မိဘတွေရဲ့လွဲမှားတဲ့ အချို့အပြုအမူတွေကြောင့် သားသမီးတွေမှာ အသက်ကြီးတဲ့အထိ စိတ်ဒဏ်ရာတွေ ရသွားတတ်ကြပါတယ်။ ဒါ့အပြင် သားသမီးတွေက မိဘတွေနဲ့ စိတ်ချင်း ဝေးသွားနိုင်ပါတယ်။ အဲဒါကြောင့် ဘယ်လိုအချက်တွေက ကလေးတွေကို စိတ်ဒဏ်ရာဖြစ်စေလဲ ဆိုတာကို love media ကနေ ဝေမျှပေးလိုက်ပါတယ်နော်။

၁။ ကလေးအချင်းချင်း နှိုင်းယှဉ်ခြင်း

ကလေးတစ်ယောက်ချင်းစီရဲ့ အပြုအမူ၊ စိတ်နေစိတ်ထား၊ ဉာဏ်ရည်ဉာဏ်သွေးကို မိဘတိုင်း သတိထားမိတတ်ကြပါတယ်။ ဒါပေမယ့် မတူတဲ့ကလေးနှစ်ယောက်ကို နှိုင်းယှဉ်ပြီးပြောဆိုတာက သူတို့အတွက် ကြိုးစားလိုစိတ် လျော့ပါးစေတဲ့အပြင် စိတ်ဖိစီးမှုတွေလည်း ရစေမှာပါ။ ပြီးတော့ မောင်နှမအချင်းချင်းလည်း မနာလိုတာတွေဖြစ်စေပါတယ်။

adv

၂။ သင့်ရဲ့ပြဿနာတွေကို ကလေးတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်း

လူတိုင်းလူတိုင်းမှာ ပြဿနာအခက်အခဲကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် ပြဿနာတစ်ခုခု ဖြစ်လာတိုင်း ကလေးတွေအပေါ်ကို လွှဲချအပြစ်တင်တာက ကလေးတွေအတွက် စိတ်မလုံခြုံမှု ခံစားရစေပါတယ်။ ကလေးဘဝမှာ ပျော်ရွှင်မှုကို အပြည့်အဝပေးသင့်ပါတယ်။

၃။ စိတ်လိုက်မာန်ပါပြုမူခြင်း

သင်က စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ စိတ်လိုက်မာန်ပါပြုမူတတ်သူဆိုရင် ကလေးတွေက သင်နဲ့ ဝေးကွာနေမှာပါ။ စိတ်လိုက်မာန်ပါ ပြုလုပ်တဲ့ရလဒ်ကတော့ နောင်တပါပဲ။ စိတ်အနှောင့်အယှက် ဖြစ်တဲ့အခါတိုင်း စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီးမှ ဖြေရှင်းပါ။

၄။ ကလေးရဲ့ခံစားချက်ကို မျက်ကွယ်ပြုခြင်း

ကလေးရဲ့ခံစားချက်ကို မသိဘဲ "အဆင်ပြေသွားမှာနော်" လို့နှစ်သိမ့်ပေးတာက မထိရောက်ပါဘူး။ ကလေးတွေရဲ့ စိတ်အခြေအနေ၊ ခံစားချက်၊ ပြဿနာတွေကို မိဘတွေက နားထောင်ပေးဖို့ လိုအပ်ပါတယ်။ မိဘတွေအတွက် အသေးအမွှားလို့ထင်ရပေမယ့် ကလေးတွေအတွက်တော့ အရမ်းခံစားရတဲ့အရာ ဖြစ်နေနိုင်ပါတယ်။

၅။ မသင်ပြပေးဘဲ အပြစ်ပေးခြင်း

အပြစ်ပေးတာက အလွယ်ဆုံးပါပဲ။ ဒါပေမယ့် ကလေးရဲ့အပြုအမူ မှားနေကြောင်း လမ်းကြောင်းတည့်ပေးဖို့တော့ လိုအပ်ပါတယ်။ ကလေးတွေရဲ့အချို့အပြုအမူတွေ လွဲမှားနေရင် သင်ပေးရုံ၊ ပြောပြပေးရုံနဲ့ ရပေမယ့် အချို့မိဘတွေက အပြစ်ပေးတာကိုပဲ ရွေးချယ်လိုက်ကြပါတယ်။

၆။ အမြဲဝေဖန်အပြစ်တင်ခြင်း

ကလေးတွေကို မလိုအပ်ဘဲ နေရာတကာ လိုက်ဝေဖန်နေတာက ကောင်းတဲ့အချက်မဟုတ်ပါဘူး။ ကောင်းတဲ့အချက်တွေကိုတော့ မသိကျိုးကျွန်ပြုထားပြီး နေရာတကာ အပြစ်တင်နေရင် ကလေးအတွက် စိတ်ပျော်ရွှင်မှု၊ လွတ်လပ်မှုဆိုတာ ရှိတော့မှာမဟုတ်ပါဘူး။ လိုအပ်တဲ့အခါမှသာ ဝေဖန်အပြစ်တင်တာကို ပြုသင့်ပါတယ်။

၇။ အဆိုးမြင်တဲ့စကားလုံးတွေကို ရွေးချယ်ပြောဆိုခြင်း

ကလေးတွေကို ရိုင်းပြတဲ့စကား၊ အဆိုးမြင်တဲ့စကားတွေကို ပြောလေလေ သူတို့မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းပါးလာလေလေပါပဲ။ အဆိုးမြင်တဲ့စကားတွေကြောင့် ကလေးတွေရဲ့ အပြုအမူတွေကိုပါ ထိခိုက်လာစေပါတယ်။ သူတို့ကိုယ်သူတို့ အရမ်းကို အသုံးမဝင်တဲ့လူပါလားလို့ အထင်ရောက်သွားစေပါတယ်။ ကလေးတွေအတွက် ချီးကျူးတဲ့စကားက မဖြစ်မနေ လိုအပ်ပါတယ်။

၈။ ကိုယ်ပိုင်လွတ်လပ်ခွင့်မပေးခြင်း

မိဘနဲ့ သားသမီးအကြားမှာ ယုံကြည်မှုက မဖြစ်မနေ လိုအပ်တဲ့အရာပါ။ သင့်သားသမီးတွေကို လမ်းမှားရောက်မှာ စိုးရိမ်တဲ့စိတ်နဲ့ လွတ်လပ်ခွင့်မပေးဘဲ မျက်စိဒေါက်ထောက်ကြည့်နေရုံနဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေကို ပိတ်ပင်သလိုပါပဲ။ ကလေးတွေအတွက် ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်နေရာ၊ ကိုယ်ပိုင်စိတ်ကူးတွေ ရှိလာအောင် လမ်းဖွင့်ပေးဖို့ လိုအပ်ပါတယ်။

zombie (lovemedia)