ခေါင်းလျှော်ရည်တွေက တစ်ခါတရံမှာ ဆံပင်တွေကို ဖွာသွားစေတာကြောင့် hair conditioner ကို အသုံးပြုကြပါတယ်။ Hair conditioner မှာ ဆံသားတွေကို နူးညံ့စေတဲ့အစွမ်းတွေရှိပါတယ်။
Hair conditionerက အမျိုးအစား အများကြီးရှိတာကြောင့် ဆံပင်ပေါ်မူတည်ပြီး ဘယ်လိုရွေးချယ်သင့်လဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။
Hair conditioner အမျိုးအစားများ
Rinse-out conditioner ကတော့ လူအများနဲ့ ရင်းနှီးပြီးသားပါပဲ။ ခေါင်းလျှော်ရည်နဲ့ ဆံပင်ကို လျှော်ပြီးနောက်မှာ Rinse-out conditioner ကို အသုံးပြုကြပါတယ်။ ဆံသားကို နူးညံ့စေပြီး အပူဒဏ်ကနေ ကာကွယ်ပေးတာကြောင့် လူသုံးများကြပါတယ်။
Deep conditioner ကတော့ ဆံသားအရမ်းပျက်နေတဲ့သူတွေ၊ ခြောက်သွေ့နေသူအတွက် ဆံသားအထဲအထိ ကောင်းမွန်စေပါတယ်။ ဒါပေမယ့် ဆံပင်က အရမ်းအဆီပြန်တတ်သူဆိုရင်တော့ Rinse-out conditioner ကို မသုံးတာပိုကောင်းပါတယ်။ သုံးလိုက်တဲ့အခါ ဆံပင်က ပိုပြီးအဆီပြန်လာလို့ပါ။
Leave-in conditioner ကတော့ ဆံပင်ပါးသူ၊ ဆံပင်ကောက်သူတွေအတွက် ရွေးချယ်သင့်တဲ့ အမျိုးအစားပါ။ သုံးရတာလွယ်ကူပြီး ဆံပင်ကိုလည်း ရေဓာတ်ဖြည့်ပေးပါတယ်။
Rinse-out conditioner ကို အသုံးပြုနည်း
- ခေါင်းလျှော်ရည်အသုံးပြုပြီးနောက် ဆံပင်ကို ရေဆေးချလိုက်ပါ။
- ဆံပင်ထူသူဆိုရင် ဆံပင်ကို နှစ်ခြမ်းခွဲလိုက်ပါ။ Rinse-out conditioner ကို လိုအပ်သလောက်ယူပြီး ဆံသားပေါ်မှာ လိမ်းလိုက်ပါ။ conditioner ကို ဦးရေပြားကိုမထိဖို့တော့ သတိထားသင့်ပါတယ်နော်
- အဲနောက် ဆံပင်ကို တဘက် သို့မဟုတ် ရေချိုးဦးထုပ်နဲ့ ပေါင်းထားလိုက်ပါ။ အဲဒီလိုပေါင်းထားတဲ့အခါ conditioner က ဆံသားတွေအထဲ ပိုဝင်ပြီး ဆံပင်က ပိုပြီးနူးညံ့ပါတယ်။
- အချိန်ခဏကြာရင်တော့ conditioner တွေကို ရေဆေးချလိုက်လို့ရပါပြီ။
Deep conditioner ကို အသုံးပြုနည်း
- ဆံပင်အထူအပါးပေါ်မူတည်ပြီး Deep conditioner ကို ယူလိုက်ပါ။
- ထုတ်လုပ်တဲ့ ပစ္စည်းပေါ်မူတည်ပြီး Deep conditioner က ဆံပင်စိုနေတဲ့အချိန် သို့မဟုတ် ဆံပင်ခြောက်နေတဲ့အချိန်မှာ အသုံးပြုနိုင်ပါတယ်။ အဲဒါကြောင့် အညွန်းကို အရင်ဖတ်သင့်ပါတယ်။
- အညွန်းမှာရေးထားတဲ့အတိုင်း conditioner ကို ဆံပင်မှာ ၁၀ မိနစ်ကနေ မိနစ် ၃၀ အထိ ပေါင်းထားပါ။
- မိနစ် ၃၀ ခန့်ကြာပြီးတဲ့အခါ conditioner တွေကို ရေဆေးချလိုက်ပါ။
Leave-in conditioner ကို အသုံးပြုနည်း
- ဆံပင်ကို ရေနဲ့ဆေးချပြီးနောက် စိုအောင်ထားလိုက်လို့လည်းရသလို အနည်းငယ်ခြောက်အောင် သုတ်လိုက်လို့လည်း ရပါတယ်။
- Leave-in conditioner ကို ယူပြီး ဆံပင်မှာ လိမ်းလိုက်ပါ။
- ပြီးရင်တော့ ဆံပင်ကို ဘီးကြဲတဲ့ခေါင်းဘီးနဲ့ ဖြီးလိုက်ပါ။
- Leave-in conditioner ကတော့ နာမည်နဲ့လိုက်ဖက်အောင်ပဲ ရေဆေးချစရာမလိုဘဲ ဒီတိုင်းထားလိုက်လို့ ရပါတယ်။
Zombie (lovemedia)
0 Comments