နှုတ်ခမ်းထောင့်စွန်းလေးတွေ အက်ကွဲရတဲ့အကြောင်းအရင်းနဲ့ ကာကွယ်နိုင်မယ့်နည်းလမ်းများ

နှုတ်ခမ်းထောင့်လေးတွေ အက်ကွဲနေရင် အရမ်းကို နေရခက်ပြီး နာကျင်ပါတယ်။ နှုတ်ခမ်းထောင့်ကွဲတာက တစ်ခါတရံပေါ်လာတတ်ပြီး သတိမထားမိလိုက်ဘဲ သူ့ဘာသာသူလည်း ပျောက်သွားတတ်ပါတယ်။ တစ်ခါတရံမှာတော့ အချိန်အကြာကြီး နာကျင်နေတတ်ပါတယ်။

နှုတ်ခမ်းထောင့်အက်ကွဲတာကို angular cheilitis လို့ခေါ်ပြီး နှုတ်ခမ်းရဲ့ထောင့်နှစ်ဖက်လုံးမှာ ဖြစ်ပေါ်ပါတယ်။ လူအများစုကတော့ နှုတ်ခမ်းထောင့်အက်ကွဲတာကို ရေယုန်နဲ့ မှားတတ်ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ခုရဲ့ကွာခြားချက်ကိုလည်း သိထားဖို့လည်း အရေးကြီးပါတယ်။ ရေယုန်က ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး နှုတ်ခမ်းထောင့်အက်ကွဲတာကတော့ တစ်ဦးကနေ တစ်ဦးအလွယ်တကူ ကူးစက်တာပါ။

Angular cheilitis က အသက်အရွယ်ကြီးတဲ့လူကြီးတွေနဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။ လူလတ်ပိုင်းအရွယ်တွေမှာ သိပ်ပြီးဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ အသက်ကြီးသူတွေမှာ အသားအရေတွဲကျခြင်း၊ လေသင်တုန်းဖြတ်ခြင်းတို့ကြောင့် နှုတ်ခမ်းထောင့်အက်ကွဲတာ ဖြစ်ပေါ်ပါတယ်။

နို့စို့အရွယ်ကလေးတွေမှာတော့ တံတွေးတွေ အရမ်းများတာကြောင့် နှုတ်ခမ်းထောင့်အက်ကွဲသလို ချိုလိမ်ကြောင့်လည်း နှုတ်ခမ်းထောင့်အက်ကွဲပါတယ်။

နှုတ်ခမ်းထောင့် အက်ကွဲရတဲ့ အကြောင်းအရင်းများ

နှုတ်ခမ်းခြောက်သွေ့ခြင်း

တံတွေးတွေက နှုတ်ခမ်းထောင့်မှာ အများကြီးစုမိနေပြီး ခြောက်သွေ့သွားတဲ့အခါမှာတော့ နှုတ်ခမ်းအစွန်းလေးတွေ အက်ကွဲလာပါတယ်။ နှုတ်ခမ်းခြောက်နေတာကို စိုသွားဖို့အတွက် နှုတ်ခမ်းကို ခဏခဏသပ်ရင် ဘက်တီးရီးယားတွေပိုပြီး ပွားလာပါတယ်။

အံဝင်ခွင်ကျမဖြစ်တဲ့ အံကပ်

ကွက်တိမဖြစ်တဲ့အံကပ်ကို သုံးတဲ့အခါ တံတွေးတွေပိုထွက်လာပါတယ်။ စိုစွတ်နေတဲ့နေရာက ဘက်တီးရီးယားတွေ ပျော်ဖို့ အကောင်းဆုံးနေရာ ဖြစ်တာကြောင့် နှုတ်ခမ်းထောင့်စွန်းလေးတွေ နာကျင်တာက တော်တော်နဲ့ မပျောက်ကင်းနိုင် ဖြစ်နေတတ်ပါတယ်။

အလှအပပစ္စည်းများ

သက်တမ်းကျော်လွန်နေတဲ့ lip balm ကို အသုံးပြုတာကြောင့်လည်း နှုတ်ခမ်းထောင့်စွန်းလေးတွေ အက်ကွဲပါတယ်။ Lip balm လိမ်းပြီးနောက် နှုတ်ခမ်းထောင့်စွန်းအက်ကွဲတာ မသက်သာရင် ဆက်ပြီးမလိမ်းသင့်တော့ပါဘူး။ တစ်ခါတရံမှာ lip balm လိမ်းတာကြောင့် ပိုဆိုးသွားတတ်ပါတယ်။

Brace

Brace တပ်ထားတာကြောင့် နှုတ်ခမ်းထောင့်စွန်း အက်ကွဲရတာ မဟုတ်ပါဘူး။ ဒါပေမယ့် brace တပ်ထားရင် နှုတ်ခမ်းထောင့်စွန်းတွေ စိုစွတ်ပြီး ပိုးဝင်နိုင်ခြေပိုများတာပါ။

သံဓာတ်နဲ့ ဗီတာမင်ဘီချို့တဲ့ခြင်း

လေသင်တုန်းဖြတ်သူတွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ သံဓာတ်နဲ့ ဗီတာမင်ဘီ ချို့တဲ့တာကြောင့်ပါ။ အဲဒီကနေ အာဟာရ မမျှတတာကြောင့် နှုတ်ခမ်းထောင့်စွန်းလေးတွေ အက်ကွဲပါတယ်။

ဓာတ်မတည့်ခြင်း

နှုတ်ခမ်းနီ၊ သွားတိုက်ဆေး၊ ဝက်ခြံပျောက်ဆေး၊ ပီကေ၊ ပလုပ်ကျင်းဆေးတို့မှာပါဝင်တဲ့ ပစ္စည်းတွေနဲ့ ဓာတ်မတည့်တဲ့အခါမှာလည်း နှုတ်ခမ်းထောင့်စွန်းလေးတွေ နာကျင်ပါတယ်။

ပုံမှန်ပြုလုပ်နေကျ အကျင့်များ

နှုတ်ခမ်းကို မကြာခဏသပ်ခြင်း၊ ပီကေကို အချိန်အကြာကြီးဝါးခြင်း၊ ပါးစပ်မှာ သွားကြားထိုးတံကို အမြဲတပ်ထားခြင်း စတဲ့အမူအကျင့်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

နှုတ်ခမ်းထောင့်စွန်း အက်ကွဲတာကို ကာကွယ်နိုင်မယ့်နည်းလမ်းများ

နှုတ်ခမ်းထောင့်စွန်း အက်ကွဲတာကို မဖြစ်ပေါ်စေဖို့အတွက် နှုတ်ခမ်းက အရမ်းစိုစွတ်မနေသင့်သလို အရမ်းလည်း မခြောက်သွေ့နေသင့်ပါဘူး။

- အာဟာရမျှမျှတတစားပါ။

- ရေကို များများသောက်ပါ။

- သောက်ရေခွက်ကို သီးသန့်ထားပါ။

- အရေပြားဓာတ်မတည့်စေတဲ့ အရာတွေကို ရှောင်ကြဉ်ပါ။

- သက်တမ်းလွန်နေတဲ့ အလှအပပစ္စည်းတွေကို ရှောင်ကြဉ်ပါ။

- နှုတ်ခမ်းကို အရမ်းစိုစွတ်စေမယ့် အမူအကျင့်တွေကို ဖျောက်လိုက်ပါ။

Zombie (lovemedia)

Post a Comment

0 Comments