အဆိုးဆုံးအခြေအနေကို ရင်ဆိုင်နေရပြီလား

တခါတုန်းက ရွာတရွာတွင် အင်မတန်မှ စားလို့ ကောင်းသော သရက်ပင်ကြီး တပင် ရှိသည်။ ထိုသရက်ပင်ကြီးသည် ရွာလယ်ခေါင်မှာ ရှိသည်။ ရွာအစွန် တောစပ် တနေရာမှာတော့ မျောက်တအုပ် ရှိသည်။

တနေ့မှာတော့ ထိုသရက်သီးများ အကြောင်းကို ကြားပြီး မျောက်တွေဟာ အလွန်တရာမှ ခူးယူ စားသောက်ချင် နေကြသည်။ မည်သို့ ခူးယူရမည်နည်း။ မသိ။ သူတို့ သွားရောက် ခူးစားကြ ရင်လည်း ရွာသားများက သူတို့ကို ပြန်ပြီး ဖမ်းယူ သတ်ဖြတ် ကြမည်။

ထိုအခါ မျောက်တကောင်က မျောက်မင်းကြီးကို ပြောလိုက်သည်။ "ကျွန်တော်တို့ အဲဒီ သရက်သီးတွေကို စားသောက် ချင်တေယ်" ဆိုတော့ မျောက်မင်းကြီးက

"မင်းတို့ တခြား အသီးကို စားကြပါ။ အဲ့ဒီ သရက်ပင်က ရွာလယ်မှာ ရှိတယ်။ ငါတို့ သွားခူးရင် လူတွေနဲ့ တွေ့လိမ့်မယ်။ လူတွေဟာ သိပ်ကို ရက်စက် ကြတယ်။ ငါတို့ကို သတ်ဖြတ်မှာ သေချာတယ် မသွားပါနဲ့" ဟု ပြောလေသည်။

"ဒါဆို ကျွန်တော်တို့ လူတွေ အိပ်မောကျနေတဲ့ အချိန်မှာ ခိုးယူရင် ရနိုင်တယ်" လို့ မျောက်တကောင်က ထပြီး အကြံပြုလိုက်သောအခါ ထိုအကြံကို မျောက်များအားလုံး ထောက်ခံ ကြ၍ မျောက်မင်းကြီးမှာ ခွင့်ပြုလိုက် ရသည်။

ညအချိန် လူတွေ အိပ်မောကျနေသည့် အချိန်မှာ မျောက်များဟာ ကြံစည်ထားသည့် အတိုင်း သရက်ပင်ကြီးပေါ်ကို တက်ပြီး အလွန်တရာမှ အရသာ ရှိတဲ့ သရက်သီးတွေကို ခူးစားကြသည်။

သိပ်မကြာခင်မှာပဲ လူတယောက်ဟာ အပေါ့ပါး စွန့်ရန် အိမ်ပြင်သို့ ထွတ်အလာ သစ်ပင်ပေါ်က မျောက်များကို မြင်တွေ့ပြီး ရွာသူရွာသားများ နှိုးကာ သစ်ပင်အား ဝိုင်း၍ မျောက်များကို သတ်ဖြတ်ဖို့ စောင့်နေကြသည်။

ထိုအချိန်မှာတော့ မျောက်တွေ အားလုံး သရက်သီးများကို ဆက်မစားရဲ။ "ငါတို့ သေရတော့မည်" ဟုသာ စိတ်က ကြီးစိုးနေလေသည်။ သူတို့အားလုံး အသတ်ခံ ရတော့မည် သေချာသည်။ တခြား ပြေးစရာ နေရာ မရှိ။ အောက်မှာလည်း လူတွေက တုတ်ကိုယ်စီဖြင့် ဝိုင်းအုံ နေကြသည်။

မျောက်မင်းကြီးနားကို အားလုံး ကပ်ပြီး သနားစရာ မျက်နှာကလေးဖြင့် အစီရီ ရှိနေကြသည်။ "ဒို့အားလုံး မကြာခင် သေရတော့မယ်" ဟူသော ကိုယ်စီ အတွေးများနဲ့ မျောက်မင်းကြီးကို ကြည့်နေခြင်းပါ။

ထိုအချိန်မှာ လူတယောက် ပြေးလာပြီး "မီး မီးလောင်နေပြီ" ဟု အော်ဟစ်ကာ ရောက်လာသည်။ အသံနှင့် အတူ မလှမ်းမကမ်းဆီမှ မီးညွန့်များကို လှမ်းမြင် လိုက်ရသည်။ ဆွမ်း ထချက်ရင်း နမော်နမဲ့ ဖြစ်ကာ အိမ်ကို မီးကူးသွားသည် ဟု ဆိုကြသည်။

မီးတောက်များ ကြီးလာသည်။ မျောက်တွေကို သတ်ရန် ဝိုင်းထားသော လူတွေဟာလည်း မီးဆီကို အာရုံရောက်ပြီး ပြေးကုန်ကြသည်။ လူတွေ မီးလောင်ရာ ပြေးတော့မှ မျောက်မင်းကြီး ဦးဆောင်ပြီး သစ်ပင်ပေါ်မှာ ဆင်းကာ အသက်ဘေးမှ ကင်းလွတ်သွားကြသည်။

တခါတစ်လေ လုံးဝ ထင်မှတ် မထားတဲ့ အရာတွေက ကူညီမှုတွေ ရတတ် ပါတယ်။ အဆုံးထိ စိတ်ဓာတ် ကျနေစေဦး ဘဝကို အဆုံး မသတ်လိုက် ပါနဲ့။ ထွတ်ပေါက် မရှိတော့ဘူး ဆိုပြီးလည်း ကိုယ့်ကိုယ်ကို အရှုံးမပေးလိုက် ပါနဲ့။ အသက် ရှင်နေသရွေ့ ကြိုးစားခွင့် ရှိပါသေးတယ်။ သျှီတမာမြေ

Post a Comment

0 Comments