ကြောက်တတ်လွန်းသော ကောင်လေး

တခါတုန်းက ရွာတရွာမှာ အလွန် ကြောက်တတ်တဲ့ ကောင်လေး တယောက် ရှိတယ်။ တနေ့တော့ သူဟာ ရွာက ကိုယ်ခံပညာ သင်ပေးတဲ့ သိုင်းဆရာကြီးဆီကို သွားပြီး သူ့ကို သတ္တိ ရှိလာအောင် သင်ပေးဖို့ တောင်းတောင်းပန်ပန်နဲ့ ပြောဆိုရှာသတဲ့။

သိုင်းဆရာကြီးက "ငါ မင်းကို ဒီအတိုင်းတော့ သင်မပေးနိုင်ဘူး။ ငါ့ဆီ ရောက်လာတဲ့ လူတိုင်းကို သူနဲ့ သက်ဆိုင်ရာ စမ်းသပ်ချက် တခုစီ ပြုလုပ်ပြီးမှ သင်ပေးတာ" လို့ ပြောတယ်။

"မင်းက ကြောက်တတ်တဲ့သူ ဆိုတော့ တလတိတိ မြို့ပေါ်ကို တက်ပြီးတော့ ကျွန်တော် ငကြောက် တယောက်ပါ ဆိုတဲ့ အ ကြောင်းကို တွေ့တဲ့ လူတိုင်းရဲ့ မျက်စိ တည့်တည့်ကို ကြည့်ပြီး အော်ပြောရမယ်။

ဒီစမ်းသပ်မှု လုပ်ဆောင် ပြီးတဲ့နေ့ ငါ့ဆီ ပြန်လာခဲ့" လို့ ပြောပြီး သိုင်းဆရာကြီးဟာ လှည့်ထွက် သွားခဲ့တယ်။ ဒီစကားကို ကြားတော့ ကောင်လေးဟာ တော်တော် ဝမ်းနည်း သွားတယ်။

ကြောက်တတ်တဲ့ သူ့အတွက်တော့ ဒီစမ်းသပ်မှုဟာ တော်တော် ခဲယဉ်းနေ တာကိုး။ ဒီလိုနဲ့ သူ့ကိုသူ စိတ်ပျက်လက်ပျက်နဲ့ နေရင်း ဟိုတွေး ဒီတွေး နေလာတာ ရက် အနည်းငယ် ကြာသွားတယ်။

ဒီလိုတွေးရင်း လူတွေကို ရင်ဆိုင် တွေ့ပြီး ပြောဆို ရတာထက်၊ ကြောက်တတ်တဲ့ စိတ်နဲ့ ဖြတ်သန်းရမယ့် ဘဝက သူ့အတွက် ပိုဆိုးရွား ခါးသီးတယ် ဆိုတာ သူ သဘောပေါက် လိုက်မိတယ်။

အဲဒါနဲ့ မြို့ပေါ်ကို သူတက်သွားတယ်။ ပထမဆုံး တွေတဲ့လူကို ပြောမယ်လည်း လုပ်ရော သူ့ပါးစပ်က ဘာမှ ထွက်မလာ တော့ဘူး။ ဒါပေမယ့် သူ့ဆရာက ဒီစမ်းသပ်မှု ပြီးမှ သင်ပေးမှာ ဆိုတော့ သူ့အနေနဲ့ မဖြစ်မနေ လုပ်ဆောင် ရတော့မှာကိုး။

အစ မှာတော့ ပြောသာ ထွက်တယ် မျက်စိကို တည့်တည့် မကြည့်ရဲဘူး။ ပြောရင်း ပြောရင်းနဲ့ ကြောက်စိတ်တွေ နည်းနည်းလာသလို "ကျွန်တော် ငကြောက် တယောက်ပါ" ဆိုတဲ့ အသံလည်း ပိုပို ကျယ်လာတယ်။

ပြောတဲ့ လူတိုင်းရဲ့ မျက်စိ ကိုလည်း ရဲရဲကြည့်ပြီး ပြောရဲလာတယ်။ သူ့ကိုယ်သူလည်း ယုံကြည်မှု ပိုရှိလာတယ်လို့ ခံစားမိ လာတယ်။ နောက်ဆုံး မှာတော့ တလ ဆိုတာကို အခက်အခဲ မရှိ ဖြတ်သန်းပြီး သူ့ဆရာကြီးဆီ ပြန်သွားတယ်။

သူ့ဆရာနဲ့ တွေ့တော့ "မင်း ကိုယ့်ကိုယ်ကို သတ္တိ ရှိလာပြီလို့ ထင်ရဲ့လား" လို့ မေးတော့ "ဟုတ်ကဲ့ ဆရာကြီး။ ဆရာ့ စမ်းသပ်မှုလုပ်ဆောင်ရင်း နဲ့ကို ကြောက်စိတ်တွေ ပျောက်ပျောက် သွားတယ်။

သတ္တိ ရှိလာတယ် လို့လည်း ထင်မိပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ပိုယုံကြည်မှု ရှိလာသလို နေရတာလည်း တနေ့ထက် တနေ့ ပိုပျော်ရွှင် လာပါတယ် ဆရာကြီး" လို့ ဖြေကြားလိုက်တယ်။

ဆရာကြီးက "ဒါပေါ့ တပည့်ရ ကြောက်စိတ် ဆိုတာ အကျင့်ပဲ။ ကြောက်တဲ့ စိတ်နဲ့ ထပ်ခါ တလဲလဲ လုပ်နေလို့ ကြောက်နေမိတာ။ ဒါကို ဘယ်သူမှ သင်ပေးလို့ မရသလို ဖျောက်ဖျက်ပေးလို့ မရဘူး။ မိမိစိတ်ကို မိမိသာ ပြောင်းလဲလို့ ရတယ်။ ဘေးလူက မြင်တတ်အောင် ကြည့်နိုင်ဖို့သာ နည်းလမ်း ပေးလို့ ရနိုင်တယ်။

သတ္တိ ဆိုတာလည်း အလားတူ အကျင့် တခုပဲ။ ဘဝမှာ ဘာပဲလုပ်လုပ် မိမိစိတ်ကို အရင်ဆုံး သဘောပေါက် သိမြင်တတ် ပါစေ ငါ့တပည့်" လို့ ပြောကြားပြီး ဖြေးညှင်းစွာ ထွက်ခွာ သွားပါတော့တယ်။ Crd

Post a Comment

0 Comments