အိမ်မွေးတိရစ္ဆာန်လေးတွေကို ဆေးခန်းပြသင့်ကြောင်း ဖော်ပြနေတဲ့လက္ခဏာ (၁၀ )ခု

အိမ်မွေးတိရစ္ဆာန်လေးတွေက စကားမပြောတတ်တာကြောင့် သူတို့နေမကောင်းဖြစ်တဲ့အခါ အမူအရာ အပြုအမူတွေကနေပဲ သိနိုင်ပါတယ်။ တစ်ခါတရံမှာ အိမ်မွေးတိရစ္ဆာန်လေးတွေ နေမကောင်းဖြစ်နေတာကို မသိလိုက်လို့ နှမြောတသဖြစ်ရတဲ့ အချိန်တွေလည်း ရှိမှာပါ။

အဲဒါကြောင့် သူတို့လေးတွေကို တိရစ္ဆာန်ဆေးခန်းဆီ ခေါ်သွားသင့်ကြောင်း ဖော်ပြနေတဲ့လက္ခဏာတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ မျက်လုံးတစ်ဖက်မှိတ်ပြီး မျက်ရည်ကျနေခြင်း

အိမ်မွေးတိရစ္ဆာန်လေးတွေ နေမကောင်းဖြစ်တဲ့အခါ မျက်ရည်တွေကျပြီး မျက်လုံးတစ်ဖက်ကို မှိတ်ထားတတ်ပါတယ်။ ခွေးနဲ့ကြောင်တွေက ခံစားချက်ကို မျက်ရည်နဲ့ ဖော်မပြတတ်ကြပါဘူး။ သင့်ရဲ့ကြောင်လေးက မျက်ရည်တွေက ကျပြီး မျက်လုံးတစ်ဖက်မှိတ်နေတာကို သတိထားမိရင် သူ့မှာ မျက်စိနာတာ၊ ဓာတ်မတည့်တာ၊ ပြင်ပက အရာတစ်ခုခုက မျက်လုံးထဲဝင်တာ ဖြစ်နိုင်ပါတယ်။

မျက်လုံးနီနေလား ဆိုတာကိုလည်း သတိထားပြီး ကြည့်သင့်ပါတယ်။ ခွေးလေး မျက်ရည်ကျနေရင် ဓာတ်မတည့်တာ၊ အမြင်အာရုံအားနည်းတာ၊ နေမကောင်းတာကို ဖော်ပြနေတာပါ။

၂။ လက်ကို အလွန်အမင်း လျက်ခြင်း

ကြောင်လေးတွေက သူတို့ရဲ့လက်ကို ခဏခဏလျက်တတ်တာက အကျင့်ပါပဲ။ ဒါပေမယ့် ပုံမှန်ထက်ပိုပြီး လျက်နေရင် သူတို့လက်မှာ အနာတစ်ခုခုရှိနေလား ဆိုတာကို သတိထားကြည့်ကြည့်ပါ။ ကပ်ပါးကောင်တွေ ကပ်နေလို့ မခံမရပ်နိုင်အောင် နာနေရင်လည်း လက်ကို အရမ်းလျက်ပါတယ်။ ခွေးလေးတွေက ဇီဝဖြစ်စဉ်နဲ့ပတ်သက်တဲ့ရောဂါ သို့မဟုတ် ဓာတ်မတည့်ရင် သူတို့ရဲ့လက်ကို ခဏခဏလျက်ပါတယ်။

၃။ သွားရည်အလွန်ကျခြင်း

ခွေးလေးတွေ ကြောင်လေးတွေ နေမကောင်းဖြစ်ရင် သွားရည် အရမ်းကျလာပါတယ်။ ခွေးလေးတွေမှာ သူတို့ရဲ့ပါးစပ်ထဲကို တစ်ခုခုထိုးမိတဲ့အခါ၊ ရောဂါပိုးဝင်တဲ့အခါ၊ စိတ်ဖိစီးမှုတွေ များတဲ့အခါတွေမှာ သွားရည်ကျတာ ပိုများလာပါတယ်။ ကြောင်လေးတွေကတော့ သွားရည်ကျလေ့ သိပ်မရှိပါဘူး။ သင့်ကြောင်လေးက သွားရည်အရမ်းကျနေရင် ခံတွင်းပြဿနာ၊ ကူးစက်ရောဂါပိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။

၄။ ဝမ်းနည်းပုံပေါ်နေခြင်း

အိမ်မွေးတိရစ္ဆာန်လေးတွေလည်း စိတ်ဓာတ်ကျတဲ့အချိန်တွေ ရှိပါတယ်။ ခွေးလေးတွေမှာ အဖျား၊ သိုင်းရွိုက်ပြဿနာ၊ အတွင်းတိမ်တွေရှိရင် အမြဲမှိုင်တွေပြီး ဝမ်းနည်းပုံ ပေါ်နေတတ်ပါတယ်။ ကြောင်လေးတွေမှာတော့ အခြားကြောင်တွေကို မနာလိုဖြစ်တဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့အခါ၊ ကြောက်ရွံ့စရာတွေ ရှိတဲ့အခါ၊ လန့်စရာတစ်ခုခုကြုံတွေ့ခဲ့ရတဲ့အခါ ဝမ်းနည်းပြီး မှိုင်တွေနေတတ်ပါတယ်။

၅။ ရုတ်တရက် ကိုယ်အလေးချိန်ကျသွားခြင်း

အိမ်မွေးတိရစ္ဆာန်လေးတွေ ရုတ်တရက် ကိုယ်အလေးချိန်ကျသွားပြီး ပိန်သွားရင် သတိထားပြီး ကြည့်ရှုပေးသင့်ပါတယ်။ ဒါ့အပြင် တိရစ္ဆာန်အထူးကုဆရာဝန်နဲ့လည်း ပြသသင့်ပါတယ်။ ကင်ဆာ၊ နှလုံးရောဂါ၊ သိုင်းရွိုက်နဲ့ဆက်စပ်တဲ့ရောဂါ၊ ခန္ဓာကိုယ်ထဲမှာ ကပ်ပါးကောင်တွေ ရှိနေတဲ့အခါ ကိုယ်အလေးချိန်က ရုတ်တရက်ကျဆင်းသွားတတ်ပါတယ်။

၆။ အမြဲတမ်းကုတ်နေခြင်း

ကုတ်တာက ခွေးတွေကြောင်တွေအတွက် ပုံမှန်လုပ်နေကျအကျင့်ပါ။ ကုတ်တာက သူတို့ရဲ့ကျန်းမာရေးနဲ့လည်း ဆက်စပ်နေတာပါသေးတယ်။ သူတို့တွေရဲ့အမွေးတွေ ကျွတ်ပြီး အမြဲတမ်းကုတ်နေရင် ရောဂါတစ်ခုခုကို ခံစားနေရလို့ပါ။ ခွေးတွေမှာ အစာနဲ့ဓာတ်မတည့်တာ၊ မှိုစွဲတာ၊ အရေပြားယားယံတာတွေ ခံစားနေရရင် ခန္ဓာကိုယ်ကို အဆက်မပြတ် ကုတ်နေတတ်ပါတယ်။ ကြောင်လေးတွေမှာ မှိုစွဲတာ၊ ဓာတ်မတည့်တာ၊ မျက်လုံးပြဿနာ၊ နှာခေါင်းမှာ တစ်ခုခု စိုက်မိနေရင် ခန္ဓာကိုယ်ကို မကြာခဏ လျက်တာ၊ ကုတ်တာ လုပ်လေ့ရှိကြပါတယ်။

၇။ မျက်လုံးတစ်ဝိုက်က အမွေးတွေ ကျွတ်ခြင်း

အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးကို လွယ်လွယ်ကူကူသိနိုင်ဖို့ သူတို့ရဲ့အမွေးတွေကို အမြဲကြည့်ပေးသင့်ပါတယ်။ မျက်လုံးတစ်ဝိုက်က အမွေးတွေကျွတ်နေရင်တော့ ဆရာဝန်နဲ့ မြန်မြန်ပြသသင့်ပါတယ်။ ခွေးတွေမှာ ကိုယ်ခံအားနည်းပြီး ရောဂါဝင်နေရင် မျက်လုံးတစ်ဝိုက်က အမွေးတွေ ကျွတ်ပါတယ်။ ကြောင်လေးတွေမှာတော့ မျက်လုံးထဲကို တစ်ခုခုဝင်ပြီးနေရခက်နေရင် မျက်လုံးတစ်ဝိုက်က အမွေးတွေ မရှိတော့တာကို တွေ့ရမှာပါ။

၈။ လမ်းလျှောက်မထွက်လိုတော့ခြင်း၊ မကစားလိုတော့ခြင်း

အမြဲတမ်းသွက်လက်ပြီး အဆော့မက်တဲ့ ကြောင်လေးတွေ၊ ခွေးလေးတွေက ရုတ်တရက် မှိုင်တွေပြီး မဆော့ချင်ဖြစ်နေရင် သူတို့ရဲ့ အဆစ်အမြစ်တွေ ရောင်ရမ်းပြီး လှုပ်ရှားသွားလာဖို့ ခက်ခဲနေလို့ပါ။ သူတို့ရဲ့အရိုးတွေ နာကျင်ရင်၊ လက်ဖဝါးခြေဖဝါးလေးတွေ နာကျင်နေရင်၊ ဒူးဆစ်တွေ မကောင်းတော့ရင် အပြင်လည်း မထွက်ချင်တော့သလို ကစားဖို့လည်း ငြင်းနေမှာပါ။

၉။ ခေါင်းကို မကြာခဏရမ်းခြင်း၊ နားကိုကုတ်ခြင်း

ကြောင်လေးတွေ၊ ခွေးလေးတွေက ခေါင်းကို မကြာခဏရမ်းပြီး နားကို အမြဲတမ်းကုတ်နေရင် နားတစ်ဝိုက်မှာ ပြဿနာတစ်ခု ရှိနေလို့ပါ။ သူတို့ရဲ့နားထဲကို ပြင်ပအရာဝတ္ထုတစ်ခုခု ဝင်သွားပြီး အကြားအာရုံ အဆင်မပြေဖြစ်နေမှာပါ။ နားထဲမှာ ပိုးဝင်နေနိုင်တာကြောင့် သတိထားပြီး ကြည့်ရှုပေးသင့်ပါတယ်။

၁၀။ ရုတ်တရက် အစားအရမ်းစားလာခြင်း

အိမ်မွေးတိရစ္ဆာန်လေးတွေမှာ စိတ်ဖိစီးမှုတွေများလာရင်လည်း စားချင်တာထက်ကိုပိုပြီး အငမ်းမရ စားလာတတ်ပါတယ်။ ဆီးချိုရောဂါ၊ ဟော်မုန်းပြဿနာ၊ သိုင်းရွိုက်ပြဿနာတို့ကြောင့် ပုံမှန်ထက်ကို အရမ်းစားလာတတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments