ကလေးတွေရဲ့အသက်အရွယ်ပေါ်မူတည်ပြီး ရှိသင့်တဲ့အိပ်ချိန်များ

ကျန်းမာရေးအတွက် အိပ်စက်ခြင်းက အရမ်းကို အရေးပါပါတယ်။ အထူးသဖြင့် ကလေးတွေအတွက် အိပ်စက်တဲ့အချိန်က အရေးကြီးပါတယ်။ အိပ်စက်ချိန်စနစ်တကျရှိတဲ့ကလေးက ခန္ဓာကိုယ်ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ပိုမိုကောင်းမွန်ပြီး ပိုပြီးအာရုံစိုက်နိုင်ပါတယ်။

မှတ်ဉာဏ်နဲ့ပတ်သက်တဲ့ပြဿနာတွေ နည်းပါးပြီး အသစ်အသစ်တွေကို ပိုလေ့လာ့နိုင်ပါတယ်။ တစ်ဖက်မှာတော့ အိပ်စက်ချိန်နည်းပါးတဲ့ကလေးတွေက သင်ကြားတဲ့အခါ ပြဿနာရှိပြီး ကျန်းမာရေးပြဿနာတွေလည်း ရှိလာစေပါတယ်။ အဲဒါကြောင့် ကလေးတွေမှာ အသက်အရွယ်ကိုလိုက်ပြီး ရှိသင့်တဲ့အိပ်ချိန်တွေအကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

မွေးကင်းစကနေ အသက် ၁ နှစ်အရွယ်

ပျမ်းမျှအားဖြင့် မွေးကင်းစကလေးတွေက တစ်နေ့ကို ၁၄ နာရီကနေ ၁၇ နာရီအထိ အိပ်စက်ကြပါတယ်။ တစ်ခါတရံ အဲဒီထက်ကို အိပ်ချိန် ပိုများတတ်ပါတယ်။ မွေးကင်းစကလေးတွေကိုအချိန် ၂ နာရီခြားတစ်ခါ သို့မဟုတ် ၃ နာရီခြားတစ်ခါ နို့တိုက်သင့်ပါတယ်။

နို့မှုန့်တိုက်တဲ့ကလေးတွေအတွက်တော့ ၃ နာရီခြားတစ်ခါ သို့မဟုတ် ၄ နာရီခြားတစ်ခါ နို့တစ်ခါတိုက်သင့်ပါတယ်။ ကလေးမှာ ကိုယ်အလေးချိန် အနည်းငယ်တက်လာရင် ပိုပြီး ကြာကြာအိပ်ဖို့ လိုပါတယ်။ ယေဘုယျအားဖြင့် ကလေးအသက် တစ်နှစ်မတိုင်ခင်အထိ တစ်ရက်ကို ၁၂ နာရီကနေ ၁၆ နာရီအထိ အိပ်သင့်ပါတယ်။

အသက် ၁ နှစ်ကနေ ၂ နှစ်ကြား

အသက် ၁ နှစ်ကနေ ၂ နှစ်ကြားကလေးတွေအတွက် တရေးတမော အိပ်ချိန်အပါအဝင် တစ်နေ့ကို အိပ်ချိန် ၁၁ နာရီကနေ ၁၄ နာရီအထိ ရှိဖို့လိုအပ်ပါတယ်။ အိပ်ချိန်တွေက ကလေးတွေရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှုအတွက် လိုအပ်လို့ပါ။ အဲဒီအရွယ်ကလေးတွေက နေ့ဘက်မှာ နှစ်ကြိမ်လောက် ခဏတစ်ဖြုတ် အိပ်တတ်ကြပါတယ်။

အသက် ၂ နှစ်လောက်ဆိုရင်တော့ နေ့ဘက်မှာ တစ်နာရီထက်ပိုပြီး မအိပ်ကြတော့ပါဘူး။ အသက် ၁ နှစ်နဲ့ ၂ နှစ်ကြားကလေးတွေက ည ၇ နာရီနဲ့ ၉ နာရီကြား အိပ်ရာဝင်သင့်ပြီး မနက် ၆ နာရီနဲ့ ၈ နာရီကြား အိပ်ရာထသင့်ပါတယ်။

အသက် ၃ နှစ်ကနေ ၅ နှစ်ကြား

အသက် ၃ နှစ်နဲ့ ၅ နှစ်ကြား ကလေးတွေကို တစ်နေ့ကို ၁၀ နာရီကနေ ၁၃ နာရီလောက် အိပ်ချိန်ရှိဖို့ အကြံပေးကြပါတယ်။ ဒီအသက်အရွဘ်မှာလည်း နေ့ဘက်အိပ်တာက ကလေးတွေအတွက် အရေးပါဆဲပါပဲ။

ဒါပေမယ့် ကလေးတွေက နေ့ဘက်တွေမှာ သိပ်ပြီး မအိပ်ကြတော့ပါဘူး။ အသက် ၃ နှစ်ကနေ ၅ နှစ်အရွယ်ကလေးတွေအတွက် တိကျတဲ့အိပ်ချိန်ရှိဖို့ အရေးကြီးပါတယ်။

အသက် ၆ နှစ်ကနေ ၁၃ နှစ်ကြား

မူလတန်းအရွယ် ကလေးတွေအတွက် နေ့ဘက်အိပ်ချိန်တွေက အရေးပါနေဆဲပါပဲ။ ဒါပေမယ့် ဒီအသက်အရွယ်ကလေးတွေက နေ့ဘက်မှာ သိပ်ပြီး မအိပ်ကြတော့ပါဘူး။ ဒါပေမယ့် သူတို့အတွက် တစ်နေ့ကို အိပ်ချိန် ၉ နာရီကနေ ၁၂ နာရီအထိ လိုအပ်ပါတယ်။ ကလေးတွေက ကြီးလာတဲ့အခါ အိပ်ရာဝင်ချိန်တွေက နောက်ကျလာပါတယ်။

ည ၉ နာရီဝန်းကျင်လောက်က အသက် ၆ နှစ်ကနေ ၉ နှစ်အရွယ်ကလေးတွေအတွက် အိပ်ရာဝင်တဲ့အချိန်ပါ။ မိန်းကလေးတွေအတွက် အသက် ၁၀ နှစ်၊ ယောက်ျားလေးတွေမှာဆိုရင် အသက် ၁၂ နှစ်ရောက်ရင် အိပ်စက်ချိန်နဲ့ပတ်သက်ပြီး ပြဿနာတွေ ကြုံလာရပါတယ်။ မိဘတွေက အဲဒီပြဿနာတွေကို သတိပြုမိဖို့လိုပြီး အိပ်စက်ချိန် ကောင်းကောင်းမွန်မွန်ရအောင် ဂရုစိုက်ပေးသင့်ပါတယ်။

အသက် ၁၃ နှစ်မှ ၁၇ နှစ်ကြား

ဆယ်ကျော်သက်အရွယ်ကလေးတွေမှာတော့ ညဘက်အိပ်စက်ချိန်တွေက နည်းပါးလာပါတယ်။ တစ်ခါတရံ မအိပ်ဖြစ်တာတွေလည်း ရှိလာပါတယ်။ ဒါပေမယ့် အသက် ၁၃ နှစ်ကနေ ၁၇ နှစ်ကြား ကလေးတွေကတော့ တစ်နေ့ကို အိပ်ချိန် ၈ နာရီကနေ ၁၀ နာရီကြား ရှိသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments