ကြောင်လေးတွေ ဆို့နင်နေတာလား ချောင်းဆိုးနေတာလား ဆိုတာကို ဘယ်လိုခွဲခြားမလဲ

ကျန်းမာတဲ့ကြောင်လေးတွေမှာတောင် ပြင်ပအရာဝတ္ထုတစ်ခုခုက လည်ချောင်းထဲမှာ ပိတ်မိနေရင် အသက်ရှူရခက်ခဲပါတယ်။ အဲဒါကြောင့် ကြောင်လေးတွေရဲ့လည်ချောင်းမှာ တစ်ခုခု ပိတ်မိနေရင် ဖြစ်တတ်တဲ့ လက္ခဏာတွေနဲ့ ဘယ်လိုပြုလုပ်ပေးနိုင်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

ချောင်းဆိုးခြင်းနဲ့ ချောင်းဟက်ထုတ်ခြင်းရဲ့ ကွဲပြားပုံ

ဖုန်၊ အမှုန်၊ ကြောင်မွေးတွေက ကြောင်တွေရဲ့ လည်ချောင်းထဲဝင်သွားရင် ချောင်းဆိုးပါတယ်။ ချောင်းဆိုးသံက အသက်ရှူလမ်းကြောင်းကနေ လာပြီး သလိပ်သံနဲ့ ခက်ခက်ခဲခဲ အသက်ရှူရတဲ့အသံမျိုး ဖြစ်ပါတယ်။ အဲဒီလိုအသံဆိုရင် အသက်ရှူလမ်းကြောင်းထဲမှာ လေက အနည်းငယ် ဖြတ်သန်းသွားနေတဲ့ လက္ခဏာပါ။

ကြောင်ရဲ့ ပါးစပ် သို့မဟုတ် လည်ချောင်းထဲမှာ တစ်ခုခု ပိတ်မိနေပြီး လေလုံလုံလောက်လောက် မရတော့ရင်တော့ အဲဒါဟာ ဆို့နင်တာပါ။ အသက်ရှူလမ်းကြောင်းက လုံးဝပိတ်သွားပြီး ဘာအသံမှ မကြားရတော့ပါဘူး။

ကြောင်လေးတွေမှာ ဆို့နင်ပြီဆိုရင် ကြောက်လန့်တဲ့အမူအရာနဲ့ မျက်နှာကို လက်နဲ့ ပွတ်တာ၊ ခေါင်းကို ယမ်းခါတာ၊ မျက်နှာကို မြေကြီးနဲ့ ပွတ်တိုက်တာ၊ သွားရည်ကျတာ၊ လျှာနဲ့ သွားဖုံးတွေ အပြာရောင် သို့မဟုတ် ခရမ်းရောင်ဖြစ်လာတာ စတဲ့လက္ခဏာတွေ ပြပါတယ်။

ကြောင်လေးကို ဘယ်လိုပြုလုပ်ပေးသင့်လဲ။

အရင်ဆုံး စိတ်ကို ငြိမ်ငြိမ်ထားပြီး သင့်ကြောင်က ချောင်းဆိုးတာလား၊ ဆို့နင်တာလား ဆိုတာကို လေ့လာကြည့်ပါ။ ကြောင်လေးက အသက်ရှူနေရင် ဆို့နင်တာမဟုတ်ပါဘူး။

ဒါပေမယ့် အသက်ရှူလမ်းကြောင်းက တစ်စိတ်တစ်ပိုင်း သို့မဟုတ် အကုန်လုံးပိတ်သွားရင်တော့ အသက်ရှူလို့ မရတော့ပါဘူး။ ပိတ်နေတဲ့အရာကို ချက်ချင်းထုတ်ပေးဖို့ လိုအပ်ပါတယ်။

၁။ ပိတ်ဆို့နေတဲ့အရာကို မြင်ရရင် ဖယ်ရှားလိုက်ပါ။ အရင်ဆုံး ကြောင်လေးကို ငြိမ်အောင်ထားလိုက်ပါ။ ကြောင်ရဲ့လည်ပင်းမှာ ကြိုး၊ အပ်ချည်ကြိုး၊ သိုးမွေးကြိုးတွေပတ်နေရင် ကတ်ကြေးနဲ့ ဖြတ်ပေးလိုက်ပါ။

၂။ ကြောင်ရဲ့လည်ချောင်းထဲမှာ တစ်ခုခုပိတ်မိနေတဲ့အခါ လျှာကို ဆွဲထုတ်ပြီး ပိတ်မိနေတဲ့အရာကို ရှာဖွေပါ။ ကြောင်လေးကို အသက်ပြန်ရှူလို့ရအောင် အမြန်ဆုံးလုပ်ပါ။ ပိတ်ဆို့နေတဲ့အရာကို အတင်းဆွဲထုတ်လိုက်တာ၊ လည်ချောင်းထဲ တွန်းထုတ်လိုက်တာကို မလုပ်သင့်ပါဘူး။ လည်ချောင်းထဲမှာ တစ်ဆို့နေတဲ့အရာကို မမြင်ရရင် Heimlich maneuver နည်းကို အသုံးပြုပါ။

၃။ တစ်ဆို့နေတဲ့အရာက လည်ချောင်းအောက်ဘက်ကို ခပ်များများရောက်နေရင် Heimlich maneuver နည်းကို ပြုလုပ်ပါ။

- ကြောင်ရဲ့ကျောဘက်ကနေ ပွေ့ချီပါ။ ကြောင်ရဲ့ရင်ဘက်မှာ သင့်ရဲ့လက်ချောင်းတွေကို ထားပြီး အပေါ်ဘက်ကို တဖြည်းဖြည်းသပ်တင်ပါ။

- ကြောင်ရဲ့ကျောဘက်ကနေ ပွေ့ချီပြီး နံရိုးအောက်ဘက်ကနေ တစ်ဆို့နေတဲ့အရာကို ဖြည်းဖြည်းချင်း တွန်းတင်ပါ။ ပါးစပ်ကနေ ပိတ်ဆို့နေတဲ့အရာ ထွက်လာလား ဆိုတာကိုလည်း ကြည့်ဖို့မမေ့ပါနဲ့နော်။

- ကြောင်လေးက မရပ်နိုင်ဘူးဆိုရင် ဘေးစောင်းလှဲအိပ်ထားပါ။ ပြီးရင် တစ်ဆို့နေတဲ့အရာကို ဗိုက်နေရာကနေ ညင်ညင်သာသာ တွန်းပြီးတင်ပါ။ ဒီလိုအနေအထားတွေမှာ ကြောင်က အသက်ရှူလို့ရရင် တစ်ဆို့နေတဲ့အရာကို အန်ထုတ်နိုင်ပါတယ်။ ဒါပေမယ့် ကြိမ်ဖန်များစွာ စိတ်ရှည်ရှည်လုပ်ပေးဖို့တော့ လိုအပ်ပါတယ်။

၄။ အထက်ပါနည်းလမ်းတွေက အဆင်မပြေဘဲ ကြောင်က အသက်ရှူရခက်နေရင် တိရစ္ဆာန်အထူးကုဆေးခန်းကို မြန်မြန်သွားသင့်ပါတယ်။

ကြောင်လေးတွေကို ဆို့နင်မှုမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

- ကြောင်စားနေကျ အစားအစာတွေကို ဂရုတစိုက်ကြည့်ရှုပါ။

- ကြောင်လေးတွေ ဆော့နေကျအရာတွေကိုလည်း သတိထားကြည့်သင်ပါတယ်။ ရာဘာကြိုး၊ ချည်ကြိုး၊ စက္ကူညှပ်ကလစ်၊ အလူမီနီယမ်ခဲပြား၊ ပိုက်အတိုအစ စတဲ့အရာလေးတွေဥ ကြောင်လေးတွေ ဆော့နေရင်းနဲ့ မတော်တဆပါးစပ်ထဲ ဝင်သွားပြီး အသက်ရှူရခက်နေစေမှာပါ။

- ကြောင်ကို အစာကျွေးတဲ့အခါ မဆို့နင်အောင်လို့ အစားအစာကို အတုံးသေးသေးလေးတွေပဲ ကျွေးပါ။ ကြောင်လေးတွေအတွက် ငါးရိုးနဲ့ အခြားအရိုးတွေ ကျွေးတာက အသက်ရှူလမ်းကြောင်းမှာ အခက်အခဲ ဖြစ်စေနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments