အသည်းကွဲတာကို လျင်လျင်မြန်မြန်ကုစားနိုင်မယ့် နည်းလမ်း (၇) ချက်

ချစ်တဲ့သူနဲ့ လမ်းခွဲရတာ အရမ်းကို ခက်ခဲတဲ့အရာပါပဲ။ နောက်ထပ် ပိုခက်ခဲတဲ့အရာကတော့ လမ်းခွဲပြီးနောက် အသည်းကွဲတာပါပဲ။ အချို့တွေက အချိန်အကြာကြီး အသည်းကွဲနေပြီး အတိတ်တွေထဲကနေ ရုန်းမထွက်နိုင်ပါဘူး။ အဲဒါကြောင့် အသည်းကွဲတာကို လျင်လျင်မြန်မြန် သက်သာစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ တကယ်အဆုံးသတ်သွားတာကို လက်ခံလိုက်ပါ။

အချစ်ရေးကို အဆုံးသတ်လိုက်တာကို သင့်စိတ်က လက်မခံနိုင်ဖြစ်ပါလိမ့်မယ်။ အဲဒီအရာက အဆိုးဆုံးပါပဲ။ အဲဒါကြောင့် သင်တို့နှစ်ယောက်က တကယ်ပဲ ဝေးသွားပြီး ဘယ်တော့မှ မဖြစ်နိုင်တော့ဘူး ဆိုတာကို လက်ခံလိုက်ဖို့ အရေးကြီးပါတယ်။ သူနဲ့လုံးဝ မဆက်သွယ်ရင် ပိုကောင်းပါတယ်။

တွေ့ဖို့အတွက် အကြောင်းပြချက်တွေရှာတာ၊ ဖုန်းကို အကြောင်းရှာပြီးဆက်တာက သင့်ကို ပိုနာကျင်စေမယ့် အရာတွေပါ။ သင့်ရဲ့ရည်းစားဟောင်းနဲ့ ဆက်သွယ်လို့ရမယ့် အရာတွေအားလုံးကို ဖြတ်တောက်လိုက်ပါ။

၂။ လမ်းခွဲပြီးနောက် စိတ်ကို ရှင်းရှင်းလင်းလင်းထားပါ။

လမ်းခွဲကာစမှာ သူနဲ့ ညှိယူလို့ရဦးမလားလို့ သင့်စိတ်မှာ တွေးမိနေပါလိမ့်မယ်။ သင့်ဘက်က အမှားကြောင့် လမ်းခွဲရရင် ညှိနှိုင်းချင်တဲ့စိတ်က ဖြစ်ပေါ်နေဦးမှာပါ။ ဒါပေမယ့် မဖြစ်နိုင်တော့တဲ့အ‌ခြေအနေတွေမှာ ညှိနှိုင်းတာက အသုံးမဝင်ဘဲ နှစ်ယောက်လုံးကို ပင်ပန်းစေရုံပဲရှိမှာပါ။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်တော့ဘဲ စိတ်ကို ရှင်းရှင်းလင်းလင်း ထားလိုက်ပါ။

၃။ အားပါးတရ ငိုလိုက်ပါ။

ဘဝမှာ ဝမ်းနည်းမှုတွေကို ရှောင်လွှဲလို့မရပါဘူး။ ချစ်ရတဲ့သူနဲ့ ဝေးရတဲ့အခါ ဝမ်းနည်းတာက သဘာဝပါပဲ။ လမ်းခွဲကာစမှာ အမှတ်တရတွေကို ပြန်သတိရပြီး ဝမ်းနည်းနေဦးမှာပါ။ အဲဒါကြောင့် အရမ်းဝမ်းနည်းလာတဲ့အခါ အားပါးတရ ငိုချလိုက်ပါ။ ဒါပေမယ့် အမြဲတမ်းဝမ်းနည်းပြီး ငိုနေလို့အဆင်မပြေပါဘူး။ ငိုပြီးတဲ့အခါမှာ စိတ်သစ်လူသစ်နဲ့ တက်တက်ကြွကြွနေထိုင်ပါ။

၄။ ဒီလူကို ဘာ့ကြောင့် လိုချင်နေသေးတာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

သင်ချစ်တဲ့သူက သင့်အပေါ် စိတ်ပိုင်းဆိုင်ရာ အားပေးခဲ့တာ၊ ဂရုစိုက်ပေးခဲ့တာ၊ ငွေကြေးထောက်ပံ့ဖူးတာ၊ ပျော်ရွှင်အောင် လုပ်ပေးဖူးတာ စတဲ့အကြောင်းအချက်တွေကြောင့် လက်မလွှတ်နိုင် ဖြစ်နေပါလိမ့်မယ်။ အဲဒီလိုလိုအပ်ချက်တွေကို သင်ကိုယ်တိုင် ဖြည့်ဆည်းနိုင်ပါတယ်။

အဲဒီလိုအပ်ချက်တွေကြောင့် တစ်ဖက်သားအပေါ် သံယောဇဉ်တွယ်နေရင် အသည်းကွဲတာက ကြာရှည်နေဦးမှာပါ။ အရမ်းမွန်းကျပ်လာတဲ့အခါ သူငယ်ချင်းတွေနဲ့ အပြင်သွားတာ၊ ခရီးထွက်တာ၊ ရှုထောင့်ပြောင်းလဲပြီးမြင်တာတွေကို ပြုလုပ်တာက အသည်းကွဲတာကို အလျင်အမြန် သက်သာစေတဲ့နည်းလမ်းပါ။

၅။ ရည်းစားဟောင်းနဲ့ ပတ်သက်သမျှအရာတွေကို ခေါင်းထဲကနေ ထုတ်ပစ်လိုက်ပါ။

သင့်ရည်းစားဟောင်းရဲ့ မကောင်းတဲ့အချက်တွေကို ချရေးထားပြီး သူ့ကို သတိရလာတိုင်း အဲဒီအချက်တွေကို ဖတ်ပါ။ အဲဒီအခါ သင့်ရည်းစားဟောင်းက သင့်အတွက် တကယ်ကို မကောင်းတဲ့သူဆိုတာ မြင်လာပါလိမ့်မယ်။ တစ်ခါတရံချစ်တဲ့စိတ်က မကုန်သေးတာကြောင့် အရှိကို အရှိအတိုင်းမမြင်နိုင်ဘဲ ဖြစ်တတ်ပါတယ်။

၆။ မိတ်ဆွေအသစ်တွေနဲ့ များများထိတွေ့ပါ။

အရင်က ဝမ်းနည်းမှုတွေ သင့်မှာရှိတဲ့အခါ ကျော်လွှားနိုင်ခဲ့ဖူးမှာပါ။ အဲဒါကြောင့် အသည်းကွဲတဲ့အဆင့်ကို သေချာပေါက် ကျော်လွှားနိုင်မှာပါ။ ရည်းစားဟောင်းနဲ့ တစ်ချိန်က ကြည်နူးခဲ့တဲ့အချိန်တွေကို မေ့ပျောက်လိုက်ပြီး မိတ်ဆွေအသစ်တွေ ရှာဖွေပါ။ ဝါသနာအသစ်တွေကို ရှာဖွေတာက တကယ်ကို ထိရောက်တဲ့နည်းလမ်းပါပဲ။

၇။ ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။

လမ်းခွဲပြီးနောက် သင့်မှာ အချိန်တွေ ပိုရလာပါပြီ။ အဲဒါကြောင့် အရင်က သင်လုပ်ချင်ခဲ့တဲ့အရာတွေကို ပိုပြီးလုပ်နိုင်လာပါပြီ။ သင့်ရဲ့ကိုယ်ပိုင်တန်ဖိုးတွေကို ပြန်ပြီး အရောင်တင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပါ။

Bonus

သင်က အရင်အချစ်ရေးကနေ စိတ်ဒဏ်ရာတွေ ရပြီး ပုံမှန်နဲ့မတူတော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတိထားမိလာတဲ့အခါမှာတော့ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ အဲဒီနောက်မှာတော့ ရည်းစားဟောင်းမပါဘဲ တစ်ယောက်တည်း တောက်ပနိုင်တဲ့ အခွင့်အရေးတွေ သင့်ဆီရောက်လာမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments