မျက်ခုံးပါးသူတွေအတွက် မျက်ခုံးထူထဲလှပစေမယ့် နည်းလမ်းများ

မျက်ခုံးပါးသူတွေအတွက် အပြင်သွားခါနီးတိုင်း မျက်ခုံးဆွဲရတာ အရမ်းကို အလုပ်ရှုပ်ပါတယ်။ မျက်နှာတစ်ခုလုံး မိတ်ကပ်ပြင်ဆင်ပြီး မျက်ခုံးမလှရင် တစ်ခုခု လိုအပ်နေသလို ဖြစ်နေမှာပါ။ အဲဒါကြောင့် မျက်ခုံးပါးသူတွေအတွက် မျက်ခုံးထူထူလေး ဖြစ်လာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးပါမယ်နော်။

စိတ်ရှည်ပါ။

သင်က မျက်ခုံးထူလာဖို့ စိတ်ကူးရှိသူဆိုရင် စိတ်ရှည်ဖို့လိုအပ်ပါတယ်။ မျက်ခုံးတစ်စုံ လှလှပပဖြစ်လာဖို့အဆို ၄ လကနေ ၆ လအထိ စောင့်ရပါတယ်။ အဲဒီအခါမှသာ သင်လိုချင်တဲ့ မျက်ခုံးကို ကြိုက်သလို ပုံဖော်လို့ ရနိုင်မှာပါ။

မျက်ခုံးကို ခဏခဏမနှုတ်သင့်ပါဘူး။

မျက်ခုံးထူချင်တယ်ဆိုရင် မျက်ခုံးကို ခဏခဏမနှုတ်မိဖို့ လိုပါသေးတယ်။ တကယ်လို့ မျက်ခုံးကို ပုံဖော်ချင်တယ်ဆိုရင်တော့ ကိုယ်တိုင်မလုပ်ဘဲ ကျွမ်းကျင်သူဆီမှာသာ ပုံဖော်သင့်ပါတယ်။ မျက်ခုံးကို ခဏခဏနှုတ်ရင် တစ်ဖက်နဲ့တစ်ဖက် မညီညာဘဲ ကြည့်ရဆိုးနေမှာပါ။

မျက်ခုံးဆွဲပါ။

တစ်ခါတရံမှာ မျက်ခုံးက တစ်နေရာမှာ ကွက်ပြီး နောက်တစ်နေရာမှာတော့ ထူနေတတ်ပါတယ်။ အဲဒီအခါ ညီညာအောင်လို့ဆိုပြီး မနှုတ်လိုက်ပါနဲ့။ မျက်ခုံးကို ဆွဲတံနဲ့လှလှပပဆွဲလိုက်ပါ။ မျက်ခုံးဆွဲတဲ့အခါ အရေပြားပေါ်ဖိပြီးမဆွဲဘဲ ဖွဖွလေးပဲ ဆွဲပါ။

အစားအသောက်

စားတဲ့အစားအသောက်က အလှအပအတွက် အများကြီး အကျိုးသက်ရောက်မှုရှိပါတယ်။ ကျန်းမာလှပတဲ့ မျက်ခုံးဖြစ်လာဖို့ ဗီတာမင်တွေ အများကြီး လိုအပ်ပါတယ်။ ဘိုင်အိုတင်၊ သံဓာတ်၊ အိုမီဂါ ၃၊ ဗီတာမင် C, D, E တို့ပါဝင်တဲ့အစားအစာတွေက မျက်ခုံးသန်စွမ်းလာဖို့ ကူညီပေးပါတယ်။

မျက်ခုံးကို ဖြီးပေးပါ။

ဦးရေပြားမှာ သွေးလည်ပတ်မှုကောင်းအောင် ခေါင်းဖြီးဖို့လိုသလို မျက်ခုံးအတွက်လည်း ဖြီးပေးဖို့လိုပါတယ်။ မျက်ခုံးအတွက် ထုတ်လုပ်ထားတဲ့ ခေါင်းဖြီးသေးသေးလေးနဲ့ ဖြီးပေးလို့ရပါတယ်။ ဒါပေမယ့် မျက်ခုံးတွေက ကျွတ်လွယ်တာကြောင့် ခဏခဏဖြီးစရာမလိုပါဘူး။ တစ်ရက်တစ်ကြိမ်ခန့် ညင်ညင်သာသာလေး ဖြီးပေးရင် လုံလောက်ပါပြီ။

မျက်ခုံးက ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။

မျက်ခုံးမှာ ဆဲလ်အသစ်တွေအတွက် ဆဲလ်သေတွေကို ဖယ်ရှားပေးဖို့လိုပါတယ်။ ဒါပေမယ့် နူးညံ့တဲ့ scrub နဲ့သာပြုလုပ်ပါ။ ကျွမ်းကျင်သူတွေကတော့ တစ်ပတ်ကို တစ်ခါ မျက်ခုံးကို scrub လုပ်ပေးသင့်တယ်လို့ အကြံပေးပါတယ်။

နှိပ်နယ်ပေးပါ။

နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ မျက်ခုံးတွေ ထူလာဖို့ နှိပ်နယ်ပေးသင့်ပါတယ်။ Serum သို့မဟုတ် ဆီတစ်မျိုးမျိုးနဲ့ တစ်ပါတ်ကို ၃ ကြိမ်ခန့် မျက်ခုံးကို နှိပ်နယ်ပေးပါ။

မျက်ခုံးကို ထူထဲစေတဲ့ပစ္စည်းတွေကို အသုံးပြုပါ။

မျက်ခုံးတွေ ပိုပြီးလှပလာဖို့ ရေဓာတ်ဖြည့်ပစ္စည်းတွေလည်း လိုအပ်ပါသေးတယ်။ မျက်ခုံးကို ထူထဲစေတဲ့ပစ္စည်းတွေကို ရွေးချယ်မယ်ဆိုရင် အမိုင်နိုအက်စစ်၊ peptides၊ ဘိုင်အိုတင်၊ ကီရာတင်တို့ပါဝင်တဲ့ ပစ္စည်းတွေကို ရွေးချယ်အသုံးပြုပါ။

မျက်ခုံးလှပစေတဲ့ သဘာဝဆီများ

ကြက်ဆူဆီက မျက်ခုံးထူထူလေး ဖြစ်လာဖို့အတွက် အရမ်းကို ထိရောက်တဲ့ဆီပါပဲ။ ကြက်ဆူဆီကို လက်ထဲမှာထည့်ပြီး မျက်ခုံးမှာ လိမ်းထားပါ။ ၁ မိနစ်လောက်ကြာရင် ရေဆေးချလိုက်ပါ။ အုန်းဆီက မျက်ခုံးတွေကို ချောမွေ့စေပါတယ်။ အုန်းဆီကို မျက်ခုံးမှာ တစ်ညလုံး လိမ်းထားပြီး မနက်ရောက်မှ သန့်ရှင်းရေးလုပ်လိုက်ပါ။

သံလွင်ဆီမှာ ဗီတာမင် A နဲ့ E ပါဝင်တာကြောင့် လှပတဲ့မျက်ခုံးလေးဖြစ်ဖို့ ကူညီပေးနိုင်ပါတယ်။ သံလွင်ဆီကို မျက်ခုံးမှာ လိမ်းပြီး နှိပ်နယ်ပေးရုံပါပဲ။ ဒါပေမယ့် သင်က ဒီလိုဆီတွေနဲ့ ဓာတ်တည့်လားဆိုတာကို သိနိုင်ဖို့ လက်မှာအနည်းငယ် စမ်းသပ်ပြီးမှသာ လိမ်းသင့်ပါတယ်။

အခြားနည်းလမ်းများ

-ကြက်သွန်နီမှာ sulphur, selenium ၊ သတ္ထုဓာတ်၊ ဗီတာမင် ဘီနဲ့ စီတို့ပါဝင်ပါတယ်။ အဲဒါကြောင့် မျက်ခုံးက မွေးညှင်းပေါက်လေးတွေကို ကျန်းမာစေပါတယ်။ ကြက်သွန်နီကို အရည်ရအောင်ညှစ်ပြီး မျက်ခုံးမှာ လိမ်းပြီး တစ်နာရီခန့်ထားပါ။ ကြက်သွန်နီရဲ့အနံ့က ပြင်းတာကြောင့် အဆင်မပြေတော့ဖြစ်နေမှာပါ။ မျက်ခုံးမှာ ကြက်သွန်နီအနံ့ပျောက်အောင်လို့ သံပရာရည်နဲ့ ဆေးကြောပေးလို့ရပါတယ်။

- ကြက်ဥအကာမှာ ဘိုင်အိုတင်ပါတာကြောင့် မျက်ခုံးတွေ ပိုပြီးကျန်းမာလာစေပါတယ်။ ကြက်ဥအကာလေးကို ပိတ်စပါလေးနဲ့ ယူပြီး မျက်ခုံးမှာ လိမ်းပေးပါ။ မိနစ် ၂၀ ခန့်ထားပြီးရင် ရေနွေးနဲ့ ဆေးချလိုက်ပါ။ ဒါပေမယ့် ကြက်ဥအကာက ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေဖြစ်တတ်တာကြောင့် အနည်းငယ်ပဲလိမ်းပြီး သေသေချာချာရေဆေးချဖို့ လိုပါတယ်။

- နွားနို့ထဲကို ပိတ်စပါးလေးနှစ်ပြီး မျက်ခုံးမှာ လိမ်းပေးပါ။ ၁၅ မိနစ်ခန့်ကြာရင် ရေဆေးလိုက်လို့ရပါပြီ။

- သံပရာရည်မှာ ဗီတာမင်ဘီနဲ့ စီပါဝင်တာကြောင့် မျက်ခုံးကို အရှည်မြန်စေပါတယ်။ သံပုရာရည်ကို မျက်ခုံးမှာလိမ်းပေးပါ။ ဒါပေမယ့် မျက်ခုံးမှာ သံပုရာရည်လိမ်းပြီးရင် နေပူထဲကို ချက်ချင်းမထွက်ဘဲ ၂ နာရီလောက်နေပြီးမှသာ ထွက်ပါ။ အရေပြားက ထိခိုက်လွယ်သူ ဆိုရင်တော့ ဒီနည်းလမ်းကို အသုံးမပြုသင့်ပါဘူး။

- ရှားစောင်းလက်ပတ်ကတော့ မျက်ခုံးတွေ ခဏခဏ မကျွတ်အောင်ပြုလုပ်ပေးပါတယ်။ ရှားစောင်းလက်ပတ်နဲ့ မျက်ခုံးကို ပွတ်တိုက်ပေးလို့ရသလို ရှားစောင်းလက်ပတ်ဂျယ်လ်ကို မျက်ခုံးမှာ လိမ်းပေးရင်လည်း ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments