဲ ကပြနေတာ တစတစ သူ့အလှည့် ရောက်တော့ အနားမှာရှိတဲ့ လူများက နှိုးကြသတဲ့။ "ဟေ့ ထကြကွ၊ သိကြားလုပ်မယ့်သူ ဘယ်သူလဲ ကိုယ့်အလှည့် ရောက်တာ မသိဘူးလား ထတော့" ဆိုတော့ စောစောက အိပ်နေတဲ့ လူကလည်း အိပ်မှုန်စုံမွှားနဲ့ ကပျာကယာ ထပြီးတော့ အနားက တွေ့ တဲ့ ခေါင်းစွပ်တခု ခေါင်းပေါ် စွပ်လိုက် ပြီး သုတ်သီးသုတ်ပျာ ဇာတ်ခုံပေါ် တက်သွားတော့တာပဲ။

ဇာတ်ခုံပေါ် ရောက်တော့ ပိတ်ကား (ကန့်လန့်ကာ) ရှေ့ထွက်ပြီး ပွဲကြည့် ပရိသတ်တွေ အားလုံး ကြားအောင် ကြုံးဝါးလိုက်တယ်။ "ဝတိံသာ ဘုံဖျားက ငါ သိကြား ဖြစ်တော့သကိုး"

အဲဒီလို ကြုံးဝါးလိုက်တော့ အောက်က ပွဲကြည့်ပရိသတ်တွေ က ဝိုင်းအော်ကြသတဲ့။ "ဟာ ခင်ဗျား ပါးစပ်ကတော့ သိကြားမင်းလို့ ဆိုပြီး ကြုံးဝါးတယ်။ ခင်ဗျားခေါင်းမှာ စွပ်ထားတာ ကတော့ ဘီလူးခေါင်းကြီး ခင်ဗျ။ ဘီလူးခေါင်းကြီး ခင်ဗျ" လို့။

အဲဒါနဲ့ သူ့ကိုယ်သူ ပြန်ကြည့်လိုက်တော့ ခန္ဓာကိုယ်မှာ ဝတ်ဆင်ထား တာကတော့ သိကြားမင်း အဆောင်အယောင် တွေပဲ။ ဒါပေမယ့် အိပ်ချင်မူးတူးနဲ့ အိပ်ရာနံဘေးမှာ ချထားတဲ့ ခေါင်းစွပ် နှစ်ခုထဲက ဘီလူးခေါင်းစွပ်ကို မှားပြီး ခေါင်းမှာ စွပ်လာခဲ့ မိပြီ။

"အင်း ခန္ဓာကိုယ်က သိကြားမင်း ဖြစ်ပြီး ခေါင်းကျမှ အစွယ်ငေါငေါနဲ့ ဘီလူးခေါင်း ဖြစ်နေပါရောလား" လို့ တွေးမိသတဲ့။ ဒီလိုဆိုရင် ဇာတ်ခုံထဲ ပြန်ဝင်ပြီး ခေါင်းစွပ်ချင်း လဲပြီး သိကြားခေါင်းစွပ် စွပ်လိုက်ဖို့ပဲ။ ဒါပေမယ့် ဒီလူက ပေတယ်။ ခေါင်းမာတယ်။ မပြင်ဘူးတဲ့။

ဒါပေမယ့် ပါးစပ်ကတော့ ပြောင်းပြီး အော်လိုက်တယ်။ သရုပ်ဆောင် ရမှာက သိကြားမင်း။ ခေါင်းစွပ်က ဘီလူးခေါင်း ဖြစ်နေတော့ "ဝတိံသာဘုံဖျားက လို့ အော်လို့ မဖြစ်တော့ဘူး။ သူ့ဟာက သိကြားအစစ်မှ မဟုတ်တော့တာ ပဲကိုး။

သိကြားအစစ် ကသာ တာဝတိံသာ ဘုံမှာနေတာ။ အခုတော့ သူ့ဟာသူ ဘီလူးနဲ့ သိကြား ပေါင်းထားတဲ့ ကပြားကြီးပဲ။ ဒါကြောင့် ဒီလို အော်လိုက်သတဲ့။ "ကိုင်း ဝတိံသာ အောက်နားက (ဝတိံသာဘုံဖျား မဟုတ်တော့ဘူး) ငါ ဘီကြား ဖြစ်တော့သကိုး"

ဒီတော့ ပရိသတ်တွေက ဝါးခနဲ ဝိုင်းရယ်ကြသတဲ့။ ရယ်တာက သဘောကျလို့ ဟာသ ကွက်မို့ ရယ်တာ မဟုတ်ဘူး။ ကိုယ့်အမှားကို မပြင်ဘဲနဲ့ ခေါင်းမာမာနဲ့ ဇွတ်တိုးပြီး မဟုတ်တရုတ်တွေ အော်လို့ လှောင်ကြတာ။ ပြောင်ကြတာ။ သရော် ကြတာတဲ့။ လောကမှာလည်း အဲဒီလို ဘီလူးလည်း မဟုတ် သိကြားလည်း မဟုတ်တဲ့ ဘီကြားသမားတွေ အများကြီး ရှိပါတယ်။

"အာ ကိုဟဝှာ၊ ခင်ဗျား လူကြီးလူကောင်း ဖြစ်လျက်နဲ့ ဒီလို အရက်သောက် ဖဲရိုက် လုပ်နေတာ မတော်ပါဘူး။ မလုပ်ပါနဲ့" လို့ ဘေးကပြောလာရင် "ဟေ့ကောင် ဒါတွေ မင်းပြောစရာ မလိုပါဘူးကွ။ ငါသိပါတယ်" ဆိုပြီး ဘီကြား လုပ်ပြီးတော့ မလိုက်နာ ချင်တဲ့သူတွေ ခေါင်းမာတဲ့ သူတွေ လောကမှာ အများကြီးပါ။

ကိုယ့်မှာ အသိတရား ရှိလျက်နဲ့ ကိုယ့်အမှားကို ပတ်ဝန်းကျင်က အကျိုးအကြောင်း ပြပြီး ပြောဆိုတာကို ကိုယ်က အသိခေါက်ခက် အဝင်နက်ပြီး ဆက်ပြီး မိုက်နေ မှားနေ ခေါင်းမာနေသူတွေဟာ ဘဝဇာတ်ခုံပေါ်မှာ ဘီကြား လုပ်ပြီး ဇွတ်မှိတ် သရုပ်ဆောင် နေကြတာတွေ ပါပဲ။ ဒီလိုလူတွေ လောကမှာ အများကြီးပါပဲ။

ဤဓမ္မပုံပြင်ဖြင့် ဆရာတော်သည် (၁) မိမိတွင် အသိတရား ရှိလျက်နဲ့ အသိကို အကျင့်နှင့် ထပ်တူမပြုဘဲ လူတော် မဟုတ်၊ လူကောင်း မဟုတ်၊ လူရှော် မဟုတ်၊ လူယုတ် မဟုတ် ပုံစံစုံ ကျင့်သုံးနေသူများသည် ဘီကြားသမား များသာ ဖြစ်ကြောင်း (၂) မိမိသည် အသိပညာ အတတ်ပညာ ရှိပြီးသားမို့ လူတော်ဖြစ်လျှင် လူကောင်းဖြစ်ဖို့ အကျင့်သိက္ခာဖြင့် ရှေ့ခရီး ဆက်ဖို့ လိုကြောင်းနှင့် (၃) အသိတလှမ်း လှမ်းလျှင် အကျင့်ကလည်း နောက်က တလှမ်း လှမ်းနိုင်မှ (တနည်း) စာတွေ့ တလှမ်း လက်တွေ့တလှမ်း လှမ်းနိုင်မှသာ လူတော်လူကောင်း အဖြစ်မှ လူမွန် သူမြတ်များ ဖြစ်လာနိုင် ကြောင်းကို ညွှန်ပြလိုရင်း ဖြစ်ပါသည်။

စာရှုသူများလည်း ဆရာတော်ပေးသော ဘဝသင်ခန်းစာ ရကြ၍ ဘီ+ကြား သမားများ အဖြစ်မှ ကင်းလွတ်နိုင် ကြပါစေ။ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ယော ဆရာတော်ကြီး။ တော်ဝင်နွယ် (ဓမ္မပုံပြင်များ)

Post a Comment

0 Comments