အနာပျောက်ဆေး

အဘိုးလေး ပြောပြတဲ့ ပုံပြင်ပါ။ "ဂျပန်ခေတ်က မင်းတို့ ခုနေတဲ့ မင်္ဂလာလမ်းဆိုတာ ဖာတန်းကြီးကွ" အဘိုးလေးက အဲသည်လို စလိုက်တာ။

"အဘိုးလေးက ဖာတန်းမှန်း ဘယ်လို သိသလဲ၊ အဘိုးလေး ကိုယ်တိုင် လာဖူးလို့လား" ကျွန်တော်က အဘိုးလေးကို မေးတော့ "ခွေးကော၊ ပြောတာ နားထောင်၊ ငါက ဖာကျိုးကုတဲ့ ဆရာဝန်" တဲ့။

အဲဒီတော့မှ အဘိုးလေးက တိုင်းရင်းသမားတော်ကြီးပဲ ဆိုတာ သတိရတော့တယ်။ "အဘိုးလေးရယ် ဖာကျိုးတယ် ဆိုတာ ဘာလဲဗျ" လို့ မေးမိတယ်။

"ဖာကျိုးတယ် ဆိုတာ အဲဒီခေတ်က ကာလသားတွေ အများဆုံး ဖြစ်တာကွ။ သူတို့တန်ဆာမှာ အနာတွေ ဖြစ်လာ၊ ပေါင်ခြံမှာ ဘုတွေထွက်၊ အနာတွေထွက်၊ ပြည်တွေ တရွှဲရွှဲနဲ့" တဲ့။ ကြားရတာတောင် အန်ချင်စရာ။

"ငါက လမ်းထိပ်က ကုက္ကိုပင်ကြီးဘေးက ဇရပ်မှာ ဖာကျိုးတွေကို ထားပြီး ဆေးကုတယ်။ မင်းက ငါ့ကို အထင်မသေးနဲ့ ဂျပန်တွေတောင် ငါ့ဆီကို ဖာကျိုး လာကုရတယ်မောင်"

"ဟာ အဘိုးလေးဆေးက စွမ်းလို့ပေါ့။ ဖာနာကို ဘာနဲ့ ကုသလဲ အဘိုးလေးရ" "မင်းကို ငါ့တူမို့ ပြောတာ လျှောက်မပြောနဲ့။ ဘာအနာဖြစ်ဖြစ် ယမ်းစိမ်းနဲ့ ရေနံချေးကို ဖယောင်းနဲ့ ရောမွှေ၊ သိပ်ပြင်းတဲ့ အနာဆိုရင် ယမ်းစိမ်းကို လိုသလောက်လေး နည်းနည်း သိပ်။ ဖာကျိုးလာတဲ့ ကောင်တွေများ အော်လိုက်တာ ငါ့ဆေးခန်းမှာ ဆူညံနေတော့တာ"

"ယမ်းစိမ်း တွေနဲ့ဆိုတော့ စပ်မှာပေါ့" "ဖာကျိုးနာကို အဲဒီအချိန်က ကုတဲ့ဆေး ပဲမောင်။ ဘာဆေးမှ ရှိတာမဟုတ်ဘူး။ ငါ့မှာလည်း အဲဒါလေးနဲ့ ဆရာ လုပ်နေရတာ။ ဒါပေမဲ့မောင် ငါလည်း ထွက်ပြေးရတယ်။ အင်္ဂလိပ်တွေ ပြန်ဝင်လာမှ ပြန်လာခဲ့ရတာ" "ဘာဖြစ်လို့လဲ ဘိုးလေးရ"

"ငါ့ရေနံချေးတွေ ဖယောင်းတွေ ယမ်းစိမ်းတွေက တရားမဝင် ပစ္စည်းတွေကွ။ ဂျပန်တွေ မသိအောင် ဝှက်ထားရတာ။ ဘယ်မှာ ဝှက်ထားတာလဲဆိုတော့ ဖာတန်းအောက်မှာ။ အဲဒီအချိန်က ဖာခေါင်းမကြီးက မသန်းတဲ့။ မသန်းကလည်း သူ့ဆီက ဖာနာတွေကို ကုပေးနေတဲ့ ငါ့ကို လေးစားတာနဲ့ ဖာတန်းအောက်မှာ အဲဒီ ပစ္စည်းတွေ ထားခွင့် ပြုထားတယ်။

တနေ့တော့ ဂျပန်မာစတာ တယောက်က ဖာတန်းလာပြီး ပျော်ပါးတယ်။ အဲဒီကောင်က မပျော်ပါးမီ ဖာတန်းအပြင်မှာ သေးထွက်ပေါက်တယ်။ သောက်လာတဲ့ စီးကရက်ကို ဖာတန်းအောက် ပစ်လိုက်တော့ ယမ်းစိမ်းတွေ ရေနံချေးတွေကို မီးစွဲပြီး ဖာတန်း မီးလောင်ပါလေရော"

"ဟာ ဘိုးလေးကို မဖမ်းဘူးလား" "လိုက်ဖမ်းတာပေါ့။ ဖာတန်း မီးလောင်တာ ပိုဆိုးတယ်။ ဖာတန်းက မီးငြိမ်းသွားပေမယ့် ငါသိုလှောင်ထားတဲ့ ဆေးတွေ အားလုံး မီးထဲပါသွားတယ်" "ဘိုးလေး ခွင်ပျက်သွားတာပေါ့"

"ငါခွင်ပျက်တာ အရေးမကြီးဘူးကွ။ ငါထွက်ပြေးနေတော့ ဖာကျိုးတဲ့ကောင်တွေကို ဆေးကုပေးမယ့်သူ မရှိဘူး။ ပိုဆိုးတာက ဖာတန်းကို ပြန်ဆောက်ဖို့ အမိန့်ထုတ်နေတဲ့ ဂျပန်ဗိုလ်ကိုယ်တိုင်က ဖာကျိုးနေတော့ တာ" "ဟာ ကောင်းလိုက်တာ အဲဒါ ဘိုးလေး အကွက်ပေါ့"

"ငါ့ကို လိုက်ရှာတာ နှံ့နေရောပဲ။ ငါကလည်း ပါးတာမှ လှပ်နေတာ ရှောင်နေတာပေါ့။ ဒါပေမဲ့ ဖာခေါင်းမကြီး မသန်းက ငါဖော်တဲ့ ဆေးနည်း မတောက်တခေါက်နဲ့ ဂျပန်ဗိုလ်ကို ဆေးသွားကုတာ သူကုလိုက်မှ ယမ်းစိမ်းက များပြီး ဂျပန်ဗိုလ်ရဲ့ ဟဝှာ ပြတ်ပါကျတာ"

"ဟာ မသန်း ဘာမှ မဖြစ်သွားဘူးလား" "အလိုလေး မသန်းလား၊ ဂျပန်ဗိုလ်ကို ဟဝှာ ပြတ်အောင် လုပ်ပေးတယ် ဆိုပြီးတော့ အင်္ဂလိပ်လည်း ပြန်အတက် ဆုတွေ ဘာတွေတောင် ရလို့"

TinNyunt

Post a Comment

0 Comments