အသီးအနှံတွေ သဘာဝအတိုင်း အထွက်ကောင်းစေဖို့ နည်းလမ်း (၇ ) ခု

အသီးအနှံတွေက ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ဒါပေမယ့် သဘာဝနည်းနဲ့မဟုတ်ဘဲ ဖြတ်လမ်းနည်းတွေ အသုံးပြုထားတဲ့ အသီးအနှံတွေက ကျန်းမာရေးကို မကောင်းစေတဲ့အပြင် ပိုပြီးတော့ ထိခိုက်စေဦးမှာပါ။

ကျန်းမာရေးအတွက် အော်ဂဲနစ်အသီးအနှံတွေက အသင့်တော်ဆုံးပါ။ အော်ဂဲနစ်အသီးအနံတွေကို စိုက်ပျိုးတဲ့အခါ အသီးအနှံတွေ အထွက်ကောင်းအောင်လို့ သဘာဝနည်းလမ်းတွေနဲ့ ဘယ်လိုပြုလုပ်နိုင်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ သဘာဝမြေဩဇာအတွက် ကြက်ဥခွံ

ကယ်လ်ဆီယမ်ချို့တဲ့တဲ့ အပင်တွေက ကြီးထွားလာတော့မှာ မဟုတ်ပါဘူး။ အပင်အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်မရှိရင် အသီးထွက်နှုန်းတွေလည်း လျော့လာမှာပါ။ အဲဒါကို ကာကွယ်ဖို့အတွက် ကြက်ဥအခွံကို အသုံးပြုနိုင်ပါတယ်။

ကြက်ဥအခွံမှာ ကယ်လ်ဆီယမ်တွေ မြင့်မြင့်မားမား ပါဝင်ပါတယ်။ အပင်စိုက်တဲ့အခါ ကြက်ဥအခွံကို အမှုန့်ကို ဖြစ်အောင်ကြိတ်ပြီး မြေကြီးထဲကို ထည့်လိုက်ပါ။

၂။ အပင်ကို ငှက်တွေစားတဲ့ဒဏ်ကနေ ကာကွယ်ဖို့

ငှက်တွေက အပင်ကအသီးတွေကို ခဏခဏလာစားလို့ အသီးတွေ အလကားဖြစ်သွားရင် စိတ်မညစ်ပါနဲ့တော့။ ခရစ်စမတ်သစ်ပင်မှာ ချိတ်ဆွဲတဲ့ အနီရောင်ဘောလုံးလေးကို အပင်မှာချိတ်ဆွဲထားလိုက်ပါ။

ငှက်တွေက အနီရောင်ခရစ်စမတ်ဘောလုံးလေးကို ကိုက်ပြီး ပျံသွားတတ်ပါတယ်။ အနီရောင်ဘောလုံးလေးက စားလို့မရမှန်း ငှက်တွေ နားလည်သွားရင် နောက်လည်း မလာတော့ပါဘူး။

၃။ ကော်ဖီကြမ်းမှုန့်

ပတ်ကျိနဲ့ ခရုတွေ၊ ကြောင်တွေကြောင့် သင့်အပင်တွေ စားမရအောင် အလကားဖြစ်သွားမှာပါ။ ဒါကို တားမြစ်နိုင်ဖို့အတွက် အပင်စိုက်တဲ့အခါ မြေကြီးထဲမှာ ကော်ဖီကြမ်းမှုန့်ကို ထည့်ပြီး စိုက်ပျိုးပါ။ ကာဖိန်းဓာတ်က ခရု၊ ပတ်ကျိနဲ့ ကြောင်တွေကို အဝေးကို ထွက်ပြေးသွားစေပါတယ်။

၄။ အရောင်ခြယ်ထားတဲ့ကျောက်ခဲလေးများ

စိုက်ထားတဲ့ စတော်ဘယ်ရီသီးလေးတွေကို ငှက်တွေ၊ ခရုတွေက ခဏခဏလာစားနေရင် ဒီနည်းကအရမ်းအသုံးဝင်ပါတယ်။ ကျောက်ခဲလေးတွေကို စတော်ဘယ်ရီသီးလေးတွေလို ဆေးခြယ်ပြီး အပင်နားမှာ ထားထားလိုက်ပါ။

ငှက်တွေက ကျောက်တုံးကိုပဲ ကိုက်ချီပြီး ပျံသန်းသွားပါလိမ့်မယ်။ ခရုတွေကလည်း ကျောက်တုံးမှန်းသိသွားတဲ့အခါ အဆင်မပြေဖြစ်ပြီး နောက်ကို လာမစားနိုင်တော့ပါဘူး။

၅။ အဝတ်ခြင်း

စတော်ဘယ်ရီသီးလေးတွေကို စိုက်တဲ့အခါ နေရာမရှိဘူးဆိုရင် ဒီနည်းလမ်းက အရမ်းကို အလုပ်ဖြစ်ပါတယ်။ အပေါက်သေးလေးတွေပါတဲ့ အဝတ်ခြင်းတစ်ခုကို ရွေးချယ်လိုက်ပါ။ ပြီးရင် ခြင်းထဲကို ဂုန်နီအိတ်ထည့်ပြီး အပေါက်လေးတွေဖောက်ပါ။

အဲဒီနောက်မှာမှ မြေကြီးထည့်ပြီး အပေါက်လေးတွေကတစ်ဆင့် စတော်ဘယ်ရီကို စိုက်ပါ။ ဒီနည်းလမ်းက ငွေကုန်သက်သာ၊ အချိန်ကုန်သက်သာ၊ နေရာမယူဘဲ စတော်ဘယ်ရီကိုလည်း များများသီးစေပါတယ်။

၆။ မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါက လူသားတွေအတွက် အများကြီး အကျိုးပြုပါတယ်။ မုန့်ဖုတ်ဆိုဒါက သွားတွေကို ဖြူစင်စေသလို အစွန်းအထင်းတွေကိုလည်း ဖယ်ရှားပေးပါတယ်။ အပင်စိုက် ဝါသနာပါသူတွေအတွက် မုန့်ဖုတ်ဆိုဒါက မှိုတွေမဖြစ်လာအောင် ကာကွယ်ပေးပါတယ်။

နှင်းဆီ၊ စပျစ်ပင်တွေမှာ မှိုတွေရှိနေရင် မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်း ၄ ဇွန်းနဲ့ ရေတစ်ဂါလံကို ရောမွှေပြီး အပင်ပေါ်ကို လောင်းလိုက်ပါ။ ဒီနည်းက မှိုမျိုးမှုန်တွေ မဖြစ်လာစေတော့ဘဲ အပင်ကိုလည်း ကြီးထွားနှုန်းမြန်စေပါတယ်။

၇။ ကြက်ဥထည့်တဲ့ကတ်

မျိုးစေ့လေးတွေကို ပျိုးပင်အတွက် ပျိုးတော့မယ်ဆိုရင် နေရာကို တကူးတက ရှာနေစရာ မလိုတော့ပါဘူး။ ကြက်ဥထည့်တဲ့ ကတ်လေးထဲမှာ မြေကြီးထည့်ပါ။ ပြီးရင် မျိုးစေ့လေးတွေ ထည့်လိုက်ပြီး ရေလောင်းလိုက်ပါ။

အဲဒီနောက် နွေးတဲ့နေရာမှာ ထားပါ။ အပင်ပေါက်လေးတွေ ထွက်လာပြီဆိုရင် အပင်ကို နေရာရွှေ့စိုက်လို့ရပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments