မိသားစုတစုကို ဆင်းရဲစေတဲ့ အကြောင်းအရင်းများ

လူသားတိုင်းမှာ မိသားစု အသိုက်အမြုံ ဆိုတာ ရှိကြပါတယ်။ သက်ရှိ သတ္တဝါ တိုင်းမှာလည်း မိသားစု ဆိုတာ ရှိကြစမြဲပါ။ ဒီ မိသားစု ဆိုတဲ့ လှပတဲ့ အဓိပ္ပါယ်လေးက အရမ်းကို လေးနက်မှု ရှိသလို ပျော်ရွှင် အေးချမ်းဖွယ် မေတ္တာ ကမ္ဘာလေး ဆိုလည်း (လုံးဝ) မမှားပါဘူး။ တဦးနဲ့တဦး အမှီသဟဲ ပြုပြီး နေထိုင် နေကြတာပဲ ဖြစ်ပါတယ်။

လူသား အားလုံး အေးချမ်းပြီး ပျော်ရွှင်ဖွယ် ကောင်းသော မိသားစု ဘဝလေးကို ပိုင်ဆိုင် စေလိုသော မေတ္တာဖြင့် ထောက်ပြစရာလေး အနည်းငယ်တော့ ရှိပါတယ်။

အဲ့ဒါက ဘာလဲ ဆိုတော့ အိမ်ထောင်စု တစု၊ မိသားစု တစု ဘာ့ကြောင့် ဆင်းဆင်းရဲရဲ ဒုက္ခတွေကို ရင်ဝယ် ပိုက်နေရသလဲ ဆိုတာလေးပါ။ မိသားစု တခုလုံး ဆင်းရဲတွင်းထဲ နက်သထက် နက်စေတဲ့ အချက်လေးတွေ ကတော့

(၁) အိမ်ထောင်ဦးစီး မပီသတဲ့ အိမ်ထောင်ဦးစီး

အိမ်တအိမ်မှာ အိမ်ထောင်ဦးစီး လုပ်တဲ့သူ တနည်းအားဖြင့် အဖေကို အဓိက ထားစေချင်တာပါ။ အိမ်ထောင်ဦးစီး ညံ့ဖျင်းရင်လည်း ဒီအိမ်ဟာ ဆင်းရဲမှာပဲ။ အိမ်ထောင်ဦးစီ အနေနဲ့ မိန်းမယူ၊ ကလေးမွေးရုံ လောက်နဲ့တော့ အိမ်ထောင်ဦးစီး မခေါ်ထိုက်သေး ပါဘူး။

မိသားစု တာဝန်တွေကို ထမ်းဆောင် ပေးရမယ့် တာဝန်တွေ ရှိသလို၊ စီးပွားရေး လုပ်ငန်းတွေ အတွက်လည်း ဆွေးနွေး တိုင်ပင်မှုတွေ ရှိမှာပဲ။ ပစ္စုပ္ပန် အနာဂတ်ကို ဘယ်လို ဆက်လျှောက်ရမလဲ ဆိုတဲ့ အတွေး အမြင်တွေလည်း ရှိသင့် ရှိထိုက် ပါတယ်။

မိသားစုအရေး တွေကိုလည်း ရင်ကော့ ခေါင်းမော့ပြီး ရှေ့က ဦးဆောင်မှု တွေလည်း လုပ်ကိုင် ဆောင်ရွက် သင့်ပါတယ်။

အဲဒီလိုမှ မဟုတ်ပဲ တနေ့ တနေ့ စားလောက်ရုံလေး လုပ်မယ်၊ အိမ်ပြန် ထမင်းစား၊ အိပ်၊ ထ၊ စား၊ သွား ဆိုယုံလောက်ပဲ လုပ်နေရင်တော့ ဒီအိမ်ဟာ သေချာတယ် ဆင်းရဲတွင်းထဲ ရောက်ပြီး ဒုက္ခတွေ တန်းစီပြီး ဝင်နေမှာပဲ။ ဒါ့ကြောင့် ဒီအိမ်ဟာ ဆင်းရဲနေမှာပဲ။

(၂) အိမ်တွင်းသူခိုး

ဒီအချက် ကတော့ အရေးကြီး ပါတယ်။ အိမ်တအိမ်မှာ အိမ်တွင်းသူခိုး ရှိနေရင်လည်း ဒီအိမ်ဟာ ဆင်းရဲမှာပဲ။ အိမ်ထောင် ဆိုတာ လင်နဲ့မယား နှစ်ဦး တည်ဆောက် ထားတာပါ။ အဲ့ဒီမှာ ပြဿနာ တခုက ယောက်ျားဖြစ်စေ ဇနီးမယား ဖြစ်စေတယောက်ယောက်က အိမ်တွင်းသူခိုး ဖြစ်နေရင် သေချာတယ် ဆင်းရဲပြီ။

ဆိုလိုတာက ကိုယ့်ဘက်ကိုပဲ ကြည့်တတ်တဲ့ သူကို ဆိုလိုတာပါ။ ကိုယ့်အိမ်မှာဖြင့် စားမလောက် သေးဘူး၊ ကိုယ့်အမျိုးဆီကို ခိုးခိုး ပေးနေတာ မိသားစု ရှေ့ရေးကို သိပ်မတွေးဘူး။ ထင်တိုင်းကျဲ နေတာမျိုး ထမင်းမငတ်ရုံ တမယ်ပဲ ရပ်တည် နေသ၍တော့ အဲ့ဒီအိမ်ဟာ ဆင်းရဲမှာပဲ။

နောက်တနည်းက အရက် သောက်တတ်တဲ့ ယောက်ျားကလည်း ခိုးမှာပဲ။ ချဲတွေ နှစ်လုံးတွေ ထိုးတတ်တဲ့ မိန်းမကလည်း ခိုးမှာ။ အဲဒါဆို သေချာတယ် ဒီအိမ်ထောင်စုဟာ ဆင်းရဲ နေမှာပဲ။

(၃) မတည့်အတူနေ မိသားစု

အိမ်တအိမ်မှာ မိသားစု ဆိုတာ ဖြစ်ပေါ်လာမှာပဲ။ အဲဒီ မိသားစုတွေ မှာပဲ ပြဿနာ တခုက အကြီးနဲ့ အငယ် မတည့်တာ၊ အမနဲ့ညီမ မတည့်တာ စတဲ့ စကားများ ရန်ဖြစ် တတ်တာတွေ အစုံပေါ့။

အိမ်တအိမ်ဟာ ဘယ်တော့မှ သာယာမှု မရှိဘူး၊ နေ့တိုင်းလိုလို စကား များတတ်တယ်၊ မသိရင် သူစိမ်းတွေ လိုပဲ။ သူ့ကိုလည်း အဖတ်မလုပ် ငါ့ကိုလည်း မလေးစား ဖြစ်နေရင်တော့ အဲဒီ အိမ်ထောင်စုဟာ လဲပြိုပြီး ဆင်းရဲတွင်းထဲ လွတ်မြောက် နိုင်မှာမဟုတ်ပါဘူး။

(၄) အိမ်နီးချင်းကောင်း မရှိခြင်း

လူဆိုတာ လူ့အသိုင်းအဝိုင်းထဲမှာ နေတတ်မှ လူနဲ့ တူတာပါ။ အဲ့လိုမှ မဟုတ်ရင်တော့ လူဖြစ်တယ် ဆိုရုံပဲ သုံးလို့ ရပါတယ်။ လူလို့ မခေါ်ထိုက် လောက်ပါဘူး။ အဓိက ပြောချင်တာက ကိုယ်နေတဲ့ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် နေစေချင်တာပါ။

အဲ့လိုမှမဟုတ်ပဲ သူနဲ့ ငါ့အကြောင်းပြော၊ ငါနဲ့တွေ့ရင် သူ့အကြောင်းပြော လောကကြီးကို အကောင်း မမြင်တတ်ဘူး ဆန့်ကျင်ဘက် အတွေးတွေ ရှိနေသ၍တော့ ဘယ်တော့မှ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

အဲဒီလို လူမျိုးကို ဘယ်လိုပုဂ္ဂိုလ် ကမှ လည်း ဖေးမ စောင့်ရှောက်နေမှာ မဟုတ်တဲ့ အတွက် ဆင်းရဲနေမှာပဲ။ ဘယ်တော့မှ အဆင်ပြေပြေနဲ့ ခရီး ဆက်နိုင်နေမှာ မဟုတ်တဲ့ အတွက် ဒီအိမ်ဟာလည်း ဆင်းရဲနေ မှာပဲ။

ဒီအချက်တွေထဲက တချက်ချက်နဲ့ ငြိနေတယ် ဆိုရင် ဒီမိသားစုရဲ့ အနာဂတ်ဟာ လှပနေမှာ မဟုတ်နိုင်တဲ့ အတွက် ဒီအချက်လေးတွေကို ရှောင်ကျဉ်နိုင်ကြမယ် ဆိုရင် ဝမ်းသာပါတယ်။ ဒီအချက်တွေနဲ့ လွတ်မြောက်နိုင်မယ် ဆိုရင် အေးချမ်းလှတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

အေးချမ်းပြီး ပျော်ရွှင်လှတဲ့ မိသားစု ဘဝလေးကို လူသားတိုင်း ပိုင်ဆိုင်နိုင် ကြပါစေ လို့ ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ်။ မိသားစု အားလုံး သာယာချမ်းမြေ့ နိုင်ကြပါစေ။ Crd

Post a Comment

0 Comments