ချမ်းသာပြီးသားပုဂ္ဂိုလ်

ဟိုးရှေးရှေးတုန်းက ဆင်းရဲတဲ့ မိသားစုတခုမှာ ၁၀ နှစ် အရွယ် သားလေးတယောက် ရှိသတဲ့။ တနေ့မှာ အဲဒီ သားလေးက သူ့အဖေကို မေးတယ်။ "အဖေ၊ သား ကြီးလာရင် ချမ်းသာအောင် ဘယ်လို လုပ်ရမလဲ"

သူ့အဖေက တသက်လုံး ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေ လုပ်လာခဲ့ပြီး အမြဲ ပိုက်ဆံ မရှိတဲ့သူ ဆိုတော့ ဘယ်လို ဖြေရမလဲ မသိဘူး ဖြစ်နေတယ်။ အဲဒါနဲ့ "သားရယ် မင်းက ခုကတည်းက ချမ်းသာပြီးသား ပါကွာ" လို့ပဲ ဖြေလိုက်တယ်။

တနှစ် ကြာသွားတယ်။ သူတို့ မိသားစုလည်း ဆင်းရဲမြဲ ဆင်းရဲတုန်းပဲ။ သူ့သားလေးက အဖေကို ထပ်မေး ပြန်တယ်။ "အဖေ၊ သား ကြီးလာရင် ချမ်းသာအောင် ဘယ်လို လုပ်ရမလဲ" ပေါ့။

သူ့အဖေကလည်း မဖြေတတ်တာမို့ "မင်းက ခုကတည်းက ချမ်းသာပြီးသား ပါကွာ" လို့ ဖြေပြန်တယ်။ ဆယ်နှစ် ကြာသွားတယ်။ သူတို့ မိသားစုက အရင်လိုပဲ။ ဆင်းရဲ တုန်းပဲ။

ဒီအချိန်မှာတော့ သားလေးက အသက်လည်း ရလာသလို သူ့အဖေက သူ့ကို လိမ်ပြီး ဖြေနေတာပဲ ဆိုတာ နားလည်လာပြီ။ အဲဒါကြောင့် သူ့အဖေကို အဲဒီမေးခွန်း ထပ်မမေးတော့ဘူး။

သူကိုယ်တိုင်လည်း အလုပ် လုပ်ရမယ့် အချိန် ရောက်လာပြီလေ။ အဲဒါနဲ့ သူ အလုပ် ထွက်ရှာတယ်။ အကြိမ်ပေါင်းများစွာ အငြင်း ခံရပြီးနောက်ပိုင်းမှာ အလုပ်တခု ရဖို့ မလွယ်မှန်း သူသိလာတယ်။ ဒါပေမယ့် သူ ဇွဲမလျှော့ဘူး။ သူလိုချင်တဲ့ အလုပ် ရဖို့ သူ ကြိုးစားတယ်။

တနှစ် အကြာမှာတော့ သူ အလုပ် ရတယ်။ သူ အရမ်း ပျော်တယ်။ အဲဒီအချိန်မှာ သူ့အဖေက သူ့ကို မေးတယ်။ "သား၊ မင်းက အရင်ကတည်းက ချမ်းသာပြီးသား ဆိုတာ အခု ယုံပြီလား" တဲ့။

အဲဒီလို အမေးခံရတော့ သားဖြစ်သူလည်း စိတ်ဆိုးသွားပြီး "ခင်ဗျား မဟုတ်တာတွေ ပြောမနေနဲ့။ ကျွန်တော့်ကို ကလေး မှတ်နေလား၊ ကျွန်တော်တို့ ဆင်းရဲတာ ကျွန်တော် သိတယ်" လို့ ပြန်ပြောလိုက်တယ်။

အဲဒါနဲ့ သူ့အဖေက "သား၊ မင်း အလုပ် မရခင် တနှစ်လောက် ရုန်းကန် နေရတုန်းက မင်းဘာလို့ ဇွဲမလျှော့တာလဲ" လို့ မေးတယ်။ သူက "အဖေ ကျွန်တော်က ကြိုးစားနေရင် အနှေးနဲ့ အမြန် တချိန်ချိန်တော့ အလုပ်ရမှာပဲ လို့ ယုံကြည်တယ်။ ဒါကြောင့် ကျွန်တော် ဆက်ကြိုးစားခဲ့တာ" လို့ ဖြေတယ်။

သူ့အဖေက "သား၊ မင်းက ငယ်ငယ် ကတည်းက ကိုယ့်ကိုယ်ကို အားကိုးပြီး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်၊ ဇွဲကြီးတယ်။ ဒါတွေက ငွေနဲ့ဝယ်လို့ မရတဲ့ မင်းရဲ့ ကြွယ်ဝချမ်းသာမှု တွေပဲ။ ဒါကြောင့် မင်းကို အဖေက မင်း အရင်ကတည်းက ချမ်းသာပြီးသားပါ လို့ အမြဲ ပြောခဲ့တာပေါ့။ ငါ့သား မင်းက ချမ်းသာပြီးသားပါကွာ" Crd

Post a Comment

0 Comments