သင့်ကလေး တဖြည်းဖြည်းချင်း ရိုင်းပျလာရတဲ့အကြောင်းအရင်း (၅) ချက်

သင့်ကလေးက ယခင်က လိမ္မာယဉ်ကျေးသူဖြစ်ပြီး တဖြည်းဖြည်း ရိုင်းပျလာတယ် ဆိုရင်တော့ လျစ်လျူရှုမထားသင့်ပါဘူး။ အဲဒါကြောင့် ကလေးတွေကို ရိုင်းပျသူတစ်ယောက် ဖြစ်သွားစေတဲ့ အကြောင်းအရင်းတွေထဲက အချက်အချို့ကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ လူကြီးသူမတွေနဲ့ တွေ့ချိန်နည်းပါးခြင်း

သင်က အလုပ်များသူ ဖြစ်တာကြောင့် ကလေးကို တစ်ယောက်တည်း ထားထားတဲ့အချိန်တွေ များရင်များနေပါလိမ့်မယ်။ ကလေးတွေကို လိမ္မာယဉ်ကျေးသူ ဖြစ်လာစေဖို့အတွက် ငယ်စဉ်ကတည်းက ပြောပြထားပေးဖို့ လိုပါတယ်။

သင်က အချိန်မပေးနိုင်တဲ့အခါ ဦးလေးတွေ၊ အဒေါ်တွေ၊ အဘိုးတွေ၊ အဘွားတွေနဲ့ အပ်နှံထားတာက ကလေးကို ဆိုဆုံးမဖို့ အချိန်တွေ ပိုရစေပါတယ်။ တစ်ယောက်တည်း အထီးကျန်တဲ့ကလေးက အသက်ကြီးလာတဲ့အခါ လူမှုဆက်ဆံရေးကို အားနည်းသွားစေပါတယ်။

၂။ အရမ်းအလိုလိုက်ခြင်း

ကလေးကို အလိုလိုက်တာက ချစ်ရာမကျဘဲ နှစ်ရာကျသွားတတ်ပါတယ်။ သင့်ကလေးရဲ့အပြုအမူအပြောအဆိုတွေ လွဲမှားနေရင် ချက်ချင်းပြုပြင်ပေးဖို့ လိုအပ်တယ်။

မပြုပြင်ပေးဘဲ အလိုလိုက်ထားရင် ကလေးက သူ့ရဲ့အပြုအမူကို အမှားအမှန်မသိတော့ဘဲ ရိုင်းသထက် ရိုင်းပျနေတော့မှာပါ။ ကလေးတွေက လျင်လျင်မြန်မြန် သင်ယူတတ်တာကြောင့် သူတို့ရဲ့အပြုအမူတွေ မှားယွင်းနေတဲ့အခါ အလိုမလိုက်ဘဲ ပြုပြင်ပေးသင့်ပါတယ်။

၃။ မိဘတွေက အလွယ်လမ်းကို လိုက်ခြင်း

မိဘတွေက အလုပ်များတဲ့အခါ ကလေးတွေကို မပျင်းအောင်လို့ ဖုန်းတွေ၊ တက်ဘလက်တွေ ပေးထားတတ်ပါတယ်။ ကလေးတွေကို ဖုန်းအသုံးပြုဖို့ ခွင့်ပြုထားပြီဆိုရင် သူကြည့်တတ်တဲ့အရာတွေကို လေ့လာကြည့်ဖို့ လိုပါတယ်။

ကလေးကြည့်တတ်တဲ့ ဇာတ်ကားတွေ၊ သီချင်းတွေမှာ ရိုင်းပျတဲ့အပြုအမူ၊ အပြောအဆိုတွေပါရင် ကလေးတွေက လျင်လျင်မြန်မြန် အတုခိုးတတ်ပါတယ်။ အဲဒါကြောင့် ကလေးကို ငြိမ်စေဖို့အတွက် ဖုန်းအသုံးပြုခွင့်ပေးမယ့်အစား စာဖတ်တတ်တဲ့ အကျင့်ဖြစ်အောင် ပျိုးထောင်တာက ပိုပြီးကောင်းမွန်ပါတယ်။

၄။ ကလေးကို တာဝန်ယူတတ်သူဖြစ်အောင် သင်ကြားပေးခြင်း

ကလေးတွေက တစ်သက်လုံး ကလေးဖြစ်နေမယ့်သူ မဟုတ်တာကြောင့် လုပ်ရပ်တွေအပေါ်မှာ နောက်ဆက်တွဲ အကျိုးရလဒ်တွေ၊ တာဝန်ခံမှုတွေရှိကြောင်း သင်ပြပေးဖို့ လိုအပ်ပါတယ်။ သင်က ကလေးကို အထူးအခွင့်အရေးတွေ ပေးထားရင် အထူးအခွင့်အရေးနဲ့အတူ တာဝန်သိတတ်မှုကလည်း လိုက်ပါလာကြောင်း ပြောပြပေးပါ။

၅။ ကလေးတွေကို အချိန်တွေ ပုံအောပြီးပေးထားခြင်း

မိဘတွေက ကလေးတွေကို ပြုစုပျိုးထောင်ရတယ် ဆိုပေမယ့် မိဘတွေအတွက်လည်း ကိုယ်ပိုင်အချိန်က လိုအပ်ပါသေးတယ်။ မိဘတွေနားနေချိန်မှာ မနှောင့်ယှက်သင့်ကြောင်း၊ အမြဲဂျီမကျနေသင့်ကြောင်း၊ သူတစ်ပါးရဲ့ကိုယ်ပိုင်အချိန်ကို လေးစားမှုထားသင့်ကြောင်း ပြောပြပေးပါ။

အဲဒီအခါ ကလေးတွေက သူတစ်ပါးအပေါ်မှာ ဘယ်လိုဂရုစိုက်ရမယ်၊ ဘယ်လိုလေးစားမှုပေးရမယ် ဆိုတာကို နားလည်သွားပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments