သင့်ခွေးလေး သင့်ကိုအချစ်ပိုတိုးလာအောင် ဒီနည်းလမ်းလေး (၇) ခုကို အသုံးပြုပါ

ခွေးလေးတွေက အရမ်းကို သစ္စာရှိတတ်ကြပြီး အားကိုးရပါတယ်။ အဖော်လည်းရသလို လူကိုလည်း စိတ်ပျော်ရွှင်စေပါတယ်။ ခွေးလေးတွေအတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အစားအစာနှင့် အမိုးအကာတွေ အပြင် ခွေးပိုင်ရှင်တွေက ခွေးလေးတွေနဲ့ ပိုမိုခိုင်မာတဲ့နှောင်ကြိုးကို ဖန်တီးဖို့လည်း လိုအပ်ပါတယ်။

၁။ မကြာခဏ အတူတူ လမ်းလျှောက်ပါ

ခွေးလေးတွေက လမ်းလျှောက်တာကို သဘောကျပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့အပြင် သူတို့ကို ပျော်စေပါတယ်။ လမ်းလျှောက်ထွက်တဲ့အချိန်က သင်တို့နှစ်ယောက် စိတ်ချင်းပေါင်းစပ်ဖို့ အချိန်ကောင်းပါပဲ။

ဒါကြောင့် အချိန်လေးတစ်ခု သတ်မှတ်ပြီးတော့ သင့်ခွေးနဲ့တူတူ လမ်းလျှောက်ထွက်သင့်ပါတယ်။ လမ်းလျှောက်ရင် မြန်မြန်မလျှောက်ပဲနဲ့ ဖြေးဖြေးပဲလျှောက်ပါ။ ခွေးရှေ့မှာလည်း ကာစီးကာစီး မလုပ်သင့်သလို ဖုန်းသုံးရင်းနဲ့လည်း မလျှောက်သင့်ပါဘူး။

ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီး ဖြစ်သလို သင့်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ဖုန်းမကိုင်တာက ဗွက်အိုင်ထဲ ဆင်းဆော့တာတွေ၊ ခြုံထဲပြေးဝင်တာမျိုးတွေ မဖြစ်အောင် ဂရုစိုက်နိုင်စေပါတယ်။

- သင့်ခွေးနဲ့ လမ်းလျှောက်တဲ့အချိန် မြေကြီးကို အနံ့ခံခိုင်းဖို့က အလွန်အရေးကြီးပါတယ်။ အခြေခံအားဖြင့် ခွေးတွေက အနံ့နဲ့ ကမ္ဘာကြီးကို မြင်ကြပါတယ်။ ဒါကြောင့် သူတို့ကို နှာခေါင်းနဲ့ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာခွင့်ပေးပြီး လမ်းလျှောက်နေတဲ့အချိန် အလျင်စလို မလျှောက်ဖို့လိုပါတယ်။

၂။ အရသာရှိတဲ့ မုန့်လေးတွေ ကျွေးပါ။

"လူ၏စိတ်နှလုံးသို့ သွားရာလမ်းသည် သူတို့၏ အစာအိမ်မှဖြစ်သည်" ဆိုတဲ့ စကားက လူသားတွေအတွက်သာမကပဲ ခွေးတွေအတွက်လည်း မှန်ကန်ပါတယ်။ သူတို့ကြိုက်တဲ့ မုန့်လေးတွေက ကျွေးပေးတာက သူတို့ဆီက အချစ်ကိုရဖို့ အကောင်းဆုံးနည်းပဲ ဖြစ်ပါတယ်။

ဒါပေမယ့် လိုတာထက် ပိုမကျွေးမိဖို့တော့ ဂရုစိုက်ပါ။ မုန်လာဥနီ၊ ဆယ်လ်မွန်နှင့် မြေပဲထောပတ်လိုမျိုး ကျန်းမာရေးနှင့်ညီညွတ်တဲ့ သရေစာတွေပဲ ကျွေးပါ။ မုန့်မကျွေးခင် သင့်ခွေးကို ထိုင်ခိုင်း၊ ငြိမ်ငြိမ်နေပြီး အိပ်ခိုင်းသင့်ပါတယ်။ လိမ္မာတဲ့အပြုအမှုတွေလည်း တိုးလာစေသလို သက်သက်ကြီး လေ့ကျင့်ပေးစရာ မလိုတော့ပါဘူး။

၃။ သင့်ခွေးကို လေ့ကျင့်ပေးပါ။

ခွေးကို လေ့ကျင့်ပေးတယ် ဆိုတာထက် သင်တို့ချင်း အချစ်တွေပိုတိုးအောင် လုပ်နေတယ်လို့ ယူဆထားသင့်ပါတယ်။ မတူညီတဲ့ မျိုးစိတ်နှစ်ခုဖြစ်နေတဲ့အတွက် ဘာသာစကားတွေနဲ့ ပြောလို့မရပဲ အပြုအမှုတွေ၊ အလေ့အကျင့်တွေနဲ့ပဲ နီးစပ်အောင် လုပ်လို့ရပါတယ်။ အရုပ်လေးတွေ၊ မုန့်လေးတွေ ဝယ်ပေးခြင်းက သူတို့ကို ကြင်နာတယ်၊ ဂရုစိုက်တယ်လို့မြင်တာကြောင့် သင့်ကို ပိုချစ်လာမှာကတော့ အသေအချာပါပဲ။

၄။ သင့်အခန်းထဲ ခေါ်သိပ်ပါ။

လူအများစုက အခန်းထဲမှာ ခွေးကို ခေါ်အိပ်တာနဲ့ ပတ်သက်ပြီး အမြင်တွေမတူကြပါဘူး။ တချို့ကလည်း ခွေးကိုချစ်လို့ အိပ်ယာပေါ်ထိတင်ပြီး အိပ်ကြသလို တချို့တွေကလည်း ခွေးအတွက် အိပ်ယာသက်သက်ပြင်ပေးပြီး အောက်မှာသိပ်တတ်ကြပါတယ်။ တကယ်တော့ အိပ်ယာပေါ် တင်မသိပ်လည်း ရပါတယ်။

အခန်းထဲကို ဝင်အိပ်ရတယ် ဆိုကတည်းက ခွေးလေးတွေက ပျော်နေကြပါပြီ။ သူတို့စိတ်ထဲမှာ ပိုင်ရှင်က သိပ်ချစ်တတ်တာပဲလို့ တွေးမိကြပါတယ်။ သင့်အခန်းထဲမှာ ထားပြီးသိပ်ရုံနဲ့ကို အချစ်တွေတိုးနိုင်သလို သင့်ဘေးကို ခေါ်အိပ်မယ်ဆိုရင်တော့ ပိုလို့တောင် ချစ်နိုင်ပါတယ်။

၅။ သင့်ခွေးရဲ့ အကျင့်တွေကို လေ့လာပါ။

တချို့ခွေးမျိုးစိတ်တွေက သီးသန့်နေရတာကို ကြိုက်ကြပါတယ်။ Labrador တွေက ရေကူးရတာကို ကြိုက်ပြီး Spaniels တွေကတော့ ဟိုရှာဒီရှာလုပ်ရတာကို ကြိုက်ကြပါတယ်။ ဒါကြောင့် သင့်ခွေးလေးရဲ့ အကျင့်တွေ၊ အပြုအမှုတွေ၊ သဘာဝတွေကို လေ့လာပါ။

သူတို့ကြိုက်နှစ်သက်တာလေးတွေကို လိုက်လုပ်ပေးပြီး သင့်ကို ချစ်ခင်လာအောင် လုပ်ပါ။ ဒီလိုလိုက်လုပ်ပေးတာက အလုပ်တော့ နည်းနည်းရှူပ်နိုင်ပေမယ့် အချိန်ကုန်ရတာ တကယ်ကို အကျိုးရှိပါတယ်။

၆။ ခွေးလေးနဲ့ အတူတူခရီးထွက်ပါ။

ခွေးလေးတွေနဲ့ ခရီးထွက်ရတာ တကယ်ကို ပျော်ဖို့ကောင်းပါတယ်။ အတွေ့အကြုံသစ်တွေလည်း ရစေသလို ခွေးလေးကိုလည်း အချစ်တိုးစေပါတယ်။ တူတူခရီးသွားမယ် ဆိုရင်တော့ ကာကွယ်ဆေးထိုးနှံခြင်း၊ အစားအသောက်နှင့် အရုပ်တွေကို သေချာထုပ်ပိုးလာခြင်း စတဲ့လုပ်ဆောင်ချက်လေးတွေတော့ ရှိပါမယ်။ တစ်ခုသတိထားစရာကတော့ ကားအပြင်ဘက်ကို ခေါင်းသိပ်မထွက်မိစေဖို့ပါပဲ။

၇။ ခွေးလေးကို အချိန်ပေးပါ။

သင်က အမြဲတမ်း အဝေးမှာရှိနေရင် သင့်ကို သူတို့ရဲ့ အဓိက စောင့်ရှောက်သူအဖြစ် မမြင်နိုင်လို့ သင့်ခွေးရဲ့ ချစ်ခင်မှုကို ရနိုင်မှာမဟုတ်ဘူး။ ခွေးလေးတွေကလည်း သံယောဇဉ်တွယ်ပြီး ချစ်တတ်တဲ့သတ္တဝါတွေ ဖြစ်တာကြောင့် အပေါင်းအသင်းတွေကို တောင့်တကြပါတယ်။

ဒါကြောင့် သင့်ခွေးကို အချိန်များများပေးနိုင်လေ ကောင်းလေပါပဲ။ အလုပ်တွေ မအားဘူးဆိုရင်တောင် ခွေးလေးအတွက် အချိန်တစ်ခုတော့ ပေးပါ။ သင့်ရဲ့ခွေးကို ချစ်ဖို့ အကောင်းဆုံးနည်းလမ်းက သင့်ဘဝရဲ့ ကဏ္ဍတိုင်းမှာ ထည့်သွင်းထားဖို့ပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments