အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ယနေ့အထိ လွဲမှားနေတဲ့အယူအဆ (၁၀) ခု

အမျိုးသမီးတွေရဲ့ကျန်းမာရေးက အရမ်းကို ထိခိုက်လွယ်တဲ့အရာပါ။ အချို့သောနေရာတွေမှာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆတွေရှိပါတယ်။

၁။ ဓမ္မတာလာချိန်မှာ လေ့ကျင့်ခန်းလုပ်လို့ မရဘူး။

အချို့အမျိုးသမီးတွေက ဓမ္မတာလာတဲ့အချိန်မှာ လေ့ကျင့်ခန်းတွေကို ရပ်ပစ်လိုက်ကြပါတယ်။ တကယ်တော့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းမဟုတ်ဘဲ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေက ဓမ္မတာလာစဉ်မှာ ဖြစ်တတ်တဲ့ နာကျင်မှု၊ ကိုက်ခဲမှု၊ စိတ်အပြောင်းအလဲမြန်မှု၊ ပင်ပန်းနွမ်းနယ်မှုတွေကိုတောင် ပြေလျော့စေပါတယ်။

၂။ ဓမ္မတာလာစဉ်မှာ ရေကူးလို့မရဘူး။

ဓမ္မတာလာစဉ်မှာ ရေကူးလို့ရပါတယ်။ ရေကူးလိုက်ရင် နာကျင်ကိုက်ခဲတာတွေကိုတောင် သက်သာသွားစေပါတယ်။ ရေကူးတာ မဟုတ်တဲ့ အခြားလေ့ကျင့်ခန်းတွေကလည်း ဓမ္မတာလာစဉ် ခံစားရတာတွေကို ကုစားပေးနိုင်ပါတယ်။

၃။ ဇီဝတွင်းဖြစ်ပျက်မှုနှေးတာကြောင့် ကိုယ်အလေးချိန် တက်လာတယ်။

တကယ်တော့ ဇီဝတွင်းဖြစ်ပျက်မှုက ကိုယ်အလေးချိန်နဲ့ ဆက်စပ်နေပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန်တွေ အရမ်းထိုးတက်လာတာကတော့ ဇီဝတွင်းဖြစ်ပျက်မှုကြောင့်မဟုတ်ပါဘူး။ ဟော်မုန်း၊ အစားအသောက်၊ နေထိုင်မှုပုံစံ၊ မျိုးရိုးဗီဇတို့ပေါ် မူတည်ပြီး ကိုယ်အလေးချိန်က အတက်အကျ ဖြစ်နေတာပါ။

၄။ ကိုယ်ဝန်ဆောင်စဉ်မှာ နှစ်ဆပိုစားရမယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ အမျိုးသမီးတွေက ကလေးအတွက် စဉ်းစားပြီး ပုံမှန်ထက်ကို ပိုစားကြပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်စဉ်မှာ ကိုယ်အလေးချိန်တွေ အရမ်းတက်လာတာက ကလေးနဲ့ မိခင်ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

အဲဒါကြောင့် ကိုယ်ဝန်ဆောင်စဉ်ပထမသုံးလမှာ ကယ်လိုရီတွေပိုမစားဖို့၊ ဒုတိယသုံးလမှာ တစ်ရက်ကို ၃၄၀ ကယ်လီုရီပိုစားဖို့၊ တတိယသုံးလမှာ တစ်ရက်ကို ၄၅၀ ကယ်လိုရီပိုစားဖို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက တစ်ရက်ကို ကယ်လို ၂၂၀၀ ကနေ ၂၉၀၀ ကြားပဲ စားသင့်တာပါ။

၅။ ဘရာဝတ်တာက ရင်သားကင်ဆာ ဖြစ်စေတယ်။

ရှေးရှေးတုန်းက တင်းကြပ်တဲ့ဘရာတွေကို ဝတ်ရင် လင့်စနစ်ကို ကန့်သတ်လိုက်သလိုဖြစ်ပြီး ရင်သားမှာ အဆိပ်အတောက်တွေ စုလာတယ်လို့ ယုံကြည်ကြပါတယ်။ ဘရာဝတ်တာကြောင့် ရင်သားကျန်းမာရေး ထိခိုက်ကြောင်း ဖော်ပြထားတဲ့ သက်သေမရှိဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဒါ့အပြင် ဘရာမဝတ်လို့လည်း ရင်သားကင်ဆာဖြစ်နိုင်ချေ နည်းသွားကြောင်း ဖော်ပြထားတဲ့ သက်သေလည်း မရှိဘူးလို့ ဆိုထားပါသေးတယ်။

၆။ အဝလွန်တဲ့အမျိုးသမီးတွေမှာပဲ cellulite တွေရှိတယ်။

တကယ်တော့ အဝလွန်တဲ့အမျိုးသမီးတွေမှာရော ပိန်တဲ့အမျိုးသမီးတွေမှာပါ cellulite တွေရှိကြပါတယ်။ မျိုးရိုးဗီဇ၊ အထိုင်များတဲ့အကျင့်၊ နေထိုင်မှုပုံစံ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကြောင့်သာ cellulite တွေဖြစ်လာရတာပါ။

၇။ ကိုယ်အလေးချိန်များတာကြောင့် အကြောပြတ်ရာတွေဖြစ်လာပြီး ကိုယ်အလေးချိန်လျော့သွားရင် အကြောပြတ်ရာတွေ မရှိတော့ဘူး။

ဝလာတာက အကြောပြတ်ရာတွေဖြစ်ရတဲ့ တစ်ခုတည်းသော အကြောင်းအရင်း မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန် အမျိုးသမီးတွေမှာလည်း အကြောပြတ်ရာတွေဖြစ်ပါတယ်။

အကြောပြတ်ရာတွေက သေးငယ်တဲ့အမာရွတ်လေးတွေ ဖြစ်ပြီးတော့ အရေပြားက ကော်လဂျင်နဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ အမျှင်လေးတွေ ပြတ်သွားတာကြောင့်ဖြစ်လာတာပါ။ ကိုယ်အလေးချိန်ကျသွားတဲ့အခါမှာ အကြောပြတ်ရာတွေက ပိုပြီးထင်ရှားလာပါတယ်။

၈။ အာထရာဆောင်းရိုက်တာက ကလေးကို ထိခိုက်စေတယ်။

အာထရာဆောင်းရိုက်တဲ့အကျိုးဆက်က X ray ရိုက်တဲ့အကျိုးဆက်နဲ့ တူတယ်လို့ထင်ပြီး အချို့အမျိုးသမီးတွေက အာထရာဆောင်းရိုက်ဖို့ ကြောက်ကြပါတယ်။ တကယ်တော့ အာထရာစောင်းရိုက်တာက X ray ရိုက်သလို နောက်ဆက်တွဲဆိုးကျိုးတွေ မရှိပါဘူး။

ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားရဲ့ဖွံ့ဖြိုးမှုက ပုံမှန်ဖြစ်လား၊ မဖြစ်လားဆိုတာကို သိနိုင်ဖို့ အာထရာဆောင်းက ကူညီပေးနိုင်ပါတယ်။ အဲဒါကြောင့် မိခင်ရောကလေးအတွက်ပါ အာထရာဆောင်း ရိုက်ပေးသင့်ပါတယ်။

၉။ ဓမ္မတာလာစဉ်မှာ နာကျင်မှုတွေကို သက်သာအောင် လုပ်လို့မရဘူး။

ကိန်းဂဏန်းအချက်အလက်တွေအရ အမျိုးသမီး ၅၀ ရာခိုင်နှုန်းက ဓမ္မတာလာစဉ်မှာ နာကျင်ကိုက်ခဲမှုတွေကို ခံစားရပါတယ်။ အဲဒီလို နာကျင်ကိုက်ခဲမှုတွေကို သက်သာအောင် လုပ်လို့ရပါတယ်။ ရေနွေးအိတ်ကို ဗိုက်ပေါ်မှာ ကပ်တာ၊ မပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ ပြုလုပ်တာက နာကျင်ကိုက်ခဲမှုတွေကို လျော့ပါးစေပါတယ်။

၁၀။ တန်ပွန်ကို တစ်ညလုံး အသုံးပြုလို့ရတယ်။

အမျိုးသမီးတွေရဲ့ကျန်းမာရေးအတွက် တန်ပွန်ကို ၄ နာရီကြာတိုင်း လဲလှယ်ပေးသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးကြပါတယ်။ တန်ပွန်ကို အကြာကြီးအသုံးပြုရင် အဆိပ်အတောက်ဖြစ်ပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်စေပါတယ်။ တန်ပွန်ကို တစ်ညလုံး အသုံးပြုပြီးအိပ်တာက လွဲမှားတဲ့အရာပါ။ ညဘက်မှာ pad ကို သုံးတာက အကောင်းဆုံးပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments