ကလေးတွေ စကားနားမထောင်တဲ့အခါ မိဘတွေသုံးနိုင်တဲ့ နည်းလမ်း (၁၀) မျိုး

ကလေးတွေဆိုတာက အမြဲတမ်း ကလန်ကဆန်နဲ့ပါ။ ငယ်သေးလို့ မသိသေးတာပဲဖြစ်ဖြစ်၊ သူတို့မလုပ်ချင်ကြတာပဲဖြစ်ဖြစ် စကားနားမထောင်တတ်ကြပါဘူး။ ဒီလိုနားမထောင်တဲ့အခါ ရိုက်ပုတ်ပြီး ပြောနေစရာမလိုပါဘူး။ သူတို့နားဝင်အောင် ပြောပြီး လိုက်နာအောင်လုပ်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

၁။ သင့်ကလေးက အစားမစာတာပဲဖြစ်ဖြစ်၊ ကုန်အောင်မစားတာပဲဖြစ်ဖြစ် လုပ်နေတဲ့အခါ

ကျန်းမာရေးအတွက် စားဖို့လိုတယ်လို့ ပြောသင့်ပါတယ်။ သင့်ကလေးက အစာမစားချင်ရင် အရမ်းကြီးဖိအားပေးပြီး မစားခိုင်းပါနဲ့။ အစာက ခန္တာကိုယ်အတွက် ဘယ်လိုလိုအပ်တယ် ဆိုတာကို ပြောပြပြီး သူတို့စိတ်နဲ့စားအောင် ပြောပြပေးပါ။

၂။ သူတို့ရဲ့ အခန်းကို သန့်ရှင်းရေး မလုပ်တဲ့အခါ

ကိုယ်တိုင်လုပ်မလား ဒါမှမဟုတ် လုပ်ကူပေးရမလားလို့ မေးပါ။ သင့်စကားကို နားမထောင်ရင် စိတ်တိုဒေါသထွက်တာက ပုံမှန်ပါပဲ၊ ဒါပေမယ့် “ချက်ချင်းလုပ်၊ သားကို အကြိမ်ကြိမ်ပြောပြီးပြီနော်"ဆိုပြီး သူတို့ကို မခြိမ်းခြောက်ပါနဲ့။ သူတို့ကို ရွေးချယ်ခွင့်ပေးပြီး တွန်းအားမပေးတာက ပိုကောင်းပါတယ်။

၃။ အပြင်သွားခါနီးတိုင်း သင့်ကလေးက အဆင်သင့် မဖြစ်သေးတဲ့အခါ

အခုပဲအပြင်သွားမလား ဒါမှမဟုတ် နောက်ထပ် ၁၀ မိနစ်လောက် နောက်ကျပြီးမှသွားမလား ဆိုတာကို မေးပါ။ တစ်ခါတလေမှာ ကလေးတွေက အရမ်းကို စိတ်တိုဖို့ကောင်းအောင် လုပ်တတ်ကြပါတယ်။ ကိုယ်က အပြင်သွားစရာရှိတာပဲဖြစ်ဖြစ်၊ သူတို့သူငယ်ချင်းအိမ်ကနေ မပြန်ချင်တာပဲဖြစ်ဖြစ် အချိန်ဆွဲနေတတ်ကြပါတယ်။ အကြိမ်ရေဘယ်လောက်ပြောပြော ဒီတိုင်းက ဒီတိုင်းပါပဲ။ ဒါကြောင့် စိတ်မတို၊ ဒေါသမထွက်ပဲနဲ့ သူတို့ကို အေးအေးဆေးဆေးဆေးမေးပါ။

၄။ သင့်ရဲ့ ကလေးက ပြောစကားနားမထောင်တဲ့အခါ

ကလေးတွေဟာ သူတို့ရဲ့ အမူအရာနဲ့ မကျေနပ်ချက်တွေကို ပြတတ်ပါတယ်။ ပျင်းနေတယ်၊ ပျော်နေတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ထုတ်မပြောပေမယ့် ငိုတာတွေ၊ ဂျစ်ကန်ကန်လုပ်တာတွေ၊ အရုပ်တွေကို ပစ်ပေါက်ပြီးတော့ သူတို့ရဲ့ ခံစားချက်ကို ပြတတ်ပါတယ်။ ဒါကြောင့် သူတို့ဘာတွေဖြစ်နေတယ် ဆိုတာကို သိဖို့ ပွင့်ပွင့်လင်းလင်းမေးပါ။

၅။ ကလေးက အရုပ်လိုချင်နေပြီး သင့်မှာဝယ်ပေးဖို့ ပိုက်ဆံမရှိတဲ့အခါ

ဒီနှစ် မွေးနေ့မှာ ဝယ်ပေးမယ်လို့ပြောပါ။ အပြင်တစ်နေရာရာသွားလို့ သင့်ကလေးက အရုပ်လိုချင်နေတယ်ဆိုရင် မဝယ်ပေးဘူး မပြောလိုက်ပါနဲ့။ ပိုက်ဆံမရှိဘူးလို့လည်း မပြောလိုက်ပါနဲ့။ ဒီစကားက ကလေးတင်မကပဲ လူကြီးပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် လိမ်လိမ်မာမာနေရင် မွေးနေ့ရောက်ရင် ဝယ်ပေးမယ်လို့ပြောတာက ပိုထိရောက်ပါတယ်။

၆။ စားပွဲပေါ်မှာ ပန်းကန်တွေ အမြဲရှိနေတဲ့အခါ

ဒါကို ပန်းကန်ဆေးဇလုံထဲ ထည့်ပေးပါလားလို့ ပြောပါ။ ကလေးတွေဆိုတာက စားပြီးသောက်ပြီးတာနဲ့ ပန်းကန်ကိုထားပြီး ထွက်သွားတတ်ပါတယ်။ ပြန်လာသိမ်းတို့၊ ပန်းကန်ကို ဒီတိုင်းမထားခဲ့နဲ့လို့ မပြောပါနဲ့။ သားလေးရေ ဒီပန်းကန်လေးကို ဆေးတဲ့နား သွားထားပေးပါလားလို့ ညင်ညင်သာသာ ပြောပေးပါ။

၇။ ကလေးက သင့်စကားကို အမြဲနားထောင်တဲ့အခါ

သားလေးက လိမ်မာလိုက်တာ၊ သားလို ကလေးလေးကို ရထားတာ အရမ်းကံကောင်းတာပဲလို့ ပြောပေးပါ။ ကလေးတွေ စကားနားမထောင်တဲ့အခါ စိတ်တိုရပေမယ့် သူတို့တွေ ကိုယ့်စကားကို လိုက်နာနေတဲ့အခါမှာလည်း ကြည်နူးဖို့ကောင်းပါတယ်။ သူတို့ရဲ့ ကောင်းမွန်တဲ့ အပြုအမူကို လျစ်လျူမရှုပါနဲ့။ အမြဲတမ်းချီးကျူးပေးပါ။ ဒီလိုချီးကျူးပေးရင် နောက်ဆို သင့်စကားကို နားထောင်ဖို့ ဝန်မလေးတော့ပါဘူး။

၈။ သင့်ကလေး တစ်ခုခုလုပ်နေတာကို ရပ်စေချင်တဲ့အခါ

စာအုပ်လေးဖတ်ခိုင်းတာဖြစ်ဖြစ်၊ အလုပ်တစ်ခုခုကိုပဲဖြစ်ဖြစ် ကူလုပ်ခိုင်းလိုက်ပါ။ သင်က အလုပ်လုပ်နေတဲ့အချိန် သင့်ကလေးဆော့ကစားတာက ဆူညံနေရင် အော်ဟစ်ပြီးတော့ မရပ်ခိုင်းပါနဲ့။ သူတို့ အာရုံပြောင်းသွားအောင် တခြားတစ်ခုကို ပြောင်းလုပ်ခိုင်းလိုက်ပါ။

၉။ သင့်ရဲ့ကလေးကို မိမိကိုယ်ကိုယ် တန်ဖိုးထားမှု တိုးလာစေချင်ရင်

ဒါတွေ အကုန် သားလုပ်နိုင်တာပဲလို့ ပြောပေးပါ။ သင့်ကလေးကို မိမိကိုယ်ကိုယ် လေးစားမှုကို မြှင့်တင်ဖို့ ကောင်းမွန်တဲ့အပြုအမူနှင့် လွတ်လပ်မှုကို အားပေးပါ။ ကောင်းတဲ့နည်းလမ်းနဲ့ တုံ့ပြန်ဖို့ အရေးကြီးပြီး ဒါတွေဟာ ကလေးကို ကောင်းတဲ့အရာတွေ ပိုမိုပြုလုပ်လာဖို့ တွန်းအားပေးနိုင်ပါတယ်။

၁၀။ သင့်ကလေးက စကားနားမထောင်ရင်တောင် သင့်အချစ်ကို ပြသပေးပါ။

ဘာပဲဖြစ်ဖြစ် သားကို ချစ်တယ်လို့ ပြောပြပေးပါ။ သင့်ကလေးက ဆိုးသွမ်းနေတယ်ဆိုရင်တောင် သူတို့ကို ပွေ့ဖက်နမ်းရှုံ့ပေးပါ။ ကြမ်းတမ်းတဲ့နည်းလမ်းကို သုံးတာက သူတို့စိတ်ကိုပြောင်းလဲစေမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ကို ချစ်တယ်လို့ မကြာခဏပြောပေးပြီး ဂရုစိုက်ပေးပါ။

Zombie (lovemedia)

Post a Comment

0 Comments